ဟို….အဝေးမှာ လရောင်က မပြယ်

သူသည် စာရေးသည်၊ သီချင်းဆိုသည်၊ ဒါရိုက်တာလုပ်သည်၊ မဂ္ဂဇင်းထုတ်သည်၊ သူလုပ်သည့် အလုပ်တိုင်း အောင်မြင်ခဲ့သည်။ သီချင်းအနည်းငယ် ရေးခဲ့သော်လည်း ‘သန်းမြတ်စိုး’အတွက် ရေးပေးခဲ့သော ‘ထီးကလေးနဲ့ နှစ်ကိုယ်ယှဉ်’က ကျွန်တော့်ရင်ကို အတည့်မတ်ဆုံးထိသွားသော သီချင်းဖြစ်သည်။

‘ဘ၀ဆိုသည်မှာ မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြားထဲက ကွက်လပ်လေးတစ်ခု’ဟု ကျွန်တော်နားလည်ထားသည်။ ထို့ကြောင့် အသက်ရှင်ခွင့်ရသည့် ထိုကွက်လပ်လေးထဲတွင် ကျွန်တော်တို့၏ ဘ၀နေနည်းသည်ပင် ကျွန်တော်တို့၏ သမိုင်းဖြစ်သည်။

ကျွန်တော်တို့ မြန်မာစကားတွင် ‘လူသေသော်လည်း နာမည်မသေသူနှင့် လူမသေသော်လည်း နာမည်သေသူ’ ဆိုသော စကားရှိသည်။ ကျွန်တော် အဓိကပြောချင်သည်မှာ လူသေသော်လည်း နာမည်မသေသော အကြောင်းပင် ဖြစ်သည်။

အင်္ဂလိပ်ဘာသာရပ်တွင် ‘FAMOUS’ဆိုသောစကားရှိသလို ‘NOTORIOUS’ ဆိုသောစကားလည်း ရှိသည်။ ကမ္ဘာတွင် ဂျော့ဝါရှင်တန်၊ ဖရန့်စစ်ဘေကွန်၊ ကနေဒီ၊ ကွန်ဖြူးရှပ်၊ အိုင်စတိုင်း၊ ပလေတို၊ ဆစ်ဂမန်ဖရိုက်၊ ရှိတ်စပီးယား၊ အယ်ဒီဆင် စသော ပုဂ္ဂိုလ်တို့မှာ ကောင်းသတင်းဖြင့် ထင်ရှားသူများ ဖြစ်သဖြင့် ‘FAMOUS’ဟု သုံးနှုန်းကြသည်။

ထို့အတူ ဟစ်တလာ၊ စတာလင်၊ မေရီအင်တွိုင်းနက်၊ အယာတိုလာခိုမေနီ၊ မူဆိုလီနီတို့သည် မကောင်းမှုများနှင့် ကျော်ကြားသူများဖြစ်သဖြင့် သူတို့ကို ‘NOTORIOUS’ဟု နာမ၀ိသေသနပြုရမည်ဖြစ်၏။ ထင်သာမြင်သာဆုံး ဥပမာပေးရမည်ဆိုလျှင် ‘ဗိုလ်ချုပ်အောင်ဆန်းနှင့် ဂဠုန်ဦးစော’တို့ ဖြစ်သည်။

လူတချို့မွေးဖွားလာသည် တချို့ကွယ်လွန်သွားခဲ့ကြသည်။ တချို့ကို မေ့ပစ်နိုင်သော်လည်း တချို့ကို သတိရနေဆဲ ဖြစ်သည်။ ပြက္ခဒိန်တစ်ခု၏ ပထမလ ပထမပတ်တွင် ကွယ်လွန်သွားသော အနုပညာရှင်တစ်ဦးကို သတိရနေမိသလို ပြက္ခဒိန်တစ်ခု၏ နောက်ဆုံးလ ဒုတိယပတ်တွင် ကွယ်လွန်သွားသော အနုပညာရှင်တစ်ဦးကိုလည်း မေ့လို့မရခဲ့ပေ။ ၂၀၀၀ ပြည့်နှစ် ပထမလ ၅ ရက်နေ့တွင် နှုတ်ဆက်သွားသော ပုဂ္ဂိုလ်မှာ ‘အကယ် ဒမီစန္ဒရားလှထွတ်’ဖြစ်ပြီး၊ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ခွဲခွာသွားသူမှာ ‘အကယ်ဒမီရုပ်ရှင်မင်းသားဝင်းဦး’ပင် ဖြစ်သည်။

တစ်ဆက်တည်းမှာပင် ၅-၁၂-၁၉၇၄ တွင် ကွယ်လွန်သွားသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ‘ဦးသန့်’ကို မမေ့သလို၊ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆုံးပါးသွားသော ‘ဆရာမြသန်းတင့်’ကိုလည်း သတိရနေမိသည်။ ထို့အတူ ၅-၁-၂၀၀၀ နေ့က ခွဲခွာသွားသော ‘အကယ်ဒမီ စန္ဒရားလှထွတ်’ကို သတိရနေသလို ၁၀-၇-၂၀၀၅က ထွက်ခွာသွားသော ‘စန္ဒရား ချစ်ဆွေ’ကိုလည်း အမှတ်ရနေခဲ့သည်။ ၂၆-၄-၂၀၀၆က ကွယ်လွန်ခဲ့သည့် ‘ဆရာအောင်ပြည့်’နှင့် ၁၄-၈-၂၀၀၄က ကွယ်လွန်သွားသော ‘ထူးအိမ်သင်’တို့ကိုလည်း လွမ်းမောနေဆဲပင်ဖြစ် သည်။ ရေးပြရလျှင် ဆုံးမည်မထင်ပေ။ (အခြားအနုပညာရှင်တွေလည်း အများကြီးကျန်သေးသည်။)

ကျွန်တော်က စာဖတ်သည်။ စာရေးသည်။ ဂီတကိုခံစားသည်။ ရုပ်ရှင်ကို စိတ်ဝင်စားသည်။ ထို့ကြောင့် ၂၄ နာရီတွင် စာမဖတ်၊ စာမရေး၊ ရုပ်ရှင် မကြည့်သည့်နေ့ ရှိခဲ့သော်လည်း သီချင်းနားမထောင်သည့်နေ့ မရှိခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် အိပ်ရာဝင်သည်နှင့် လက်ကိုင်ဖုန်းနှင့် နားကြပ်၏ အကူအညီကိုယူကာ ညတိုင်းဂီတကို ခံစားနေသောကြောင့် ဖြစ်သည်။

ကျွန်တော့်ဖုန်းထဲတွင် သီချင်းများအပြင် အဆိုမပါသော စန္ဒရားလှထွတ်၏ စန္ဒရားလက်သံများနှင့် ဆရာလှိုင်ဝင်းမော် (မကွေး)၏ စောင်းလက်သံများ ရှိနေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် ၀င်းဦး၏ သီချင်းများကို နားထောင်ဖြစ်သည်။ မမမိုး၊ မောင်တို့ချယ်ရီမြေ၊ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း၊ မျက်ဝန်းလဲ့ပြာပြာ၊ ရေချိုးဆိပ်၊ သည်နွေသည်မိုး သည်ဆောင်း၊ အိပ်မပျော်သောညများ၊ ရွှေမိုးညို၊ ပြည်တော်ဝင်၊ သုံးရာသီ၊ နန်းကေသီ၊ ကိုယ်ပြန်လာပြီ၊ တေလေငှက်နှင့် တခြား သီချင်းများဖြစ်သည်။

‘ကျောက်မဲအကျဉ်းသား’ ဇာတ်ကားတွင် သူဆိုခဲ့သော ‘ဒီအချိန်ရောက်ရင် ကျွန်တော့်စိတ်တွေ ဖောက်ဖောက်လာ တယ်’ဆိုသည့် စာသားအတိုင်း ပြက္ခဒိန်တစ်ခု၏ ဒီဇင်ဘာရောက်တုန်း သတိရနေမိသည်။ ကျွန်တော့်လိုပင် သူ၏ပရိသတ်တချို့လည်း သတိရနေဦးမည်သာဖြစ်သည်။ တချို့က အလွမ်းတွေကို အိပ်မက်ထဲမှာပင် စာရိုက်သိမ်းထားတတ်သည်။ တချို့ကလည်း သူ့အလွမ်းကို တစ်ကိုယ်တော်ပြပွဲအဖြစ် တင်ဆက်ကြသည်။

သို့သော် စာပေဂီတကို ရင်ခုန်သော ကျွန်တော်က အလွမ်းတွေကို ၀ါကျဖွဲ့ဖြစ်သည် ကျွန်တော့်အလွမ်းမှာ FDA၏ထောက်ခံချက် မပါသော်လည်း အလွမ်းစစ်စစ်ဖြစ်ကြောင်းနှင့် မည်သည့်အတုပြုလုပ်ချက်မျှ မပါကြောင်း ကျွန်တော့်နှလုံးသားက ကြေညာချက်ထုတ်ပြန်ထားခဲ့သည်။

ကျွန်တော် ပထမဆုံးကြည့်ခဲ့သော ရုပ်ရှင်မှာ ‘ဤစံအိမ်ဝယ်’ဖြစ်ပြီး ကျွန်တော် နှစ်ခြိုက်သောသီချင်းမှာ ‘ဆရာမောင် ဆွေတင့်’ကဗျာကို အသံထည့်ဆိုထားသော ‘တေလေငှက်’ ဖြစ်သည်။ အထူးသဖြင့် သင်္ကြန်ကာလရောက်တိုင်း ပြန်ပြလေ့ရှိသော ‘မောင်တို့ချယ်ရီမြေ’ဆိုသည့် ဇာတ်ကား၊ ‘သင်္ကြန်မိုး’ ဇာတ်ကားလို ကြည့်မ၀ဖြစ်နေဦးမည်။

ထို့ကြောင့် ‘မျက်ဝန်းလဲ့ပြာပြာ’ သီချင်းကို နားထောင်မိတိုင်း ‘မှုန်ရွှေရည်’ ဇာတ်ကားကို လွမ်းမိသလို၊ ‘မပြီးသေးသော ပန်းချီကား’ သီချင်းကိုညည်းမိတိုင်း ‘ဆောင်းအိပ်မက်’ကို သတိရမိသည်။ ထို့ပြင် ‘အိပ်မက်ထဲက ချစ်သူ’ သီချင်းကို လိုက်ဆိုမိတိုင်း ‘တိမ်လွှာမို့မို့လွင်’ ဇာတ်ကားကို မြင်ယောင်မိသည်။

သူသည် စာရေးသည်၊ သီချင်းဆိုသည်၊ ဒါရိုက်တာလုပ်သည်၊ မဂ္ဂဇင်းထုတ်သည်၊ သူလုပ်သည့် အလုပ်တိုင်း အောင်မြင်ခဲ့ သည်။ သီချင်းအနည်းငယ်ရေးခဲ့သော်လည်း ‘သန်းမြတ်စိုး’အတွက် ရေးပေးခဲ့သော ‘ထီးကလေးနဲ့ နှစ်ကိုယ်ယှဉ်’က ကျွန်တော့်ရင်ကို အတည့်မတ်ဆုံး ထိသွားသော သီချင်းဖြစ်သည်။

သူ့အကြောင်းရေးမည်ဆိုလျှင် စာအုပ်တစ်အုပ်လောက်ဖြစ်သွားနိုင်သည်။ ကျွန်တော်က သူ့အကြောင်း ရေးသူမဟုတ်ပေ။ စာပေနှင့်ဂီတကို စိတ်ဝင်စားသူပီပီ ကျွန်တော်သိသလောက်၊ ခံစားမိသလောက် ရေးသားခြင်းသာဖြစ်သည်။ အဓိကပြောချင်သည်က စာပေဖြစ်သည်။

သူ၏၀တ္ထုတစ်ပုဒ်ကို စတင်ဖတ်ဖူးသည်မှာ ‘၁၉၆၁ ခုနှစ် ဇူလိုင်လ ရှုမ၀မဂ္ဂဇင်း’တွင် ဖော်ပြခဲ့သော ‘တက္ကသိုလ် ကျောင်းသားတစ်ဦး’ဆိုသည့် ၀တ္ထုဖြစ်သည်။ (ထိုဝတ္ထုနှင့် ပတ်သက်ပြီး ဆရာမြသန်းတင့်၏ ဥပဓိရုပ်လည်းကောင်းတယ်၊ ၀တ္ထုလည်း ကောင်းတယ်ဆိုသော မှတ်ချက်စကားကို မဂ္ဂဇင်းတစ်အုပ်မှာ ကျွန်တော်ဖတ်ဖူးသည်။) ထို့နောက် သူ့ရုပ်ရှင်တွေကြည့်ဖြစ်သလို သူ့သီချင်းတွေကိုလည်း နားထောင်ဖြစ်သည်။ အဆိုတော် ဦးအံ့ကြီး၏သီချင်းတချို့ကို သူ့သီဆိုမှုဖြင့် နားထောင်ဖြစ်သလို အဆိုတော်မောင်မောင်ညွန့် သီဆိုသော သီချင်းတချို့ကိုလည်း သူ့အသံဖြင့် ခံစားခဲ့ရသည်။)

သူရေးသားထုတ်ဝေခဲ့သော ပထမဆုံးလုံးချင်းဝတ္ထုမှာ ‘ရွှင်ကြည်ကြည်’ စာအုပ်တိုက်က ထုတ်ဝေသော ‘ကျွန်တော်မွှေးတဲ့ မီး’ဖြစ်ပြီး ဒုတိယလုံးချင်းဝတ္ထုမှာ ၁၉၆၁ ခုနှစ်က ထုတ်ဝေသော ‘သိုး’ဆိုသည့် စာအုပ်ဖြစ်သည်။ သူ၏ ‘သိုး’၀တ္ထုကိုပင် ‘ကောလိပ်ဂျင်နေ၀င်း၊ ခင်သန်းနု’ တို့နှင့်တွဲကာ မင်းသားအဖြစ် သရုပ်ဆောင်ခဲ့သည်ကို ကျွန်တော် ကလေးဘ၀က ကြည့်ဖူးသည်။ ထို့နောက် စန္ဒာမဂ္ဂဇင်းနှင့် ပုံနှိပ်တိုက်ကိုတည်ထောင်ကာ ရုပ်ရှင်ရိုက်ရင်း၊ သီချင်းဆိုရင်း စာရေးခဲ့သည်။

ငွေလှိုင်းဇာပေါ်မှာ၊ နောင်အင်းလေး၊ သွေး၊ မိန်းမလှအမုန်း၊ ဆယ်စုခေတ် တစ်နှစ်စွန်း၊ မန်းသင်္ကြန် စသည့်စာအုပ်များကို ရေးသားခဲ့သည်။ ထိုဆယ်စုခေတ် တစ်ခေတ်စွန်း၊ မန်းသင်္ကြန်စာအုပ်ကို စာပေခရီးသွားများစာပေက ၂၀၀၁ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ် ထုတ်ဝေခဲ့သည်။ တစ်ခုထူးခြားသည်မှာ စာအုပ်စာပေထုတ်ဝေရေး သမိုင်းတွင် ‘ဆရာမောင်သိန်းဆိုင်’က သူ၏ ‘ရေနံ့သာခင်ခင်ကြီး’ ၀တ္ထုကို ရေးစီရိုက်အဖြစ် ထုတ်ဝေခဲ့သည့်နည်းတူ ကိုဝင်းဦး ကလည်း စာမျက်နှာများပြီး စိတ္တဇဆန်သော ‘မိန်းမလှကျွန်း’ဆိုသည့်စာအုပ်ကြီးကို သူ၏စက်ခန်းထဲမှာပင် ရေးစီရိုက်ပြီး ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ သူ၏နောက်ထပ် ကလောင်ခွဲမှာ ‘ညိုမင်းလွင်’ ဖြစ်သည်။ ‘ရှုမ၀၊ သွေးသောက်’ မဂ္ဂဇင်းများတွင် ရေးသားခဲ့သည်။

သူအနုပညာလောကကို ရောက်စက ဂစ်တာကိုင်ကာ ပရက်စလေ၏ဟန်နှင့် မီးပုံပွဲ၊ မမမိုးစသည့်သီချင်းများကို သီဆိုခဲ့ သလို နောက်ပိုင်းကာလများတွင် ခေတ်ဟောင်းသီချင်းများကို ဂီတပဒေသာစင်မြင့်ပေါ်တွင် သီဆိုခဲ့သည်။ ထို့ပြင် သူ့သီချင်းမဟုတ်သော် လည်း သူကြိုက်လျှင် တခြားသီချင်းများကိုလည်း သီဆိုလေ့ရှိသည်။

ဥပမာ စန္ဒရားလှထွတ်၏ ‘အိပ်မပျော်သောညများ’၊ တွံတေးသိန်းတန်၏ ‘ဆောင်းရယ် နှင်းရယ် ချစ်သူရယ်’နှင့် တေးသံရှင် ကိုတင်ထွတ်၏ ‘ပြစ်မျိုးမှည့်မထင်’စသည့် သီချင်းများကိုလည်း ပြန်ဆိုခဲ့သည်။
သင်္ကြန်ကာလတွင် လူတိုင်းနီးပါးလောက်ဆိုကြသော ‘မြနန္ဒာ’သီချင်းမှာ သူစတင်သီဆိုအသံသွင်းခဲ့ခြင်းဖြစ်သလို ကျွန်တော့်လက်ကိုင်ဖုန်းထဲတွင် ထိုသီချင်းရှိသည်။

ကျွန်တော်သည် သူ(ကိုဝင်းဦး)၏ အနုပညာကို တန်ဖိုးထားသော သာမန်ပရိသတ်တစ်ယောက်သာဖြစ်သည်။ ထို့ကြောင့် သူ့အကြောင်း စုံအောင်သိသူမဟုတ်သလို သူ့အတ္ထုပ္ပတ္တိရေးသူလည်း မဟုတ်ပေ။

သေချာသည်မှာ သူသည် ၁၃-၃-၁၉၃၅ က ကမ္ဘာမြေပေါ်သို့ ရောက်လာပြီး၊ ၁၄-၁၂-၁၉၈၈တွင် ပြန်လည်ထွက်ခွာသွားသူဖြစ်သည်။

သို့သော် ကောင်းသတင်းမွှေးရနံ့များဖြင့် ထင်ရှားကျော်ကြားသူ ‘FAMOUS’ တစ်ယောက်အဖြစ် ဘ၀ကိုအဓိပ္ပာယ်ရှိရှိနေထိုင်သွားသူတစ်ယောက်သာ ဖြစ်သည်။

(၁၄-၁၂-၁၉၈၈တွင် ကွယ်လွန်သွားသော ကိုဝင်းဦးအမှတ်တရ)

မောင်မိုးဦး – ရေးသည်။