၂၀၁၇ ခုနှစ် ကမ္ဘာ့သတင်းမှန်ကူကွက်များ(ဖေဖော်ဝါရီ)

“သမ္မတဒေါ်နယ်ထရန့်နှင့် ဒုတိယသမ္မတမိုက်ခ်ပင့်စ်တို့က
တတ်စွမ်းသမျှ အကာအကွယ် ပေးခဲ့သည့်တိုင် အမျိုးသားလုံခြုံရေး အကြံပေး မိုက်ကယ်ဖလင်းမှာ
ရာထူးမှ နုတ်ထွက်ပေးခဲ့သည်။
မိုက်ကယ်ဖလင်း ရာထူးမှ နုတ်ထွက်ခဲ့ရခြင်း၏ အကျိုးရလဒ်အဖြစ် ရုရှားသမ္မတပူတင်နှင့် ဆက်ဆံရေး တည်ဆောက်မည့် သမ္မတဒေါ်နယ်ထရန့်၏ အစီအစဉ်များ ပျက်ယွင်းခဲ့ရသည်။”

ဒေါ်နယ်ထရန့်နှင့် တရုတ်တစ်ပြည်ထောင်မူဝါဒ
(ဖေဖော်ဝါရီ ၉ ရက်)

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အစိုးရအဖွဲ့ ဖွဲ့စည်းရေး ကိစ္စရပ်များဖြင့် ဗျာများနေသော အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်သည် သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလများ အတွင်းက ကုန်သွယ်ရေးမူဝါဒများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့သည်။

-Ads-
-Ads-

ယင်းအပြင် သမ္မတဒေါ်နယ်ထရန့်သည် သမ္မတရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီးနောက် အမေရိကန်သမ္မတအဆက်ဆက် ကျင့်သုံးခဲ့သောအစဉ်အလာကို ဖောက်ဖျက်၍ တရုတ်(တိုင်ပေ)သမ္မတဆိုင်အင်းစစ်၏ ဖုန်းခေါ်ဆိုဆက်သွယ်မှုကို လက်ခံခဲ့သည်။ ထိုနည်းအားဖြင့် တရုတ်-အမေရိကန်နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ချဉ်းကပ်ထိန်းညှိရာတွင် အစဉ်အလာ ကို ချိုးဖောက်ရန် ၀န်မလေးကြောင်း သမ္မတဒေါ်နယ်ထရန့်က သက်သေပြခဲ့သည်။

သို့ဖြစ်ရာ အမေရိကန်ပြည်ထောင်စု၏ ၄၅ ဦးမြောက် သမ္မတ အဖြစ် ဒေါ်နယ် ထရန့် ကျမ်းသစ္စာဆိုပြီးချိန်တွင် တရုတ် အမေရိကန်နှစ်နိုင်ငံဆက်ဆံရေးအလားအလာကို တစ်ကမ္ဘာ လုံးက စောင့်ကြည့်လာကြသည်။ သို့ရာတွင် သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် ၀င်ရိုးစုံကမ္ဘာ့အစီအစဉ်သစ်၌ အမေရိကန်-တရုတ် နှစ်နိုင်ငံဆက်ဆံရေး မည်မျှအရေး ပါသည်ကို ကောင်းစွာတွက်ဆထားပြီးဖြစ်သည်။ သို့ဖြစ်ရာ ၀ါရှင်တန်မြို့ တော်၏ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် သမ္မတဒေါ်နယ်ထရန့်သည် တရုတ်သမ္မတရှီကျင်းပင်နှင့် ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ပြီး တရုတ်တစ်ပြည်ထောင်မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

အမေရိကန်သမ္မတဟောင်း ရစ်ချက် နစ်ဆင်လက်ထက် ၁၉၇၂ ခုနှစ်တွင် စတင် ကျင့်သုံးခဲ့သော တရုတ်တစ်ပြည် ထောင် မူဝါဒသည် တရုတ်နှင့်အမေရိကန်နှစ်နိုင်ငံဆက်ဆံရေး ၏ နိုင်ငံရေးအုတ်မြစ်ဖြစ်သည်။ တရုတ်တစ်ပြည်ထောင်မူဝါဒ အရ အမေရိကန်အစိုးရများသည် တရုတ်နိုင်ငံက ခွဲထွက် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားသည့် တရုတ်(တိုင်ပေ)ကို သံတမန်ရေးအရ အသိ အမှတ်မပြုခဲ့။ အဆိုပါ တရုတ်တစ်ပြည် ထောင်မူဝါဒသည် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံ ရေးတည်ငြိမ်မှုကို နှစ်ပေါင်းများစွာ ထိန်းပေးထားနိုင်ခဲ့သည်။

သို့ရာတွင် သမ္မတအဖြစ် ကျမ်းသစ္စာ မဆိုမီက သမ္မတဒေါ်နယ် ထရန့်က အမေ ရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ အကြားမှကုန်သွယ်ရေးပြဿနာများ၊ ငွေကြေးစနစ်ပြဿနာ များနှင့် ပတ်သက်၍ တရုတ်အစိုးရက မဖြေရှင်းပေးခဲ့လျှင် တရုတ် တစ်ပြည်ထောင်မူဝါဒ ပြန်လည်စဉ်းစား သုံးသပ်ရ လိမ့်မည်ဖြစ်ကြောင်း လေသံဟခဲ့ရာ တရုတ်အစိုးရကလည်း တရုတ်တစ်ပြည် ထောင်မူဝါဒသည် စေ့စပ်ဆွေးနွေးရမည့် မူဝါဒမျိုးမဟုတ်ကြောင်း ယတိပြတ်ငြင်းဆန်ခဲ့သည်။ သို့နှင့်ပင် ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံကြီးနှစ်နိုင်ငံအကြား ဆက်ဆံ ရေးမှာ တင်းမာလာတော့မယောင် ရှိခဲ့ရသည်။ သို့ရာတွင် သမ္မတဒေါ်နယ်ထရန့်အနေဖြင့် တရုတ်တစ်ပြည်ထောင် မူဝါဒ ကို အသိအမှတ်ပြု လိုက်ခြင်းဖြင့် တရုတ်နှင့် အမေရိကန် အကြား ထိပ်တိုက်တိုးရတော့မည့် အခြေအနေကိုလမ်းကြောင်း ပြောင်းလဲနိုင်ခဲ့သည်။

သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် တရုတ်တစ်ပြည်ထောင်မူ ၀ါဒကို အသိအမှတ်ပြုပေးလိုက်ခြင်းဖြင့် တရုတ်နိုင်ငံထံမှ မည် သို့သော လိုက်လျောတုံ့ပြန်မှုရယူနိုင်ခဲ့သည်ကိုမသိရပေ။ သို့ရာတွင် တရုတ်တစ်ပြည် ထောင်မူဝါဒကို အသိအမှတ်ပြု လိုက်ခြင်းဖြင့် သမ္မတဒေါ်နယ်ထရန့်သည် တရုတ်-အမေရိကန် ဆက်ဆံရေးကို အလျော့အတင်း အမျိုးမျိုးဖြင့် တည်ငြိမ်အခြေ တွင် ထိန်းထားနိုင်ခဲ့သည်။

ဥတာပရာဒေ့ရှ်မှ စိန်ခေါ်သံ(ဖေဖော်ဝါရီ -၁၁)

လူဦးရေအားဖြင့် ၁၂၆၇ သန်းရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူဦးရေ သန်း ၈၀၀ ကျော်ရှိသော အိန္ဒိယနိုင်ငံကို ကမ္ဘာ့ အကြီးဆုံး ဗဟိုဒီမိုကရေစီနိုင်ငံကြီးအဖြစ် အားလုံးက လက်ခံ ထားသည်။ အနောက် အုပ်စုနိုင်ငံများ၏ ဒီမိုကရေစီ သမိုင်း ကြောင်းကို ပြန်ကြည့်လျှင်-

ဒီမိုကရေစီခေတ်ဦးကာလက လူတိုင်းမဲပေးခွင့်မရ။ အနောက် အုပ်စုနိုင်ငံများ၏ ဒီမိုကရေစီသမိုင်းအစသည် မဲပေးခွင့်ရှိသည့် လူချမ်းသာ အမျိုးသားများနှင့်စတင်ခဲ့ရပြီး နောက်ပိုင်းမှသာ အရွယ်ရောက်သူ အမျိုး သား၊ အမျိုးသမီးနိုင်ငံသားတိုင်း ပါဝင်မဲပေးခွင့်ရသည့် ဒီမိုကရေစီနိုင်ငံများအဖြစ် တင်းပြည့် ကျပ်ပြည့် ရောက်ရှိခဲ့သည်။

အိန္ဒိယနိုင်ငံသည် လူမျိုးရေး၊ ဘာသာရေးအရ မျိုးစုံထွေပြား လှသောနိုင်ငံဖြစ်သည်။ သို့ရာတွင် ကျားလိင်၊ မလိင်မရွေး၊ ဇာတ် အဆင့်အတန်းမရွေး၊ လူမျိုးဘာသာမရွေး နိုင်ငံသား တိုင်း မဲပေးနိုင်ခဲ့သော ၁၉၅၁ ခုနှစ် အထွေထွေရွေးကောက် ပွဲဖြင့် အိန္ဒိယ ဒီမိုကရေစီသည် ငြိမ်းချမ်းစွာမွေးဖွားလာခဲ့သည်။ ထိုအချက်သည်ပင် အိန္ဒိယဒီမိုကရေစီ၏ အထင်ရှားဆုံးသွင်ပြင် လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါသည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် တွင် အိန္ဒိယနိုင်ငံ ဥတာပ ရာဒေ့ရှ်ပြည်နယ်၌ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ပထမအဆင့်ကို စတင်ကျင်းပခဲ့သည်။ အိန္ဒိယရွေးကောက် ပွဲနိုင်ငံရေး၏ရလဒ်များကို အဆုံးအဖြတ်ပေးတတ်သော အစဉ်အလာရှိသည့် ဥတာပရာဒေ့ရှ်ပြည်နယ် ရွေးကောက်ပွဲ သည် ၂၀၁၄ ခုနှစ်တွင် စတင်အာဏာရရှိခဲ့သော ဟိန္ဒူ အမျိုးသားရေးဝါဒီ ဘရာတိယာဂျနေတာ ပါတီ(ဘီဂျေပီ)နှင့် ၀န်ကြီးချုပ်နာရန်ဒရာမိုဒီတို့အတွက် အကြီးကျယ်ဆုံးနိုင်ငံ ရေးစိန်ခေါ်မှု ဖြစ်ခဲ့ရသည်။

ဥတာပရာဒေ့ရှ်ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲမကျင်းပမီ သုံးလအလိုတွင် ၀န်ကြီးချုပ် နာရန်ဒရာမိုဒီသည် ပြည်တွင်း ငွေကြေး လည်ပတ်မှုစနစ်အတွင်း အများဆုံး ရောက်ရှိနေ သည့် ရူပီးငွေစက္ကူများကို တရားဝင်ငွေစက္ကူများအဖြစ်မှ ရပ်စဲခဲ့၍ အိန္ဒိယ ပြည်သူများ၏ နေ့စဉ်လူမှုကိစ္စများ ကမောက် ကမဖြစ်ခဲ့ရပြီး အိန္ဒိယနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းလည်း ကျဆင်းခဲ့ရသည်။ အဂတိ လိုက်စားမှု၊ ငွေမည်းခ၀ါချမှုနှင့် အခွန်ရှောင် တိမ်းမှုများကို တိုက်ဖျက်ရန် ရည်ရွယ်ခဲ့သော ငွေကြေးစနစ် အပြောင်းအလဲသည် အိန္ဒိယ ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ အကြီးအကျယ် ဆုံးနိုင်ငံရေး အလောင်း အစား တစ်ရပ်ဖြစ်ခဲ့သည်။

သို့ဖြစ်ရာ ဂင်္ဂါမြစ်ကမ်းပေါ်ရှိ ဥတာပရာဒေ့ရှ် ပြည်နယ်၌ ဖေဖော်ဝါရီ ၁၁ ရက် တွင် စတင်ခဲ့သော ပြည်နယ်လွှတ်တော် ရွေး ကောက်ပွဲများသည် ၀န်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ငွေကြေးစနစ်ပြုပြင်ပြောင်းလဲမှု လောင်းကစားပွဲ၏ နောက်ဆက်တွဲ အလျော်အစားမည်မျှကြီးမားသည်ကိုပြနိုင် သည့် ရွေးကောက်ပွဲဖြစ်သလို ၂၀၁၉ ခုနှစ် အမျိုးသား ရွေးကောက်ပွဲ၌ ဘရာတိယာဂျနေ တာပါတီ ရယူနိုင်မည့် နေရာကို လှမ်းမျှော် ကြည့်နိုင်မည့် နိုင်ငံရေးရှေ့ကြည့်မျှော်စင် လည်း ဖြစ်သည်။

လှုပ်လှုပ်ရှားရှား အိမ်ဖြူတော်(ဖေဖော်ဝါရီ ၁၃)

အမေရိကန် နိုင်ငံရေးလောကအတွက် ဗရုတ်သုတ်ခ အနိုင်ဆုံးကာလကို ပြပါဆိုလျှင် အမေရိကန်သမ္မတဒေါ်နယ် ထရန့်၏ သမ္မတသက်တမ်း ပတမဆုံးရက် ၃၀ ကိုပင် ပြရပါလိမ့်မည်။ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ ဒေါ်နယ်ထရန့် အနိုင်ရရှိရေးအတွက် ရုရှားနိုင်ငံက ရွေး ကောက်ပွဲကာလအတွင်း ကြားဝင်ခြေရှုပ်ခဲ့ သည်ဟူသော စွပ်စွဲချက်များကြောင့် သမ္မတ ဒေါ်နယ်ထရန့်၏ ပထမရက် ၃၀ အတွင်း အိမ်ဖြူတော်လူစာရင်းမှာ အပြောင်းအလဲဖြစ်လာ သည်။

ဒေါ်နယ်ထရန့် သမ္မတ တာဝန်မယူမီ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး နှင့်တွေ့ဆုံ၍ ရုရှားနိုင်ငံအပေါ်ချမှတ်ထား သည့် အရေးယူပိတ်ဆို့မှုကိစ္စများ ဆွေးနွေးခဲ့သည်ဟူသော သတင်းများကြောင့် ၂၄ ရက် သား ဒေါ်နယ်ထရန့် အစိုးရအဖွဲ့ဝင် အမျိုး သားလုံခြုံရေးမိုက်ကယ်ဖလင်းသည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ရာထူးမှ နုတ် ထွက်ခဲ့သည်။

အမျိုးသားလုံခြုံရေးအကြံပေး မိုက်ကယ်ဖလင်းသည် အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့်ကျမ်းသစ္စာမဆိုမီ ရုရှားသံ အမတ်ကြီးနှင့်တွေ့ဆုံ၍ အစိုးရသစ်၏ နိုင်ငံခြားရေး မူဝါဒများနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်ရာ မိုက်ကယ်ဖလင်း၏ လုပ်ရပ်သည် လိုဂန်အက်ဥပဒေနှင့်ငြိစွန်းနေကြောင်း လေ့လာသူတို့ကဆိုကြသည်။ ၁၇၉၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် နောက်ဆုံးတစ်ကြိမ်ပြင်ဆင်ခဲ့သော လိုဂန်အက်ဥပဒေအရ အမေရိကန် ပြည်ထောင်စုနှင့် အငြင်းပွားနေသည့် ပြည်ပအစိုးရအဖွဲ့တစ်ဖွဲ့နှင့် အခွင့် အာဏာမရှိဘဲ နိုင်ငံခြားရေးမူဝါဒဆွေးနွေးမှုများ ပြုလုပ်မှု သည် ရာဇ၀တ်မှုမြောက်သည်။

သို့ဖြစ်ရာ သမ္မတဒေါ်နယ်ထရန့်နှင့် ဒုတိယသမ္မတမိုက်ခ်ပင့်စ် တို့က တတ်စွမ်းသမျှ အကာအကွယ်ပေးခဲ့သည့်တိုင် အမျိုး သားလုံခြုံရေး အကြံပေးမိုက်ကယ်ဖလင်းမှာ ရာထူးမှနုတ်ထွက် ပေးခဲ့သည်။ မိုက်ကယ်ဖလင်းရာထူးမှ နုတ်ထွက်ခဲ့ရခြင်း၏ အကျိုး ရလဒ်အဖြစ် ရုရှားသမ္မတပူတင်နှင့် ဆက်ဆံရေး တည် ဆောက်မည့် သမ္မတဒေါ်နယ်ထရန့်၏ အစီအစဉ်များပျက်ယွင်း ခဲ့ရသည်။

ကင်မင်းဆက် အရှုပ်တော်ပုံ(ဖေဖော်ဝါရီ ၁၄ ရက်)

မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားစမ်းသပ်မှုများ၊ ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုများ၊ အိမ်နီးချင်းနိုင်ငံများကို ဓားကြိမ်းကြိမ်းသံများဖြင့် ကမ္ဘာကြီးကို နေ့စဉ်အလိုလို ဘယာနကရသ ပေးနေသောနိုင်ငံဖြစ်သည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင်မူ မြောက်ကိုရီး ယားနှင့်ပတ်သက်၍ ထူးထူးခြားခြားသတင်းတစ်ပုဒ်ပေါ်ထွက် လာသည်။ ယင်းသတင်းမှာ မြောက်ကိုရီးယား လျှို့ဝှက် ထောက်လှမ်းရေးသမားများအဖြစ် ယူဆရသည့် အမျိုးသမီး များက မလေးရှား နိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ဖအေတူမ အေကွဲအစ်ကို ကင်ဂျုံနမ်ကို အဆိပ်တစ်မျိုးဖြင့် လုပ်ကြံ သတ်ဖြတ်ခဲ့သည်ဟူသော သတင်း ဖြစ်သည်။ ဤတွင် မြောက် ကိုရီးယားနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော ကင်မျိုးဆက်တို့၏ ကန့်လန့်ကာနောက်ကွယ်မှ အာဏာ တည်မြဲရေး လှုပ်ရှားမှု များသည်ကမ္ဘာ့မီဒီယာများ၌ ပလူပျံအောင် ပေါ်ထွက်လာခဲ့သည်။

ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအီလ်က ကင်မင်းဆက် အရိုက်အရာကို ဆက်ခံရမည့်သူအဖြစ် ရည် မှန်းခဲ့ဖူးသော ကင်ဂျုံနမ်သည် ဖခင်ဖြစ်သူ ရည်မှန်းသည့် အတိုင်းသာ ဖြစ်ခဲ့လျှင် ညီဖြစ်သူ ကင်ဂျုံအန်က နန်းမလုခဲ့လျှင် မြောက်ကိုရီး ယား၏ ရာဇပလ’င်ပေါ်ထိုင်၍ လူပေါင်း ၂၅ သန်းကို အုပ်ချုပ်နေပေလိမ့်မည်။ သူ၏ လက် ချောင်းများသည် နျူကလီးယားဒုံးကျည်ပစ် လွှတ်သည့်ခလုတ်များကို ခပ်ဖွဖွစမ်းကြည့်နေပေလိမ့်မည်။ အမေရိကန်ပြည်ထောင်စု နှင့် တရုတ်နိုင်ငံတို့အနေဖြင့် ၎င်းအားမည်သို့ ထိန်းချုပ်ရ မည်ကို အချေအတင် ဆွေးနွေးငြင်းခုံနေကြပါလိမ့်မည်။ သို့ရာတွင် ကင်မင်း ဆက်နန်းလုပွဲများမှ ပြေးလာသော ကင်ဂျုံနမ် သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်၌ ဖေဖော်ဝါရီ ၁၄ ရက်တွင် လုပ်ကြံခံလိုက်ရ ပြီဖြစ်သည်။

ကင်ဂျုံနမ် လုပ်ကြံခံရမှုနှင့်အတူ မြောက်ကိုရီးယားကင်မင်း ဆက်၏ ကန့်လန့်ကာနောက်ကွယ်မှ နန်းလုပွဲဇာတ်လမ်း များနှင့်အတူ သံတမန်ဆက်ဆံရေး ပြဿနာများ ကျန်ရစ်ခဲ့ရသည်။ အထူးသဖြင့် ကင်ဂျုံ နမ်လုပ်ကြံခံရမှုကြောင့် မြောက်ကိုရီးယားနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးရှိထားသော မလေးရှားအစိုးရနှင့် မြောက်ကိုရီးယားအစိုးရ တို့အကြား သံတမန်ရေးပြဿနာများ ပေါ်ထွက်လာခဲ့ပြီး မလေးရှားနိုင်ငံ ဆိုင်ရာ မြောက် ကိုရီးယားသံအမတ်ကြီး ကန်ချောက်ကို မလေးရှားအစိုးရက မလိုလားအပ်သူအဖြစ် ကြေညာ၍ ၄၈ နာရီအတွင်း မလေးရှားမှ ထွက်ခွာရန်နှင်ထုတ်သည့် အဆင့်အထိ ရောက်ခဲ့ရသည်။ မြောက်ကိုရီးယား၏ပြိုင်ဘက် တောင်ကိုရီးယားနိုင်ငံကမူ ကင်ဂျုံနမ်လုပ်ကြံခံရမှုကို ကင်ဂျုံအန်အစိုးရ၏ အကြမ်းဖက်ဝါဒ ဥပမာဟူ၍ မှတ်ချက်ပြုခဲ့သည်။

-Ads-
-Ads-