၂၀၁၇ ခုနှစ် ကမ္ဘာ့သတင်းမှန်ကူကွက်များ(မတ် ၆)

 

 

 

“ဗင်နီဇွဲလား ဖွဲ့စည်းပုံတရားရုံးက
လွှတ်တော်အာဏာကို သိမ်းယူပြီးနောက် အတိုက်အခံများနှင့် နိုင်ငံတကာအသိုက်အ၀န်းက ဗင်နီဇွဲလားအစိုးရနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးတို့၏ လုပ်ရပ်အား ဒီမိုကရေစီကို လုပ်ကြံသတ်ဖြတ်မှုအဖြစ် ဝေဖန်ခဲ့ကြသည်။”

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရ အဖွဲ့ နိုင်ငံတော်တာဝန်များ ရယူချိန်ကို နှစ် ၇၀ နီးပါးကြာ မြန်မာ့ ပြည်တွင်းစစ်သံသရာကို နိုင်ငံရေးအရဆွေးနွေးဖြေ ရှင်းရန် အခါအခွင့်အသင့်ဆုံးအချိန်အဖြစ် လေ့လာသူများက သတ်မှတ်ထားကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီတို့၏ အဓိကနိုင်ငံရေး ရည်မှန်းချက်သည်လည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဖြစ်ရာ လေ့လာသူတို့၏အထက်ပါသုံး သပ်ချက်မှာ အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသော သုံးသပ်ချက်ဟုဆိုနိုင်ပါသည်။

သို့ရာတွင် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ဦးဆောင်သော အရပ်သားအစိုးရအဖွဲ့သက်တမ်း တစ်ခါလည် မပြည့်တပြည့်မှာပင် အစိုးရအဖွဲ့သစ် ပြည်တွင်း ငြိမ်ချမ်းရေးလုပ်ငန်းစဉ် ရည်မှန်းချက်များနှင့် နိုင်ငံခြားရေး မူဝါဒတို့ကို ဆန်းစစ်စိန်ခေါ်လိုက်သော စစ်ရေးပဋိပက္ခတစ်ခု ရှမ်းပြည်နယ် အရှေ့ပိုင်း၌ ပေါ်ထွက်လာခဲ့သည်။

-Ads-
-Ads-

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပူးတုံခွာတုံဖြစ်သည့်မြောက်ပိုင်း မဟာမိတ်အုပ်စုဝင် လူမျိုးစုလက်နက်ကိုင် အုပ်စုတစ်စု ဖြစ်သည့် မြန်မာအမျိုးသား ဒီမို ကရက်တစ်မဟာမိတ် တပ်မတော်(အမ်အင်န်ဒီအေအေ)အမည်ရှိ ကိုးကန့်လက်နက် ကိုင်အုပ်စုက ကိုးကန့်ဒေသလောက်ကိုင်မြို့တွင်းရှိ တပ်မတော်တပ်စခန်းများ၊ ရဲစခန်းများနှင့် အစိုးရအုပ်ချုပ်ရေး ဌာနအဆောက်အအုံများကို ၂၀၁၇ ခုနှစ် မတ် ၆ ရက်တွင် တိုက်ခိုက်ခဲ့ကြရာ အရပ်သားများနှင့် ရဲတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့ရသည်။

 

လောက်ကိုင်တိုက်ပွဲဖြစ်ပွားချိန်သည် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံများတွင် တိုင်းရင်းသားအစုအဖွဲ့အားလုံး ပူးပေါင်းပါဝင်ခွင့်ရှိရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားနေချိန်ဖြစ်ရာ လောက်ကိုင်တိုက်ပွဲသည် အစိုးရအဖွဲ့သစ်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရည်မှန်းချက်အတွက် မမျှော်လင့်သည့်ထိုးနှက်ချက် ဖြစ်ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် တပ်မတော်နှင့်အမ်အင်န်ဒီ အေအေတို့အကြား တိုက်ပွဲများ နယ်စည်းကျော်ထွက်မှုကြောင့် တရုတ်နိုင်ငံသားငါးဦးသေဆုံးခဲ့ပြီး စစ်ရှောင်ဒုက္ခသည် ထောင်ပေါင်းများစွာသည်လည်း တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးဝင်ရောက်ခဲ့ကြရာ တစ်ချိန်က အားကောင်းခဲ့ဖူးသော တရုတ်-မြန်မာဆက်ဆံရေးမှာ ရုတ်ခြည်းဆိုသလို တင်းမာခဲ့ရသည်။

တစ်ဖန် ၁၉၅၀ ပြည့်နှစ်ကာလများဆီအထိနောက်ကြောင်း ပြန်ကြည့်နိုင်သည့် တရုတ်နိုင်ငံ၏ ကိုးကန့်လူမျိုးများအကြား နိုင်ငံရေးအရ၊ လူမျိုးရေး အကျိုးစီးပွားအရဆက်နွှယ် ပတ်သက်မှုပုံစံကြောင့် ကိုးကန့်ဒေသပြဿနာသည် အာရှ၏ ကရိုင်းမီး ယားကျွန်းဆွယ်ပြဿနာမျိုးအဖြစ် ပြောင်းလဲသွား မည်လောဟူ၍ တွေးပူသူများလည်း ရှိလာခဲ့သည်။

သို့ရာတွင် တရုတ်အစိုးရအာဘော်ဂလိုဘယ်လ်တိုင်းမ် သတင်းစာက ကိုးကန့်ပြဿနာကိုကရိုင်းမီးယားကျွန်းဆွယ် ပြဿနာနှင့် နှိုင်းယှဉ်ရမည့်အခြေခံအကြောင်းတရားမျိုး မရှိကြောင်း၊ သို့ရာတွင်စစ်ရှောင်ဒုက္ခသည်များ တရုတ်နိုင်ငံ အတွင်းသို့ ၀င်ရောက်လာမှုကြောင့် နယ်စပ်တည် ငြိမ်မှု ပျက်စီးခဲ့ရကြောင်း အယ်ဒီတာ့အာဘော်၌ ရေးသားခဲ့ပြီး တရုတ်အစိုးရ၏ ကိုးကန့်ပြဿနာဆိုင်ရာ သဘောထား ရပ်တည်ချက်ကို ပြသခဲ့သည်။

မည်သို့ပင်ရှိစေ နှစ် ၇၀ နီးပါးကြာ ပြည်တွင်း စစ်ကို နိုင်ငံရေးနည်းအားဖြင့် ဖြေရှင်းနိုင်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်အတွင်း တိုင်းရင်းသားအစုအဖွဲ့ အားလုံးကို ဆွဲသွင်းနိုင်ရေးတို့သည် လက်ရှိအစိုးရအတွက် မဟာ စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ်မတ် ၆ ရက်ကိုးကန့်တိုက်ပွဲက သက်သေခံနေပါသည်။

အလှည့်အပြောင်းမြန်သော တောင်ကိုရီးယား နိုင်ငံရေးဇာတ်ခုံ

(၂၀၁၇ ခုနှစ် မတ် ၁၀ ရက်)

လွန်ခဲ့သော နှစ်ပေါင်း ၃၀ က တောင်ကိုရီးယားပြည်သူများ သည် လွတ်လပ်သည့် ဒီမိုကရေစီ ရွေးကောက်ပွဲများအတွက် လမ်းပေါ်တက်တိုက်ပွဲ ၀င်ခဲ့ကြသည်။ ၂၀၁၇ ခုနှစ်တွင်မူ တောင်ကိုရီးယား ပြည်သူများသည် လွတ်လပ်သော ရွေးကောက်ပွဲများဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင် မြှောက်ထားသည့် သမ္မတတစ်ဦးကို ရာဇပလ္လင်ပ်ါမှ ဆွဲချခဲ့သည်။ အာရှ၏ အခြေအခိုင်ဆုံးဒီမိုကရေစီနိုင်ငံ ဖြစ်သည့် တောင်ကိုရီးယားနိုင်ငံရေး အလှည့်အပြောင်းကား ဂန္ထ၀င်မြောက်လှသည်။

တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသည် တောင်ကိုရီးယား၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်သော သမ္မတပတ်ဂွမ်ဟေးကို စီးပွားရေးလုပ်ငန်းစုကြီးများလည်း ပါဝင်နေသည့် အဂတိလိုက်စားမှုအရှုပ်အထွေးတစ်ရပ်တွင် ပတ် သက်ဆက်နွှယ်နေမှုဖြင့် ၂၀၁၇ ခုနှစ်မတ် ၁၀ ရက်တွင် သမ္မတရာထူးမှ ဖယ်ရှားခဲ့သည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံး၏ ဆုံးဖြတ်ချက်ကြောင့် သမ္မတပတ်ဂွမ်ဟေးကို ထောက်ခံသူများ ကတစ်ဖက်၊ သမ္မတပတ်ဂွမ်ဟေးအား နေရာမှ ဖယ်ရှားမှုကို ထောက်ခံသူများကတစ်ဖက် အပြိုင် အဆိုင် ဆန္ဒပြပွဲများ ဆိုးလ်မြို့တော်၌ ပေါ်ပေါက်ခဲ့သည်။

တောင်ကိုရီးယားလူ့အဖွဲ့အစည်းသည် သာမန်အားဖြင့် ကွန်ဆာဗေးတစ်နှင့် လက်ဝဲယိမ်းနိုင်ငံရေးအုပ်စုနှစ်စု အကြားတွင် နိုင်ငံရေးအရသဘောထားကွဲပြားတတ်လေ့ ရှိသည်။ သို့ရာတွင် သမ္မတပတ်ဂွမ်ဟေးပြဿနာတွင်မူ ထူးခြားချက် တစ်ရပ်ပေါ်ထွက်လာသည်။ ယင်းထူးခြားချက်မှာ သမ္မတပတ်ဂွမ်ဟေးနှင့် ကွန်ဆာဗေးတစ်အုပ်စုအပေါ် အစဉ်တစိုက်ထောက်ခံခဲ့ကြသော ကွန်ဆာဗေးတစ်အများ အပြားက လက်ဝဲယိမ်းအုပ်စုဝင်များ တောင်းဆိုထားကြသော သမ္မတပတ်ဂွမ်ဟေးအား လွှတ်တော်၌စွပ်စွဲပြစ်တင်ရေး အဆိုကို ထောက်ခံ ထားကြခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်းက သမ္မတပတ်ဂွမ် ဟေးသည် အစိုးရနှင့် တောင်ကိုရီးယားစီးပွားရေး လုပ်ငန်းစုကြီးများအကြားမှ ပုံမှန်ထက်လွန်ကဲ သောဆက်ဆံရေးကိုအဆုံးသတ်မည်ဖြစ် ကြောင်း ကတိပေးခဲ့သည်။ သို့ရာတွင် အသက် (၆၅)နှစ် အရွယ် သမ္မတပတ်ဂွမ်ဟေးသည် အဆိုပါကတိ က၀တ်ကို လက်တွေ့အကောင်အထည်မဖော်နိုင် ခဲ့သည့်အပြင် ၎င်းင်း၏ လူယုံတော်ချွိုင်ဆွန်ဆေးလ် အမည်ရှိအမျိုးသမီးတစ်ဦး ထိန်းချုပ်ထားသော ဖောင်ဒေးရှင်းများအတွက် ရန်ပုံငွေ ထည့်ဝင် ရန် စီးပွားရေး လုပ်ငန်းစုကြီးများအား ဖိအားပေးခဲ့ သည်ဟူသော စွပ်စွဲချက်နှင့်ပင် ရင်ဆိုင်ခဲ့ရသည်။

အထက်ပါ ပြစ်ချက်များသည်ပင် သမ္မတပတ်ဂွမ်ဟေးအတွက် နိုင်ငံရေးကျဆုံးခန်းကို ဖန်တီး ပေးခဲ့ခြင်းဖြစ်သည်။ မည်သို့ ရှိစေ ၂၀၁၇ ခုနှစ် မတ် ၁၀ ရက်သည်ဆိုးလ်မြို့တော်လမ်းများ ထက်တွင် ပြည်သူသည်သာ အချုပ်အခြာအာဏာဖြစ်သည် ဆိုသော ဒီမိုကရေစီသဘောတရား ပဲ့တင်ထပ်ခဲ့သည့်နေ့ဖြစ် သည်။

အီးယူနှင့် ဗြိတိန်ကွာရှင်းမှု

သို့မဟုတ် ပုဒ်မ- ၅၀ နိုးထလာခြင်း

(၂၀၁၇ ခုနှစ်မတ်-၂၉)

ဥရောပသမဂ္ဂနှင့် ဗြိတိန်တွဲရေး၊ ခွဲရေးလူထု ဆန္ဒခံယူအပြီးတွင် အလျော်အစားကြီးနိုင် သလောက် ရှုပ်လည်းရှုပ်ထွေးလှသည့် သမိုင်းဝင် ကွာရှင်းမှုကြီးတစ်ရပ်အား ဗြိတိန်နှင့် ဥရောပသမဂ္ဂ တို့က မည်သို့ကိုင်တွယ်ကြမည်ကို တစ်ကမ္ဘာလုံးက စိတ်ဝင် တစား စောင့်ကြည့်ခဲ့ကြသည်။

၂၀၁၇ ခုနှစ် မတ် ၂၉ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေ သည် ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာရေး တရားဝင် စတင်တော့မည်ဖြစ်ကြောင်း အသိပေးစာတစ်စောင်ကို လက်မှတ်ရေး ထိုးခဲ့သည်။ တစ်နည်းအားဖြင့် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေသည်သမိုင်းဝင်ကွာရှင်းမှုကြီးအတွက်ဥရောပသမဂ္ဂ ဖွဲ့စည်းပုံပဋိညာဉ်ဖြစ်သည့်လစ္စဘွန်း စာချုပ်ပါ ပုဒ်မ-၅၀ ကို လှုပ်နှိုးတော့မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂသို့ အသိပေး လိုက်ခြင်းဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ မတ် ၂၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော အဆိုပါအသိပေးစာသည် လစ္စဘွန်းစာချုပ်ပုဒ်မ-၅၀ ကို လှုပ်နှိုးလိုက်သည့် ခေါင်းဆောင် သို့မဟုတ် သမိုင်းဝင်ကွာရှင်း ခန်းတစ်ခု၊ တရားဝင်စတင်မှု၏ နိဒါန်းဖြစ်သည်။ လစ္စဘွန်းစာချုပ် ပုဒ်မ-၅၀ အရ ဥရောပသမဂ္ဂ အဖွဲ့ ၀င်နိုင်ငံများအနေဖြင့် အဖွဲ့ဝင်အဖြစ်မှ မိမိတို့ ဆန္ဒ အလျှောက် နုတ်ထွက်ခွင့်ရှိသည်။ သို့ရာတွင် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း ပုဒ်မ-၅၀ တွင်ပြဋ္ဌာန်းထားသည်။

ဆိုရလျှင် အီးယူနှင့် ဗြိတိန်ခွဲရေး၊ တွဲရေးလူထုဆန္ဒခံယူပွဲ၌ ခွဲရေးသမားများအရေးသာရုံဖြင့် ဗြိတိန်နိုင်ငံအတွက် ဥရောပသမဂ္ဂမှ ထွက်ခွာရေးအတွက်တံခါးပွင့်လာမည် မဟုတ်။ ပုဒ်မ-၅၀ က သာ ဗြိတိန်၏ ဥရောပသမဂ္ဂ ထွက်ပေါက်ကိုဖွင့်ပေး ပါလိမ့်မည်။

ဒီမိုကရေစီသေဆုံးခြင်း (၂၀၁၇ ခုနှစ်မတ် ၃၀)

နိုင်ငံရေးအဂတိလိုက်စားမှုများ စီးပွားရေး အရှိန်ကျသွားမှု များကြောင့် အခြေခါယိမ်းနေသည့် ဗင်နီဇွဲလားဆိုရှယ်လစ် လူ့အဆောက်အအုံအတွက် ၂၀၁၇ ခုနှစ်မတ် ၃၀ ရက်တွင် အပြောင်း အလဲတစ်ခုပေါ်ထွက်လာသည်။ သို့ရာတွင် ထို အပြောင်းအလဲမှာ လာခြင်းကောင်းသည့် အပြောင်းအလဲ မျိုးမဟုတ်။ အစိုးရ၏ အာဏာ တည်မြဲရေးအတွက်ဒီမိုကရေစီ စံနှုန်းများစတေးခံလိုက်ရသော အပြောင်းအလဲသာဖြစ်သည်။

၂၀၁၇ ခုနှစ် မတ် ၃၀ ရက်တွင် ဗင်နီဇွဲလားသမ္မတနီကို
လပ်စ်မာဒူရို၏ နိုင်ငံရေးပုလင်းတူဘူးဆို့ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက အတိုက်အခံများအုပ်စီးထားသော လွှတ်တော်၏ လုပ်ငန်းတာဝန်များကို လွှဲပြောင်းရယူလိုက် သည်။ အဆိုပါလုပ်ဆောင်ချက်သည် အတိုက်အခံများ ဒီမိုကရေစီနည်းကျနိုင်ငံရေးလှုပ်ရှားပိုင်ခွင့်ရှိသည့် နယ်မြေ ဧရိယာကို ချုံ့ပစ်လိုက်သည့် သဘော၊ ရွေးကောက်ပွဲများမှ တစ်ဆင့်တင်မြှောက်ခံခဲ့ရသည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်၏ အခန်းကဏ္ဍကို ဖျက်သိမ်း လိုက်သည့် သဘောဖြစ်သည်။

ရွေးကောက်ပွဲအတွင်း အတိုက်အခံလွှတ် တော်အမတ်များက ထောက်ခံမဲဝယ်ယူခဲ့သည်ဟူသော စွပ်စွဲချက်အပါအ၀င် စွပ်စွဲချက်ပေါင်းစုံဖြင့် ဗင်နီဇွဲလား ဖွဲ့စည်းပုံတရားရုံးက လွှတ်တော် အာဏာကိုသိမ်းယူပြီးနောက် အတိုက်အခံများနှင့် နိုင်ငံတကာအသိုက်အ၀န်းက ဗင်နီဇွဲလားအစိုးရနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးတို့၏ လုပ်ရပ်အား ဒီမိုကရေစီကိုလုပ်ကြံသတ်ဖြတ်မှုအဖြစ် ဝေဖန်ခဲ့ကြသည်။

ဗင်နီဇွဲလားဖွဲ့စည်းပုံအခြေခံတရားရုံးက လွှတ်တော်၏ လုပ်ငန်းတာဝန်များ လွှဲယူလိုက် သော ၂၀၁၇ ခုနှစ်မတ် ၃၀ ရက်သည် ဟူဂိုချာဗက်ဇ်ခေတ်အလွန်ဗင်နီဇွဲလားနိုင်ငံရေး တိုက်ပွဲများ အဆင့်တစ်ဆင့်သို့ ကူးပြောင်းသွားသည့်နေ့၊ ဗင်နီ ဇွဲလားနိုင်ငံ၌ ဒီမိုကရေစီအတွက် ဈာပနခေါင်း လောင်းသံထိုးလိုက်သည့်နေ့ပင် ဖြစ်ပါသည်။

-Ads-
-Ads-