သရုပ်ဆောင်ဝိုင်းစုခိုင်သိန်းနှင့် တွေ့ဆုံခြင်း

“ပရိသတ်ကို အဓိက ဦးစားပေးပြီးတော့ ရှိုးပွဲလုပ်ဖြစ်တာပါ”
ဓာတ်ပုံ – ၀ိုင်းစုခိုင်သိန်းဖေ့စ်ဘွတ်ခ်

  

ဂီတသက်တမ်း ၁၃ နှစ် ရှိပြီးဖြစ်သော အဆိုတော်၊ သရုပ်ဆောင်ဝိုင်းစုခိုင်သိန်း သည် မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ခါချနေရတယ်၊ ဂါ နှင့် မယ်သီတာတေးသီချင်းခွေများထွက်ရှိထားပြီး ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီတွင် မန္တလေးမြို့ Golden City People Park ၌ တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပမည် ဖြစ်သည်။ တစ်ကိုယ်တော် Birthday Show ပွဲကြီး ကိုဒီဇင်ဘာ ၂၄ ရက် ည ၇ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိ Event Park ၌ ဖျော်ဖြေကျင်းပသွားမည်ဖြစ်ကြောင်းနှင့် သရုပ်ဆောင်ပိုင်းကို လည်း လုပ်ဆောင်ရန်ကြိုးစားနေကြောင်းနှင့် စပ်လျဉ်း၍ အဆိုတော် သရုပ်ဆောင်ဝိုင်းစုခိုင်သိန်းနှင့် တွေ့ဆုံခိုက်မေးမြန်းခဲ့သည် –
 
ဓာတ်ပုံ – ၀ိုင်းစုခိုင်သိန်းဖေ့စ်ဘွတ်ခ်
မေး – အရင်နှစ်တွေနဲ့ မတူဘဲ မွေးနေ့မှာ ရှိုးပွဲကျင်းပဖြစ်တဲ့အကြောင်း ပြောပါဦး။
 
ဖြေ – ဝိုင်းစုကအရင် နှစ်နှစ်လောက်ကတည်းက Birthday Show ပွဲလုပ်ချင်နေတာပါ ။ မွေးနေ့မှာပွဲတွေရှိနေတော့မလုပ်ဖြစ်တာပါ။ ဒီနှစ်မှာတော့ ဝိုင်းစုရဲ့ Page ကနေပြီး ဝိုင်းစုရဲ့ပရိသတ်တွေကို မေးကြည့်လိုက်တယ်။ တခြားနေ့မှာ Show ပွဲလုပ်ရမလား၊ မွေးနေ့မှာ show ပွဲလုပ်ရမလားပေါ့။ ပရိသတ်တွေကမွေးနေ့မှာ လုပ်ပါ။ လက်ဆောင်လေးတွေလည်း ပေးချင်တယ်ဆိုတော့ အရဲစွန့်လုပ်လိုက်တာပါ။ ပရိသတ်ကလည်း အဲ့ဒီနေ့ကို ပိုလာချင်တယ်ပြောတော့ဦးစားပေးဖြစ်လိုက်တယ်။ ပရိသတ်ကို အဓိကဦးစားပေးပြီး ရှိုးပွဲလုပ်ဖြစ်တာပါ။ ပုံမှန်ကတော့ တခြားပွဲအကြောင်းအရာဆိုရင် ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ဖို့ မရှိဘူးလေ။ မွေးနေ့မှာပွဲလုပ်တော့ ဝိုင်းစုကို တွေ့ချင်သူပဲဖြစ်ဖြစ်၊ လက်ဆောင်ပေးချင်တာပဲ ဖြစ်ဖြစ် ၊ ပရိသတ်တွေလည်း ကိတ်တွေခွဲလို့ရတယ်။ Special Guest ကတော့ ဝိုင်းစု ဝှက်ထားချင်တယ်။ ဝိုင်းစုက Special Guest ကိုကြိုပြီးတော့ ကြေညာလေ့မရှိဘူး။ Special Guest နဲ့လည်း ဝိုင်းစုသီချင်းတစ်ပုဒ်ပဲဆိုတာပါ။
 
မေး – ဝိုင်းစုရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် စတိတ်စင်ကိုရောဘယ်လိုထူးခြားအောင် ဖန်တီးထားလဲ။
 
ဖြေ – ဝိုင်းစုပွဲကို ထူးထူးခြားခြားဆိုတာထက် ပွဲရဲ့ Theme နဲ့လည်း လိုက်ရမယ်။ ပွဲလာတဲ့ ပရိသတ်ကတော့ ထူးထူးခြားခြားအနီးကပ် ကြည့်ရှုရမှာပေါ့ ။ ဝိုင်းစုက Live မလွှင့်တဲ့အတွက် ရှိုးပွဲကို သေချာလာကြည့်မှ မြင်တွေ့ရ မှာပါ။မြူးဇစ်ပိုင်းကိုလည်း အကောင်းဆုံး ကြိုးစားလုပ်ထားတယ်။ သီချင်းဆိုလည်းဂါနဲ့ မယ်သီတာထဲကသီချင်းတွေကိုရော အရင်ထွက်ခဲ့တဲ့ သီချင်းတွေကိုပါ မျှမျှတတ ထည့်မယ်။ ပရိသတ်အားလုံးလည်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။
ဓာတ်ပုံ – ၀ိုင်းစုခိုင်သိန်းဖေ့စ်ဘွတ်ခ်
မး – Live မထုတ်လွှင့်ဖြစ်တဲ့ အကြောင်းကိုပြောပါဦး။
 
ဖြေ – ဝိုင်းစုရဲ့ ပွဲမှာလူများချင်တာပါ။ ပရိသတ် တွေနဲ့ အတူတူပျော်ချင်တာပါ။ Live လွှင့်လိုက်ရင် လာဖို့ အခက်အခဲရှိသူတွေလည်း ရှိမယ်။ တစ်ခါတလေ Live လွှင့်ရင် ကိုယ့်လည်းအိမ်မှာပဲ ကြည့်လိုက်မယ်ဆိုတာမျိုး ဖြစ်တတ်တယ်။ ပွဲလာစေချင်လို့ တိုက်ရိုက်မထုတ်လွှင့်တာပါ။ အခွေထုတ်ဖို့၊ မထုတ်ဖို့ဆိုတာမသေချာဘူး။ ဒါပေမဲ့ ရိုက်ကူးထားမယ်။
 
မေး – သီချင်းဘယ်နှပုဒ်လောက် သီဆိုဖြစ်မလဲ။ပုံစံလေးတွေ ပြောင်းလဲမယ်လို့ သိရတယ်။
 
ဖြေ – ဝိုင်းစုသီချင်းအပုဒ် ၃၀ ကျော်သီဆိုမှာပါ။ပုံစံပြောင်းမယ်ဆိုတာကဝိုင်းစုရဲ့ သီချင်းတွေကို အမြူးလေးတွေဖြစ်အောင် လုပ်ထားတယ်။ သီချင်းအကုန်လုံးထဲက ပြန်တီးထားတယ်။ အကပိုင်းနဲ့ပတ်သက်ပြီး Performance ပိုင်းကိုလည်း ပြန်ထွင်ဖို့ လုပ်ထားတယ်။ တီးဖို့ကတော့ Dream Lover Music Band နဲ့ DJ Wyne ပေါင်းတီးမယ်။ အရင်တီးခတ်ထားတဲ့ ပုံစံမဟုတ်ဘဲ။ အဆွေးသီချင်းတွေလည်းဒီလိုပါပဲ။
 
မေး – ဝိုင်းစုမွေးနေ့ဆိုတော့ စင်ပေါ်မှာရော မွေးနေ့ကိတ်ခွဲဖို့ ရှိမလား။
 
ဖြေ – မွေးနေ့မှာ ပွဲကျင်းပတာမို့ Birthday Cake ခွဲမယ်၊ လက်ဆောင်တွေလည်း ပရိသတ်ကိုပေးဖို့ အစီအစဉ်တွေလည်းရှိပါတယ်။ ၀ိုင်းစုကို အားပေးတဲ့ ပရိသတ်တွေကို ပြန်ပြီးမေတ္တာတုံ့ပြန်တဲ့သဘောနဲ့ ကံစမ်းမဲလေးလုပ်ထားတယ်။ ဂါအမ်တီ ဗွီခွေဝယ်အားပေးသူရော၊ ကံစမ်းမဲမပေါက်တဲ့ ပရိသတ်ကိုပါ ဝိုင်းစုက ပြန်ပေးစရာမရှိတော့ ဒီဇင်ဘာ ၁၆ ရက်မှာ ရာခိုင်နှုန်းတွေလည်း ပြန်ချထားပေးတာပါ။
 
မေး – ဝိုင်းစုရဲ့မွေးနေ့ပေမယ့် ခရစ္စမတ်ကာလမှာ ပွဲအတွက်စိုးရိမ်မှုရောရှိမလား။
 
ဖြေ – ဝိုင်းစုရဲ့ သီချင်းခွေပဲဖြစ်ဖြစ်၊ ရှိုးပွဲအတွက်ပဲဖြစ်ဖြစ် ဘယ်အရာမဆို အမြဲတမ်းတော့ စိတ်ပူရတာပဲလေ။ တစ်ခုခုများဖြစ်မလား၊ အမှားအယွင်းများ ဖြစ်မလားပေါ့။ ကိုယ်ကနေမကောင်းများဖြစ်သွားမလား အစစ၊ အရာရာတော့ စိတ်ပူရတာပေါ့နော်။ ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင်တော့ လုပ်ထားပါတယ်။ တစ်ခါတလေတော့ အမှားအယွင်းလေးတွေရှိတာပေါ့။ အဲဒီလိုဖြစ်ခဲ့ရင်လည်း ကြိုပြီးတော့တောင်းပန်ပါတယ်။
 
မေး – သရုပ်ဆောင်ပိုင်းရော ပြန်လုပ်ဖြစ်ဦးမလား။
 
ဖြေ – သရုပ်ဆောင်ပိုင်းပြန်ရိုက်ဖြစ်ရင်တော့ ဇာတ်ကားတွေကိုသေချာစိစစ်ပြီးတော့
ရိုက်မယ်။ ဝိုင်းစုကိုယ်တိုင် ရိုက်ဖို့ပိုများပါတယ်။ လာငှားရင်လည်းဇာတ်လမ်းကောင်းလေးပေါ့။
 
ဥပမာ- ညဆိုတဲ့ ဇာတ်ကားမျိုးဆိုရင် ဝိုင်းစုကြိုက်တယ်။ ဝိုင်းစုဇာတ်လမ်းလေး
သေသေချာချာစိစစ်ပြီး ရွေးချယ်ရိုက်ချင်ပါတယ်။ သမားရိုးကျမဟုတ်ဘဲ။ အခွေတွေဆက်တိုက်ထုတ်နေလို့ ဇာတ်ကားရိုက်ဘက်ကိုမလှည့်ဖြစ်တာပါ။ ပရိသတ်တွေလည်းတောင်းဆိုတာ တော်တော်ကြာနေပါပြီ။ ရိုက်ဖို့ တော့ ကြိုးစားနေပါတယ်။
 
မေး – ဝိုင်းစုရဲ့ ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီးဘာတွေ ဖြည့်စွက်ပြောချင်သေးလဲ။
 
“ဂါ” အတွက်လည်း ၀ိုင်းစုအကောင်းဆုံး ကြိုးစားထားတယ်။ Birthday Show မှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားတင်ဆက်ထားတယ်။ ဘာလို့ဆိုတော့ ဝိုင်းစုနောက်နှစ်၊ နောက်နှစ်တွေမှာလည်း ရှိုးပွဲလုပ်ချင်တယ်။ ဒီနှစ်မှာ အကောင်းဆုံးလုပ်ထားမှ နောက်နှစ်တွေလည်း လာကြည့်ချင်မှာလေ။ ဝိုင်းစုဘက်က တတ်နိုင်သမျှ မလျှော့ထားဘူး။ အသိအမှတ်ပြုပေးမယ့် ပရိသတ်ကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ အသိအမှတ်ပြုပေးပါ ဝေဖန်အကြံပြုပါလို့ ဖိတ်ခေါ်ချင်ပါတယ်။
-Ads-
-Ads-