လူကာကူ ခြေချင်းဝတ်ဒဏ်ရာရခဲ့၍ ဘော့စနီးယား၊ ဆိုက်ပရပ်စ်ပွဲများ မရေရာ

 

မန်ယူအသင်းတွင် ခြေစွမ်းပြ ဂိုးများသွင်းနေသော တိုက်စစ်မှူး လူကာကူသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံ အသင်းကစားရမည့် ဘော့စနီးယား၊ ဆိုက်ပရပ်စ်တို့နှင့် ကမ္ဘာ့ဖလားပွဲစဉ်နှစ်ပွဲပါဝင်ကစားရန် မရေရာကြောင်း သိရသည်။

လူကာကူ၏ဒဏ်ရာသည် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ရက်က ကစားခဲ့သော ပဲလေ့စ်ကို အနိုင်ရသည့်ပွဲတွင် ရရှိခဲ့ဖွယ်ရှိပြီး အောက်တိုဘာ ၂ရက်တွင် ဘယ်လ်ဂျီယံအသင်းက လေ့ကျင့်ခန်းမဆင်းနိုင်သော လူကာကူကို အမ်အာရ်အိုင် စစ်ဆေးမှုခံယူ ပြီးနောက် ခြေကျင်းဝတ်အရိုးကျိုးသွားခြင်း မဟုတ်သော်လည်း ဒဏ်ရာအသေးစားရထားသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါသတင်းကြောင့် မန်ယူအသင်းအတွက် စိတ်သက်သာရာ ရခဲ့ပြီး နိုင်ငံတကာ ရက်သတ္တပတ်အပြီး ကလပ်အသင်း ပွဲများ ပြန်ကစားလျှင် လူကာကူကို ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လည်အသုံးပြုနိုင်ရန် မျှော်လင့်ထားသည်။ လူကာကူသည် ယခုရာသီမှ မန်ယူအသင်းတွင် စတင်ကစားခဲ့သူဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ် ၁၀ပွဲကစားခဲ့ရာတွင် ၁၁ဂိုးသွင်းပေးထားနိုင်သည်။

နိုင်ငံနှင့်ကလပ်အသင်းအတွက်ဆိုလျှင်လည်း နောက်ဆုံး ၁၂ပွဲတွင် ၁၅ဂိုးအထိသွင်းထားသည်။ မန်ယူနည်းပြ မော်ရင်ဟိုက လူကာကူကို ဘယ်လ်ဂျီယံအသင်း၌အသုံးမပြုရန် ဖိအားပေး ပြောဆိုမည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။