အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီအစည်းအဝေး ကို ယခုလကုန်တွင် ပြုလုပ်မည်

ဓာတ်ပုံ - ကျော်ကျော်

ရန်ကုန်၊ ဒီဇင်ဘာ – ၁၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဗဟိုကော်မတီ အဋ္ဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး(ဗဟို)၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

“ဒါက တစ်နှစ်ကို နှစ်ကြိမ်လုပ်နေကျအစည်းအဝေး။ ဒါက အခု ၂၀၁၇ ခုနှစ်အတွက် ဒုတိယပေါ့။ ဒီမှာ နိုင်ငံရေးအရ လုပ်ဆောင်ခဲ့တဲ့ဟာတွေ အကျိုး၊ အပြစ်တွေကို အစီရင်ခံကြ မှာပေါ့။ တိုင်းနဲ့ပြည်နယ်အလိုက် ၊ ဌာနအလိုက် အစီရင်ခံစာ တင်ကြမယ်။ ဆွေးနွေးကြမယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီက အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ လည်း အစီရင်ခံစာတင်ရမယ်”ဟု NLD ဗဟိုပြန်ကြားရေး အဖွဲ့ဥက္ကဋ္ဌ ဦးဥာဏ်ဝင်းက ပြောသည်။

-Ads-
-Ads-

အဆိုပါအစည်းအဝေးသို့ ဗဟိုကော်မတီဝင်များအပြင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်တင်မြှောက်ခံရသော တိုင်းဒေသကြီးနှင့်ပြည်နယ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌများလည်း လေ့လာသူအဖြစ် တက်ရောက်နိုင်ကြောင်း သိရသည်။

ထို့ပြင် အရန်ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်မခံရသော တိုင်းဒေသကြီးနှင့်ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌများနှင့် အရန်ဗဟိုကော်မတီဝင်များလည်း အဆိုပါ အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်နိုင်ပြီး ပါတီတာဝန်မှ ရပ်ဆိုင်းထားသူများ တက်ရောက်ရန် မလိုကြောင်း သိရသည်။

-Ads-
-Ads-