ပရိသတ်အများအပြား လာရောက်အားပေးခဲ့သည့် တင်ဇာမော်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ

 

ရန်ကုန်၊ အောက်တိုဘာ-၈

အဆိုတော်တင်ဇာမော်၏ ခုနစ်ခွေမြောက် တေးစီးရီးအယ်လ်ဘမ် ကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ထွက်ရှိခဲ့ပြီး ယင်းအယ်လ်ဘမ်ထွက်ရှိသည့် အထိမ်းအမှတ်အနေဖြင့် အောက်တိုဘာ ၇ ရက် ည ၇ နာရီတွင် ရန်ကုန်မြို့ သံသုမာလမ်းပေါ်ရှိ သုဝဏ္ဏဘူမိ Event Park တွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ရာ ပရိသတ်အများအပြား လာရောက်အားပေးခဲ့ ကြသည်။

7 Concert အမည်ပေးထားသည့် တင်ဇာမော်၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အပိုင်းလေးပိုင်းခွဲကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တစ်ပိုင်းလျှင် တေးသီချင်းခုနစ်ပုဒ် သီဆိုဖျော်ဖြေပေးခဲ့ကာ အဆိုပါပွဲတွင် 7 Concert အမည်ဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်ခံဒေသခံတိုင်းရင်းသားများအတွက် ငွေကျပ်သိန်း ၂၀ ကိုလည်း လှူဒါန်းခဲ့သည်။

တင်ဇာမော်၏ 7 Concert တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် ၎င်း၏ ၇ တေးစီးရီးအယ်လ်ဘမ်ထဲမှ သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့သည့် အပြင် အခြားသောတေးစီးရီးများထဲမှ လူကြိုက်များ ထင်ရှားခဲ့သည့် တေးသီချင်းများဖြင့်လည်း သီဆိုဖျော်ဖြေခဲ့သည်။

ယခုပွဲတွင် အကယ်ဒမီ ဓိရာမိုရ်၏ ဂီတကဗျာသံစုံတီးဝိုင်းကလည်း ပါဝင်ကူညီတီးခတ်ပေးခဲ့ပြီး အဆိုတော်တင်ဇာမော် အနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း ယခုပွဲတစ်ပွဲသာ တစ်ကိုယ်တော်ဖျော်ဖြေ သီဆိုမည်ဖြစ်ကြောင်း သိရသည်။

မင်းနိုင်စိုး(မိုးမိတ်)