၂၀၁၇ခုနှစ် ကမ္ဘာ့သတင်းမှန်ကူကွက်များ (ဧပြီ)

“စင်စစ်အားဖြင့် တရုတ်သမ္မတရှီကျင်ပင်းနှင့် သမ္မတဒေါ်နယ်ထရန့်တို့မှာ
တစ်ခါတစ်ခါ နိုင်ငံရေးအထာချင်း၊
နိုင်ငံရေးအယူအဆချင်း၊ ရည်မှန်းချက်ပန်းတိုင်ချင်း တူကြသူများမဟုတ်ပေ။ သို့ရာတွင် သူတို့နှစ်ဦးတွင်
တွေ့နိုင်သည့် တူညီသောဘုံလက္ခဏာတစ်ရပ်မှာ
အမျိုးသားရေးဝါဒနှင့် အမျိုးသားအကျိုးစီးပွားအခြေပြု နိုင်ငံရေး ဓမ္မစစ်သဘောတရားကို
မလွတ်တမ်း ကိုင်စွဲထားသူများဖြစ်သည်။”

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့် ထိုင်းနိုင်ငံရေး ရေချိန် (၂၀၁၇ ခုနှစ် ဧပြီ ၆ ရက်)

အာရှဒီမိုကရေစီနိုင်ငံများအနက် နိုင်ငံရေး ရေချိန်အတက်အကျ အမြန်ဆုံးနိုင်ငံကို ပြပါဆိုလျှင် ထိုင်းနိုင်ငံ ကို ပြရပေလိမ့်မည်။ ထိုင်းနိုင်ငံသည် ၁၉၁၃ ခုနှစ်မှ စ၍ ၂၀၁၄ ခုနှစ်အထိ အာဏာသိမ်းယူမှုနှင့် အာဏာသိမ်းရန် ကြိုးပမ်းမှုပေါင်း ၂၁ ကြိမ် ရင်ဆိုင်ခဲ့ရပြီး နှစ်ပေါင်း ၁၀၀ မပြည့်မီကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉ ခုအထိ ပြောင်းလဲကျင့်သုံးခဲ့သည်။ ထိုင်းနိုင်ငံ၏ အထက်ဖော်ပြပါ နိုင်ငံရေး အပြောင်းအလဲများ၏ အဓိက မောင်းနှင်အားသည် ဘုရင်ဂိုဏ်းဝင် နိုင်ငံရေး အင်အားစုများနှင့်ဒီမိုကရက်တစ်နိုင်ငံ ရေး အင်အားစုများ၏ တိုက်ပွဲများဖြစ်သည်။

-Ads-
-Ads-

ထိုင်းနိုင်ငံ၏ နောက်ဆုံးအာဏာသိမ်းပွဲမှာ ၂၀၁၄ ခုနှစ် အာဏာသိမ်းပွဲဖြစ်သည်။ ထိုင်းဝန်ကြီး ချုပ်ဟောင်းသက်ဆင် ရှင်နာဝပ်နှင့် ၎င်း၏ညီမ၀န်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ် တို့ကို ထောက်ခံသည့် ရှပ်နီဂိုဏ်းဝင်များနှင့် ဘုရင့်ဂိုဏ်းဝင် ရှပ်ဝါများအကြား လမ်းပေါ်နိုင်ငံရေးတိုက်ပွဲများသည် ၂၀၁၄ ခုနှစ်အတွင်း အခေါင်အထွတ်သို့ ရောက်ရှိလာခဲ့သည်။ ယင်းကာလအပိုင်း အခြားမှာပင် ဘုရင့်ဂိုဏ်းဝင်များသြဇာကြီး သည့် ထိုင်းတပ်မတော်က ရွေးကောက်ခံ အစိုးရအဖွဲ့ဖြစ်သည့် မွေထိုင်းပါတီအစိုးရကို ဖြုတ်ချခဲ့သည်။ ထို့နောက်တွင်မူ အာဏာသိမ်းပွဲနှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေအပြောင်း အလဲပါကပ်ပါလာခဲ့သည်။

ဝန်ကြီးချုပ် ပရာယုချန်အိုချာ ဦးဆောင်သော ထိုင်းအာဏာ သိမ်းအစိုးရအဖွဲ့သည် ကျင့်သုံးဆဲ ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်း၍ နိုင်ငံရေးနယ်ပယ်၌ စစ်ဘက်ကို နေရာ ပေးထားကာ ထိုင်းဘုရင်စနစ်ကို အချိုးတကျကာကွယ် ပေးထားနိုင်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်အစားထိုးကျင့် သုံးရန် ကြိုးပမ်းခဲ့သည်။ ထိုင်းအာဏာသိမ်းအစိုးရအဖွဲ့သည် ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတစ်ရပ် ရေးဆွဲခဲ့သော်လည်း လူထုဆန္ဒခံယူပွဲကျင်းပချိန်တွင် လုံလောက်သည့် ထောက်ခံမှုမရမည့်အရေး စိုးရိမ်မှုကြောင့် ယခင် ဖွဲ့စည်းပုံဥပဒေမူကြမ်းကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ၂၀၁၆ခုနှစ် သြဂုတ်လ တွင် ထိုင်းစစ်အစိုးရအဖွဲ့သည် ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို လူထုဆန္ဒခံယူပွဲအဖြစ် အတည်ပြုခဲ့သည်။ ယခု တစ်ကြိမ်တွင်မူ ထိုင်းစစ်အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်မူကြမ်း အတည်ပြုနိုင်ရေးအတွက် လုံလောက်သည့် ထောက်ခံမဲရရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့် ပတ်သက်၍ အများပြည်သူများ အသိနည်းပါးသမျှ နည်းနိုင်ရန် လူထုဆန္ဒခံယူပွဲမတိုင်မီ ဖွဲ့စည်းပုံမူကြမ်းဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုများကို တင်းကျပ်စွာပိတ်ပင်ခဲ့သည်။

 

၂၀၁၇ ခုနှစ် ဧပြီ ၆ ရက်ကို၂၁-ရာစု ထိုင်းနိုင်ငံရေး ရေစီး ကြောင်း၏ ထူးခြားသောနေ့တစ်နေ့ အဖြစ်ဆိုနိုင်သည်။ ထိုနေ့တွင် ထိုင်းဘုရင်သစ် မဟာဝိဇယလောင်ကွန်းက ၂၀၁၆ခုနှစ်အတွင်း လူထုဆန္ဒခံယူပွဲအဖြစ် အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုင်းနိုင်ငံ၏ ယခု အကြိမ်၂၀ မြောက်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မှတ်ရေးထိုးရာတွင် ထူးခြားချက်တစ်ခုရှိသည်။ ယင်းထူးခြားချက်မှာ ခမ်းနား ကြီးကျယ်မှုဖြစ်သည်။ ၂၀၀၇ ခုနှစ်ဖွဲ့စည်းပုံအခြေ ခံဥပဒေကို လူထုဆန္ဒခံယူပွဲအပြင် ရက်အနည်းငယ် အကြာတွင် နတ်ရွာစံထိုင်းဘုရင် ဘူမိဘော အဒူယာဒက်က တိတ်တိတ်ဆိတ်ဆိတ်ပင် လက်မှတ်ရေးထိုးခဲ့ သော်လည်း ၂၀၁၆ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို လက်မှတ် ရေးထိုးရာတွင် အမြောက် ၂၁ ချက် ပစ်ဖောက်ခြင်း၊ တစ်နိုင်ငံ လုံးရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏ အနုမောဒနာများရယူ ခြင်းတို့ဖြင့် ခမ်းခမ်းနားနားကျင်းပခဲ့သည်။ ဘုရင်မင်းမြတ် ဘူမိဘောအဒူယာဒက်နတ်ရွာစံ ပြီးနောက် ပေါ်ထွက်လာ သည့် သမိုင်းဝင်နိုင်ငံရေး အကူးအပြောင်း ဗဟိုချက်မသည် ထိုဖွဲ့စည်းပုံအခြေခံဥပဒေပင်ဖြစ်သည်ဟူ၍ထိုင်းပြည်သူများ အား အသိပေးလိုက်သည့် သဘောပင်ဖြစ်နိုင်ပါသည်။ မည်သို့ဖြစ်စေ နိုင်ငံရေးသမားများ၏ နိုင်ငံရေးအလုပ်ကို ကန့်သတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ၂၀၁၇ ခုနှစ် ဧပြီ ၆ ရက်တွင် အသက်ဝင်လာမှုနှင့်အတူ ထိုင်းနိုင်ငံကို ခေတ် သစ် မသေချာမှုအသစ်များက စောင့်ကြိုနေပေလိမ့်မည်။

၂၁ ရာစု မဟာကစားပွဲကြီး စတင်ချိန်(၂၀၁၇ ခုနှစ် ဧပြီ ၆ ရက်)

နိုင်ငံကြီးများ၏ ၂၁ ရာစု ကစားပွဲများသည် အမျိုးသား အကျိုးစီးပွားကို အခြေခံသည့် နိုင်ငံရေး ဓမ္မစစ် (Real politiks) သဘောတရားကြောင့် သရုပ်မှန်လွန် ပန်းချီကား တစ်ချပ်ကို ကြည့်ရသည် နှင့် တူပေသည်။ သံတမန်ဝေါဟာရ များအကြားမှ ထွေပြားသည့် အမျိုးသားအကျိုးစီးပွားရည်မှန်း ချက်များသည် မပီဝိုးတ၀ါးနိုင်လှသည်။ အဓိပ္ပာယ်အကောက်ရ ခက်လှသည်။ ထိုအချက်ကို တရုတ်နှင့်အမေရိကန်ဆက်ဆံ ရေး၊ အထူးသဖြင့် တရုတ်သမ္မတရှီကျင်ပင်းနှင့် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်တို့၏ ဆက်ဆံရေးပုံစံတွင် တွေ့ရပါလိမ့်မည်။

၂၀၁၇ ခုနှစ် ဧပြီ ၆ ရက်တွင် တရုတ်သမ္မတ ရှီကျင်ပင်းသည် ဖလော်ရီဒါပြည်နယ် ပမ်းဘိခန်မြို့ရှိ မာအာလာဂိုအပန်းဖြေ ခစခန်း၌ အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် တွေ့ဆုံခဲ့ သည်။ ထိုတွေ့ဆုံပွဲသည် တရုတ်-အမေရိကန်နှစ်နိုင်ငံဆက်ဆံ ရေး အနာဂတ်အလားအလာများကို ပုံဖော်ပေးမည့် ၂၁ ရာစု ကမ္ဘာ့အစီအစဉ်သစ်ကို လမ်းကြောင်းပေးသည့် မဟာကစား ပွဲကြီး၏ နိဒါန်းပင်ဖြစ်သည်။ သမ္မတ ရှီကျင်ပင်းနှင့် သမ္မတ ဒေါ်နယ်ထရန့်တို့၏ ဧပြီ ၆ ရက်တွေ့ဆုံပွဲကိုမြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်မှုပြဿနာ၊ ကုန်သွယ်ရေးပြဿနာ စသည့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုနှစ်နိုင်ငံစလုံးနှင့် သက်ဆိုင်သော၊ တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သောပြဿနာ များက အရိပ်ထိုးထားသည်။

ထိုများသာမကပါ၊ မာအာလာဂိုတွေ့ဆုံ ဆွေးနွေးပွဲတွင်တရုတ် သမ္မတ ရှီကျင်ပင်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့၏ ပြည် တွင်းနိုင်ငံရေး နောက်ခံရည်မှန်းချက်များကိုလည်းကိုယ်စီ တွေ့နိုင်ပါသည်။ သမ္မတ ရှီကျင်ပင်းအနေဖြင့် တရုတ်ကွန်မြူ နစ်ပါတီ၏ ၁၉ ကြိမ်မြောက် ညီလာခံမတိုင်မီ ပြည်တွင်းနိုင်ငံ ရေး သြဇာခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်ရေးအတွက် စိတ်ပြဒါးပိုင်ရှင်အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ထိန်း ထားနိုင်ကြောင်း ပြသသည့်သဘောရှိသည်။ ထိုနည်းတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လည်း၏ ပြည်တွင်း နိုင်ငံရေးမူဝါဒဖြစ်သည့် “အမေရိ က ပဓာန” မူဝါဒကိုအကောင် အထည်ဖော် နိုင်ရေးအတွက် တရုတ်နိုင်ငံကို လိုအပ်သည်။

စင်စစ်အားဖြင့် တရုတ်သမ္မတ ရှီကျင်ပင်းနှင့် သမ္မတဒေါ်နယ် ထရန့်တို့မှာ တစ်ခါတစ်ခါ နိုင်ငံရေးအထာချင်း၊နိုင်ငံရေးအယူ အဆချင်း၊ ရည်မှန်းချက်ပန်းတိုင်ချင်း တူကြသူများမဟုတ်ပေ။ သို့ရာတွင် သူတို့နှစ်ဦးတွင် တွေ့နိုင်သည့် တူညီသော ဘုံလက္ခဏာတစ်ရပ်မှာ အမျိုးသားရေးဝါဒနှင့် အမျိုးသား အကျိုးစီးပွားအခြေပြု နိုင်ငံရေး ဓမ္မစစ်သဘောတရားကို မလွတ်တမ်း ကိုင်စွဲထား သူများဖြစ်သည်။ သို့ဖြစ်ရာ တရုတ် သမ္မတ ရှီကျင်ပင်းနှင့် အမေရိကန်သမ္မတဒေါ်နယ်ထရန့် တို့သည် တစ်ခုတည်းသော ဘုံစရိုက်လက္ခဏာအပေါ်အခြေပြု ၍ နှစ်နိုင်ငံပြဿနာများ၊ ကမ္ဘာ့ပြဿနာများကို ချဉ်းကပ်ကြ မည်ဖြစ်ရာ ဧပြီ ၆ ရက် မာအာလာဂို ဆွေးနွေးပွဲသည် တရုတ်- အမေရိကန် ဆက်ဆံရေးပုံစံသစ်၏ နိဒါန်း၊ ၂၀၁၇ ခုနှစ် မဟာ ကစားပွဲ၏ နိဒါန်းတို့ စတင်ချိန်ပင် ဖြစ်တော့သည်။

အစဉ်အလာ ၀ါဒီများ၏ ဂန္ထ၀င်ကျဆုံးခန်း (၂၀၁၇ခုနှစ် ဧပြီ ၂၉ ရက်)

၂၀၁၇ ခုနှစ်သည် တရားမ၀င်လူဝင်မှု ပြဿနာများနှင့် ဂလိုဘယ်လိုက်ဇေးရှင်းကန့်သတ်ရေး စိတ်အခံများကြောင့် ဥရောပတိုက်၌ အမျိုး သားရေးဝါဒီ မိုးသက်မုန်တိုင်းကြီးတစ်ရပ် တိုက် ခတ်နေချိန်ဖြစ်သည်။ အစဉ်အလာနိုင်ငံရေးပါတီ ကြီးများ ဇာတာစန်းလာဘ် မှေးမှိန်၍ တရားမ၀င် လူဝင်မှု ဆန့်ကျင်ရေး၊ ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ရေး လှုပ်ရှား မှုများကို ဦးဆောင်လာသည့် အမျိုးသားရေးဝါဒီနိုင်ငံရေး ပါတီများစန်းတက်လာသည်။ ထိုကဲ့သို့ ဥရောပတစ်လွှား၌ အမျိုးသားရေး ၀ါဒီ နိုင်ငံရေးလှုပ်ရှားမှု အားကောင်းမောင်း သန်ဖြစ်လာချိန်တွင် ဥရောပနိုင်ငံများ၏ ရွေးကောက်ပွဲများ တွင် အစဉ်အလာပါတီများ နိုင်ငံရေးခြေကျလာပြီး အမျိုးသား ရေးဝါဒီပါတီများက နိုင်ငံရေးအရခြေရာလာတိုင်းကြသည်။ သို့ရာတွင် ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာမူ တစ်မျိုးတစ် ဘာသာထူးခြားခဲ့သည်ကို တွေ့နိုင်သည်။

ပြင်သစ်သမ္မတရွေးကောက်ပွဲ ဧပြီ ၂၃ ရက်တွင် ကျင်းပခဲ့ရာ ဥရောပ၏ ဗဟိုဒီမိုကရေစီစံနှုန်းများကို ကာကွယ်လိုသည့် လစ်ဘရယ်ဝါဒီများက မျက်စိဒေါက်ထောက်ကြည့်ခဲ့ကြသည့် ရွေးကောက် ပွဲတစ်ပွဲဖြစ်သည်။ ဧပြီ ၂၃ ရက် ပြင်သစ်သမ္မတ ရွေးကောက်ပွဲတွင် ပြင်သစ်ပြည်သူများသည် ပြင်သစ်နိုင်ငံ၏ စစ်လွန်ခေတ်နိုင်ငံရေးလောကကို လွှမ်းမိုးထားသည့် အစဉ် အလာနိုင်ငံရေးပါတီကြီး နှစ်ပါတီလက်ပြနှုတ်ဆက်လိုက် သည်။

ထို့နောက် ပြင်သစ်ပြည်သူများသည် အစဉ်အလာပါတီကြီးများ အကြား အမျိုးသားရေးဝါဒီ၊ အမျိုးသားတပ်ဦးပါတီခေါင်းဆောင် မရင်းလီပင်း နှင့် ဥရောပသမဂ္ဂကို လိုလားသူ စီးပွားရေးဝန်ကြီး ဟောင်း အီမင်နျူရယ်မက်ခရွန်တို့ကို မေ ၇ ရက်တွင်ကျင်းပခဲ့ သော ဒုတိယအကျော့ ပြင်သစ်သမ္မတ ရွေးကောက်ပွဲသို့တွန်း တင်ပေးသည်။

သို့နှင့်ပင် ပြင်သစ်ပြည်သူများသည် ပြင်သစ်နိုင်ငံရေး ဇာတ်ခုံပေါ်၌ ဂလိုဘယ်လိုက် ဇေးရှင်းဒီလှိုင်းရိုက်ခတ်မှုမှ ပြင်သစ်နိုင်ငံကို ကာကွယ်ထားလိုသူ မရင်းလီပင်းနှင့် ဂလိုဘယ် လိုက်ဇေးရှင်းဒီလှိုင်းနှင့်အတူ ပျော်ပါးလိုသူ အီမင် နျူရယ်မက်ခရွန်တို့အကြား တိုက်ပွဲတစ်ပွဲကို ဖန်တီးပေး လိုက်သည်။

၂၀၁၇ခုနှစ် ဧပြီ ၂၃ ရက် ပြင်သစ်သမ္မတရွေး ကောက်ပွဲ ပထမအကျော့သည် ဥပရောပသမဂ္ဂ၏ အနာဂတ်နှင့် ပြင်သစ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံရေး လောက၌ရပ်တည်မည့် နေရာတို့ကို ပြဋ္ဌာန်းပေးနိုင်မည့် ရွေးကောက်ပွဲဖြစ်ခဲ့သလို ဥရောပအစဉ်အလာ နိုင်ငံရေးပါတီကြီးများ၏ ဂန္ထ၀င်ကျ ဆုံးခန်းကို ထင်ဟပ်လိုက်သည့် ရွေးကောက်ပွဲမျိုးလည်းဖြစ်နိုင် ပါသည်။

-Ads-
-Ads-