၂၀၁၇ ခုနှစ် ကမ္ဘာသတင်း မှန်ကူကွက်များ(မေ)

“၂၀၁၅ ခုနှစ်အတွင်း
အီရန်နှင့် ကမ္ဘာ့အင်အားကြီး
နိုင်ငံများအကြား ရယူထားသည့် နျူကလီးယား သဘောတူညီချက်ကို သမ္မတဒေါ်နယ်ထရန့်က အသိအမှတ် မပြုလို။ အဆိုပါသဘောတူညီချက်မှ အမေရိကန်ပြည်ထောင်စုသာ
နုတ်ထွက်ခဲ့ပါက မြောက်ကိုရီးယား
နျူကလီးယား ပြဿနာကဲ့သို့
နိုင်ငံတကာ ခေါင်းစားရတော့မည့် နျူကလီးယားပြဿနာတစ်ခု အရှေ့အလယ်ပိုင်း၌
ထပ်မံ ထွက်ပေါ်လာဖွယ်ရှိသည်။”

၂၀၁၇ ခုနှစ် မေလတွင် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၏ အကျိုးသက်ရောက်မှုကြောင့် ရှိရင်းစွဲ နိုင်ငံရေး အစဉ် အလာများ ပြိုလဲလိုသူများ၊ အမျိုးသားရေး ၀ါဒီများနှင့် လစ်ဘရယ်ဒီမိုကရေစီစံနှုန်းများကို ထိန်းထားလို သူများအကြား နိုင်ငံရေး အားပြိုင်ပွဲများကြောင့် ပွက်ပွက်ညံနေ သည့် ဥရောပ၊ မြောက်ကိုရီးယားနျူကလီးယားနှင့် ဒုံးကျည် အစီအစဉ်များကြာင့် မည်သည့် အချိန်တွင် စစ်မီးထတောက် မည်ကို ရင်တမမစောင့်ကြည့်နေရသည့် အရှေ့အာရှနှင့် ဆော်ဒီဦးဆောင်သည့် ဆွန်နီအာရပ်နိုင်ငံများနှင့်အီရန်နိုင်ငံတို့ အကြား သြဇာလုပွဲများကြောင့် ရှေ့ရေးမငြိမ်သည့် အရှေ့ အလယ်ပိုင်းဒေသတို့အတွက် အလွန်အရေးကြီးသော ရွေး ကောက်ပွဲသုံးပွဲကို ၂၀၁၇ ခုနှစ် မေလအတွင်း ကျင်းပခဲ့ကြ သည်။ သို့ဖြစ်ရာ မေလ ကို ၂၀၁၇ ခုနှစ်၏ ရွေးကောက်ပွဲလ ဟု ခေါ်ဆိုပါက လွန်အံ့မည်မထင်ပေ။ ထိုနည်းတူစွာပင်ထိုရွေး ကောက်ပွဲတို့၏ နောက်ဆက်တွဲရလဒ်များသည် သက်ဆိုင်ရာ ပထ၀ီဝင်ဒေသကြီး များ အခင်းအကျင်းပေါ် အကျိုးသက် ရောက်မှုရှိနေကြပါလိမ့်ဦးမည်။

ပြင်သစ်သမ္မတရွေးကောက်ပွဲဒုတိယအကျော့

-Ads-
-Ads-

(၂၀၁၇ ခုနှစ် မေ ၇ ရက်)

ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံတို့ကို စည်းခြားပေးလိုက်သော အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရန့်ကို ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ အိမ်ဖြူတော်သို့ အရောက် ပို့ဆောင်ပေးခဲ့သော စီးပွားရေးနှင့် နိုင်ငံရေး အမျိုးသားဝါဒ ဒီလှိုင်းဥရောပတိုက်ကို အဟုန်ပြင်းပြင်း ရိုက်ခတ်နေချိန်တွင် ပြင်သစ်ပြည်သူတို့၏ အကောင်းမြင်ဝါဒဗီဇကြောင့်ဥရောပလစ် ဘရယ်ဒီမိုကရေစီ ၀ါဒီများ ခေတ္တခဏတော့ စိတ်သက်သာရာ ခဲ့ရသည်။ ၂၀၁၇ ခုနှစ် မေ ၇ ရက်တွင် ကျင်းပခဲ့သည့် ပြင်သစ် သမ္မတ ရွေးကောက်ပွဲဒုတိယ အကျော့တွင် ပြင်သစ်ပြည်သူ
များသည် ဂလိုဘယ်လိုက်ဇေးရှင်းဆန့်ကျင်ရေးသဘော တရားဖြင့် ပြင်သစ်အစဉ်အလာနိုင်ငံရေးစံများကိုကိုင်လှုပ်ခဲ့ သော ၀ါရင့်နိုင်ငံရေးခေါင်း ဆောင် လက်ယာအမျိုးသားရေးဝါဒီ ဖရင်းလီ ပင်းကိုကျော်၍ သက်နုနိုင်ငံရေးသမားအီမန်နျူရယ် မက်ခရွန်ကို ပြင်သစ်သမ္မတသစ်အဖြစ်ဖြင့် ရွေးချယ်ခဲ့ကြ သည်။ သို့နှင့်ပင် လူမသိသူမသိ အစိုးရအကြံပေးတစ်ဦးအဖြစ် ရပ်တည်ခဲ့ရသည့် အီမန်နျူရယ်မက်ခရွန်သည် နိုင်ငံရေးသက် သုံးခါလည်သား အရောက်တွင် နပိုလီယံနောက်ပိုင်း အသက် အငယ်ဆုံး ပြင်သစ်ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိခဲ့ရသည်။ ထိုနည်းတူ ပြင်သစ် သမ္မတအဖြစ် အီမန်နျူရယ်မက်ခရွန် ရွေးကောက်တင်မြှောက်ခံရမှုသည် တွေ့နေကျမျက်နှာများ သာ နှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့သည့် ပြင်သစ်နိုင်ငံရေးလောက အတွက်မျိုးဆက်တော်လှန်ရေးတစ်ရပ်ကိုလည်း ကိုယ်စားပြု နိုင်ခဲ့ပါသည်။

ဤတွင်မေးရန် တစ်ခုရှိပါသည်။ နိုင်ငံ ရေးလောက၌ မျက်နှာသစ်တစ်ဦးသာဖြစ် သည့် အီမန်နျူရယ်မက်ခရွန်ကို ပြင်သစ် ပြည်သူများက မည်သည့်အကြောင်းများ ကြောင့် သမ္မတတာဝန်အပ်နှင်းခဲ့ပါသနည်း။ ထိုမေးခွန်းအတွက် ဖြစ်နိုင်ဖွယ် အဖြေသုံးခု ရှိပါသည်။ ပထမအချက်မှာ နိုင်ငံရေး လောကမျိုးဆက်အပြောင်းအလဲကို လိုလားတောင့်တနေ သည့် ပြင်သစ်ပြည်သူများအတွက် အီမန်နျူရယ်မက် ခရွန် ကိုယ်တိုင်က နိုင်ငံရေးလူသစ်၊ မျက်နှာသစ် ဖြစ်နေခြင်းပင် ဖြစ်သည်။ ဒုတိယအချက်မှာ ပြိုင်ဘက်အမျိုးသားရေးဝါဒီ အုပ်စုက ပြင်သစ်နိုင်ငံကို အဆိုးမြင်ဝါဒနှင့် ပြုပြင်ပြောင်းလဲရန် ကြိုးစား လာချိန်တွင် ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့ဖူးသော အီမန်နျူရယ်မက်ခရွန်က အကောင်း မြင်ဝါဒဖြင့်ပြင်သစ်ပြည် သူများအား စိတ် သက်သာမှု ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

တတိယအချက်မှာ ပြင်သစ်အစဉ်အလာနိုင်ငံရေး ပါတီကြီး များ၏ သြဇာပြိုလဲလာမှုဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဥရောပ သမဂ္ဂ လိုလားသူ၊ ဂလိုဘယ်လိုက် ဇေးရှင်းကို အရသာတွေ့သူ အီမန်နျူရယ်မက်ခရွန်၏ ရွေး ကောက်ပွဲအနိုင်ရလဒ်ကြောင့် ဗြိတိန်၏ လမ်းစဉ်အတိုင်း ဥရောပသမဂ္ဂကို ပြင်သစ် နိုင်ငံ နှုတ်ဆက်ထွက်ခွာမည့်အရေး၊ ဥရောပနိုင်ငံရေးပင်မရေစီး ကြောင်းသဖွယ် ဖြစ်လာသည့် စီးပွားရေးနှင့် နိုင်ငံရေး အမျိုးသားဝါဒလမ်းကြောင်းအပေါ် ပြင်သစ်နိုင်ငံရောက်ရှိသွားမည့်အရေး လတ်တလောအားဖြင့် ရှောင်လွှဲနိုင်ခဲ့ပြီးဖြစ်ရာ ၂၀၁၇ ခုနှစ် မေ ၇ ရက် ပြင်သစ် သမ္မတဒုတိယအကျော့ ရွေးကောက်ပွဲရလဒ်ကြောင့် လစ်ဘ ရယ်ဝါဒီများ သက်မချနိုင်ခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။
တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲ

အိမ်နီးချင်းပြိုင်ဘက် မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်များ လွှတ်၍ နျူကလီးယားလက်နက်များဖောက်ခွဲ၍ ဟန်ရေးပြနေ ချိန်တွင် မမျှော်လင့်ဘဲပေါ်ထွက်လာသော အဂတိလိုက်စားမှု အရှုပ်တော်ပုံတစ်ရပ် ကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ပထမ ဆုံး အမျိုးသမီးသမ္မတ ပတ်ဂွမ်ဟေးသမ္မတ ရာထူးမှဖယ်ရှား ခံခဲ့ ရပြီး ရက်ပေါင်း ၆၀ အကြာတွင် တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ၂၀၁၇ ခုနှစ် မေ ၁၁ရက်တွင် ကျင်းပခဲ့သော တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲ၌ လစ်ဘရယ်ပါတီခေါင်းဆောင်မွန်ဂျေးအင်က အနိုင်ရခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၏ ၁၉ ဦးမြောက် သမ္မတအဖြစ်တာဝန် ထမ်းဆောင်ခွင့် ရရှိခဲ့သည်။

လူ့အခွင့်အရေးရှေ့နေဟောင်း လစ် ဘရယ်ပါတီခေါင်းဆောင် မွန်ဂျေးအင် တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲ၌ အနိုင် ရရှိမှုနှင့်အတူ ကွန်ဆာဗေးတစ်ပါတီ၏ ၁၀ နှစ်ကြာအာဏာ သက်တမ်း နိဂုံးချုပ်ခဲ့ရသလို အတိမ်းအစောင်းမခံသည့် အရှေ့ တောင်အာရှဒေသ၌ ဆက်ဆံရေးအခင်း အကျင်းများပြောင်းလဲ သွားနိုင်သည်ဟူသော ထင်ကြေးများလည်း ပေါ်ထွက်ခဲ့ရ သည်။

တောင်ကိုရီးယားသမ္မတသစ် မွန်ဂျေးအင်သည် မြောက်ကိုရီး ယားနှင့်ထိတွေ့ ဆက်ဆံရေးမူဝါဒကို အားပေးသူဖြစ်သည်။ အလားတူရွေးကောက်ပွဲမဲဆွယ်ကာလတွင်လည်း မြောက်ကိုရီး ယားနှင့် ပြန်လည်ထိတွေ့ ဆက်ဆံရေးမူဝါဒကို အခြေပြု၍ ပြည်သူ ထောက်ခံမှုရရှိခဲ့သည်။ သို့ဖြစ်ရာ သမ္မတမွန် ဂျေးအင်လက်ထက်တွင် တောင်ကိုရီးယားနိုင်ငံ၏ မြောက်ကိုရီး ယားနိုင်ငံဆိုင်ရာ မူဝါဒအပြောင်းအလဲ ဖြစ်သွားနိုင်ကြောင်း လေ့လာသူများက သုံသပ်ထားကြပြီးဖြစ်သည်။

သို့ရာတွင် မြောက်ကိုရီးယားပြဿနာသည် တောင်ကိုရီးယား တစ်နိုင်ငံတည်းနှင့်သာ သက်ဆိုင်သောပြဿနာမဟုတ် တော့ဘဲ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ဂျပန်စသည့် အင်အားကြီးနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့်ပါ တစ်နွယ်ငင် တစ်စင်ပါ ပတ်သက်ဆက်နွှယ်နေသည့် ကျပ်ပြည့်သော ပြဿနာမျိုးဖြစ်ရာ တောင်ကိုရီးယားနိုင်ငံ၏ မူဝါဒအပြောင်း အလဲသည် အရှေ့အာရှဒေသအတွင်း ဆက်ဆံရေးအခင်း အကျင်း အပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်ပါလိမ့်မည်။

ဥပမာအားဖြင့် မြောက်ကိုရီးယား အစိုးရအပေါ်သဘောထား တင်းမာသည့် သမ္မတပတ်ဂွမ်ဟေးဦးဆောင်သော ကွန်ဆာ ဗေးတစ်အစိုးရလက်ထက်တွင် အမေရိကန် ပြည်ထောင်စု၏ ဝေဟင်အမြင့်ပိုင်း လေကြောင်းရန် ကာကွယ်ရေးစနစ်
(တီအိတ်ခ်ျအေအေဒီ)ကို တောင်ကိုရီးယားနိုင်ငံ၌နေရာ ပေးခဲ့ရာ တရုတ်နှင့် တောင်ကိုရီးယားတို့အကြား ဆက်ဆံရေးတင်းမာခဲ့ရသည်။

သို့ရာတွင် တောင်ကိုရီးယားသမ္မတ သစ် မွန်ဂျေးအင်ကမူ (တီအိတ်ခ်ျအေအေဒီ) ဒုံးကျည်ကာကွယ်ရေးစနစ်ဖြန့်ကြက် ရေးအစီအစဉ်ကို ပြန်လည်သုံးသပ်မည်ဖြစ်ရာ မြောက်ကိုရီး ယားနိုင်ငံကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ယူဆထားသော အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေးအနေအထားကို ပြန်လည်ပြင်ဆင်ရန် လိုအပ်လာမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ တောင်ကိုရီးယားသမ္မတသစ်မွန်ဂျေး အင်သည် ပြည်တွင်းရေးနှင့် ပြည်ပရေးရာမူဝါဒများကို ယခင်ကွန်ဆာ ဗေးတစ်ပါတီအစိုးရနှင့်မတူသည့် နည်းလမ်း သစ်များဖြင့် ချဉ်းကပ်မည်ဖြစ်သလို တောင်ကိုရီးယား ပြည်သူများကလည်း အဆိုပါမူဝါဒ အပြောင်းအလဲအတွက် အသင့်ရှိထား ကြောင်း ရွေးကောက်ပွဲဖြင့် ပြသထားပြီး ဖြစ်ရာ မွန်ဂျေးအင်အနေဖြင့် ကိုရီးယားကျွန်း ဆွယ်ဒေသ၏ နိုင်ငံရေးအခင်းအကျင်းကို စတင်ပြောင်းလဲနိုင်ခွင့်ရှိထားပြီးဖြစ် သည်။

အီရန် ရွေးကောက်ပွဲ

(၂၀၁၇ ခုနှစ် မေ ၁၉ ရက်)

၂၀၁၇ ခုနှစ် မေ ၁၉ ရက်တွင် အီရန် ပြည်သူများရွေးကောက် ပွဲ မဲရုံများသို့ သွား ရောက်၍ အီရန်နိုင်ငံ၏သမ္မတသစ်ကို ရွေး ချယ်ခဲ့ကြသည်။ မေ ၂၀ ရက်တွင် ပေါ်ထွက်လာသည့် ရွေး ကောက်ပွဲရလဒ်များအရ ပြုပြင် ပြောင်းလဲရေးဝါဒီ လက်ရှိ သမ္မတ ဟက်ဆန် ရူဟာနီက ဒုတိယအကြိမ်ထပ်မံအနိုင်ရခဲ့ပြီး အီရန်သမ္မတအဖြစ် ထပ်မံတာဝန်ထမ်း ဆောင်ခွင့်ရရှိခဲ့သည်။

အီရန်နှင့် အနောက်အုပ်စုနိုင်ငံများအကြား နျူကလီးယား အစီအစဉ်နှင့် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းရေးတို့ကို အလဲ အထပ်လုပ်ထားသည့် ၂၀၁၅ ခုနှစ် နျူကလီးယားသဘော တူညီချက်ရရှိပြီးနောက်ပိုင်း ပထမ ဆုံးအကြိမ်ကျင်းပခဲ့သော မေ ၁၉ ရက် အီရန် သမ္မတရွေးကောက်ပွဲကို တစ်ကမ္ဘာလုံးက အကြောင်းတရားနှစ်ရပ်ကြောင့် စိတ်ဝင်တစားစောင့်ကြည်ခဲ့
ကြသည်။ ပထမ အကြောင်းတရားမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အီရန်နိုင်ငံအပေါ်ထားရှိသည့် သဘော တရားကြောင့် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်၏ အနာ ဂတ်အခြေအနေမရေမရာ ဖြစ်နေမှုနှင့်စီးပွားရေးပိတ်ဆို့ မှုများမှ လွတ်ကင်းပြီး နောက်ပိုင်း ဆော်ဒီအာရေဗျ ဦးဆောင် သည့် ဆွန်နီအာရပ်မဟာမိတ်အုပ်စုနှင့် အီရန်တို့ အကြား အရှေ့အလယ်ပိုင်းဒေသ သြဇာလုပွဲအရှိန်မြင့်တက်လာ မှုတို့ဖြစ်ကြသည်။

သမ္မတဟက်ဆန်ရူဟာနီ၏ ပထမသမ္မတသက်တမ်းအတွင်း အီရန်နိုင်ငံနှင့် နိုင်ငံတကာ အသိုက်အ၀န်းအကြား ဆက်ဆံ ရေးမှာ အပြောင်းအလဲ ပြလာသည်။ သမ္မတဟက်ဆန်ရူဟာနီ သည် အီရန်နိုင်ငံနှင့် နိုင်ငံတကာအသိုက်အ၀န်းအကြား ဆက်ဆံရေးအထူးသဖြင့် အီရန်နှင့်အမေရိကန်အကြားဆက်ဆံ ရေးကို ပုံစံသစ်အပြောင်းအလဲလုပ်ခဲ့သည်။

အမေရိကန်သမ္မတဟောင်း အိုဘားမားလက်ထက်တွင်မူ နှစ်နိုင်ငံတိုက်ရိုက်ဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့သည်အထိ အမေရိကန်ပြည်ထောင်စုနှင့် အီရန်အကြားဆက်ဆံရေး ပြောင်းရိပ်ပြလာခဲ့သည်။

သို့ရာတွင် ဆွန်နီနှင့်ရှီးယိုက်ဒေသတွင်း အားပြိုင်ပွဲအကျိုး ဆက်နှင့် အမေရိကန် အစိုးရသစ်နှင့် နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲများကြောင့် သမ္မတဟက်ဆန်ရူဟာနီ၏ သမ္မတရာထူး ဒုတိယသက်တမ်းအတွင်း အီရန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင်လည်း အပြောင်းအလဲဖြစ်လာပါ လိမ့်မည်။ အီရန် သမ္မတဟက်ဆန်ရူဟာနီသည် သဘောထား အလယ်အလတ်ရှိသူ၊ ပြုပြင်ပြောင်းလဲရေးဝါဒီတစ်ဦးဖြစ်သော် လည်း ၎င်း၏လက်ထက်တွင် အီရန်နှင့်ဆော်ဒီအာရေဗျ ဦးဆောင်သော ဆွန်နီအာရပ်မဟာမိတ်များအကြားဒေသတွင်း သြဇာလုပွဲပို၍ ပြင်းထန်လာ သယောင်တွေ့ရသည်။ ဥပမာ အားဖြင့် ယီမင်နှင့်ဆီးရီးယားနိုင်ငံတို့၌ အီရန်နှင့်ဆော်ဒီ ဦးဆောင်သည့် ဆွန်နီမဟာမိတ်များ အကြားအားပြိုင်ပွဲကို ထင်ထင်ရှားရှားတွေ့နိုင်သည်။ ယီမင်၌အီရန်ကျောထောက် နောက်ခံပြု ဟူသီရှီးယိုက်သူပုန်များက အာဆာအခြေခံ စခန်းစင်ပြိုင်ထား၍ ဆော်ဒီထောက်ခံ အားပေးသည့် ယီမင်အစိုးရကို စစ်မက်ပြု လျက်ရှိသည်။ ဆော်ဒီအာရေဗျ ဦးဆောင် သည့် ဆွန်နီမဟာမိတ်များကလည်း ဟူသီသူပုန်များ ကို လေကြောင်းထိုးစစ်ဆင်နွှဲ၍ အီရန်၏သြဇာကိုထိန်းချုပ်ရန် ကြိုးပမ်းနေသည်။

အလားတူ ဆီးရီးယားနိုင်ငံတွင်လည်း အီရန်နှင့်ဆော်ဒီဦး ဆောင်သည့် ဆွန်နီအာရပ်မဟာမိတ်များအကြားသြဇာပြိုင်ပွဲ ကို တွေ့နိုင်ပါသည်။ အထူးသဖြင့် ဆီးရီးယားပြည်တွင်းစစ် တွင် အီရန်တော်လှန်ရေး အစောင့်တပ်နှင့် အီရန်ကျော ထောက်နောက်ခံပြု ရှီးယိုက်ဟစ်ဇ်ဘိုလာ စစ်အုပ်စုတို့က ဆီးရီးယားအစိုးရတပ်များဘက်မှ ကိုယ်တိုင်ကိုယ်ကျ ပါဝင် တိုက်ခိုက်နေကြပြီး ဆော်ဒီအာရေဗျနှင့် ဆွန်နီမဟာမိတ် များက အမေရိကန်ပြည်ထောင်စု၊ အနောက်အုပ်စုနိုင်ငံ များနှင့်တွဲ၍ ဆီးရီးယားသူပုန်များကို စစ်ရေးအရအကူအညီ များပေးလျက်ရှိသည်။

ထိုသို့သောအချိန်မျိုးတွင် တစ်ဖက်ကလည်း သမ္မတဒေါ်နယ် ထရန့်ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့သစ်၏ အီရန် နိုင်ငံအပေါ်ထားရှိသည့် မူဝါဒမှာလည်း အပြောင်းအလဲ ဖြစ်လာသည်။ ၂၀၁၅ ခုနှစ် အတွင်း အီရန်နှင့်ကမ္ဘာ့အင်အား ကြီး နိုင်ငံ များအကြားရယူထားသည့် နျူကလီးယား သဘော တူညီချက်ကို သမ္မတဒေါ်နယ်ထရန့် က အသိအမှတ်မပြုလို။

အဆိုပါသဘောတူညီချက်မှ အမေ ရိကန်ပြည်ထောင်စုသာ နုတ်ထွက်ခဲ့ပါက မြောက်ကိုရီးယား နျူကလီးယားပြဿနာ ကဲ့သို့ နိုင်ငံတကာ ခေါင်းစားရတော့မည့်နျူကလီးယားပြဿနာ တစ်ခု အရှေ့အလယ် ပိုင်း၌ ထပ်မံထွက်ပေါ်လာဖွယ်ရှိသည်။ ထိုအခြေအနေကို တားဆီးရေးအတွက် အနောက်အုပ်စုနိုင်ငံ များက ၂၀၁၅ နျူကလီး ယားသဘောတူညီချက်ကို ထိန်းထား နိုင် ရေးအတွက် အာရှအင်အားကြီးနိုင်ငံလည်းဖြစ်၊ အဆိုပါ သဘောတူညီချက်ရယူရာတွင် ပါဝင်သူလည်းဖြစ်သောတရုတ် နိုင်ငံကို အားပြုလာရသည်။

ထိုကဲ့သို့ နျူကလီးယားသဘောတူညီ ချက်ပြဿနာနှင့် ဆွန်နီ-ရှီးယိုက်အားပြိုင်ပွဲ ပြဿနာတို့ကြောင့် အရှေ့ အလယ်ပိုင်း မဟာမိတ်စုဖွဲ့မှုပုံစံ ပြောင်းလဲသွားချိန်တွင် အီရန်သမ္မတဟက်ဆန်ရူဟာနီ၏ ဒုတိယ သက်တမ်းတွင်လည်း အီရန်၏ နိုင်ငံခြားရေး မူဝါဒပြောင်းလဲလာရပါလိမ့်မည်။

-Ads-
-Ads-