လီဗာပူးတိုက်စစ်မှူး လေးဦးကို ထိန်းချုပ်နိုင်ဖို့လိုဟု အလာဒိုက်စ်ဆို

အဲဗာတန်နည်းပြ ဆမ်အလာဒိုက်စ်က ဒီဇင်ဘာ ၁၀ ရက် (ယနေ့)ည တွင် လီဗာပူးနှင့်ကစားရမည့် မာဆေးဆိုက်ဒါ ဘီပွဲစဉ်၌ အကောင်းဆုံးပုံစံရနေပြီး ဂိုးများစွာ သွင်းယူနေနိုင်သော လီဗာပူးတိုက်စစ်မှူးလေးဦးကို ထိန်းချုပ်နိုင်မှ ဖြစ်မည်ဟု သတိပေးစကားဆိုခဲ့သည်။ အလာဒိုက်စ် လက်ရောက်လာခြင်းကြောင့် အဲဗာတန်အသင်းသားများသည် စိတ်ဓာတ်တက်ကြွလာကြပြီး နောက်ဆုံးကစားသည့် သုံးပွဲဆက်အနိုင်ရထားသော်လည်း မာဆေးဆိုက်ဒါဘီပွဲ များတွင် လီဗာပူးကို အန်ဖီးလ်ကွင်း၌ ၁၉၉၉ ခုနှစ် စက်တင်ဘာလနောက်ပိုင်း တစ်ကြိမ်မျှ နိုင်ပွဲမရဖူးခြင်းကြောင့် ယခုပွဲတွင် လီဗာပူးအနိုင်ရမည်ဟု တွက်ချက်မှုများ များပြားနေသည်။ သို့သော် ဆမ်အလာဒိုက်စ်သည် မနှစ်ကရာသီပဲလေ့စ် အသင်းကို နည်းပြ စဉ် လီဗာပူးနှင့်အဝေးကွင်းပွဲ၌ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိစေရန် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်၍ ယခုပွဲတွင် အဲဗာတန်အတွက် မည်သည့်နည်းဗျူဟာချမှတ်မည်ကို စိတ်ဝင်စားမှုများရှိနေသည်။

အလာဒိုက်စ်က ဖာမင်နို၊ ဆာဒီယိုမာနေး၊ မိုဟာမက်ဆာလက်ခ်ျနှင့် ကူတင်ဟိုတို့ ဂိုးများစွာသွင်းနေနိုင်သော လီဗာပူး အသင်းနှင့်ပတ်သက်ပြီး ‘ကိုယ်တွေက အခွင့်အရေးတစ်ကြိမ်ရရင် တစ်ဂိုးရဖို့လိုတယ်။ ပြီးတော့ သူတို့ တိုက်စစ်မှူး တွေဟာ တစ်ယောက်တည်းကို အဓိကထားပြီး ဂိုးသွင်းနိုင်တာမျိုးမဟုတ်ဘဲ အားလုံးဂိုးတွေ သွင်းနိုင်လို့ ဒါကို တားဆီးနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ခံစစ်ကစားပုံကို ပရော်ဖက်ရှင်နယ်ဆန်စွာ ကစားနိုင်မှသာ ရလဒ် ကောင်းကို ရယူနိုင်မှာပါ။ ကျွန်တော့်ကစားသမားတွေ စွမ်းဆောင်ရည်ကောင်းတွေကို ပြောင်းလဲသွားနိုင်ဖို့ လုပ်ရမယ်’ဟု ပြောဆိုခဲ့သည်။