လူကာကူနှင့် မိမိဂိုးသွင်းပြီးအောင်ပွဲမခံခြင်းမှာ တည်ငြိမ်မှုကြောင့်ဟု မော်ရင်ဟိုဆို တချို့သောနည်းပြများ မရင့်ကျက်ဘဲ အောင်ပွဲခံနေဟု ဂွါဒီယိုလာကိုရည်ရွယ်ပြောဆို

 

မန်ယူအသင်းသည် ဒီဇင်ဘာ ၁၇ ရက် တနင်္ဂနွေညက ၀က်စ်ဘရွန်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ရာ ထိုပွဲတွင် မန်ယူအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၇ မိနစ်၌ တိုက်စစ်မှူးလူကာကူက ခေါင်းတိုက်သွင်းယူခဲ့ပြီးနောက် အောင်ပွဲခံခြင်း မရှိခဲ့သလို အရန်ခုံတန်းမှ မန်ယူနည်းပြ မော်ရင်ဟိုသည်လည်း အောင်ပွဲမခံဘဲ တည်ငြိမ်စွာ ထိုင်နေခဲ့သည်။ ထိုအခြေအနေနှင့်င့်ပတ်သက်ပြီး မီဒီယာများကမေးမြန်းရာ မော်ရင်ဟိုက မိမိအနေဖြင့် အတွေ့အကြုံအရ တည်ငြိမ်ရင့်ကျက်လာပြီဖြစ်၍ ဂိုး သွင်းတိုင်းအောင်ပွဲခံရန်မလိုဘဲ တချို့သောနည်းပြများမှာ ပြောင်းလဲနိုင်ခြင်း မရှိသေးဟု မန်စီးတီးနည်းပြဂွါဒီယိုလာကို ရည်ရွယ်ပြီးပြောဆိုသွားခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် တစ်ပတ်က မန်ယူကို နိုင်ခဲ့ပြီးနောက် အ၀တ်လဲခန်းအတွင်း အလွန်အကျူး အောင်ပွဲခံရာမှ မော်ရင်ဟိုအပါအ၀င် မန်ယူကစားသမားများ ဒေါသထွက်ပြီး နှစ်သင်းအကြား ရုန်းရင်းဆန်ခတ် ရန်ပွဲဖြစ်ပွားခဲ့သည်။ မန်စီးတီးသည် ဒီဇင်ဘာ ၁၆ ရက် စနေညတွင် စပါးကို ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် အသင်းအ၀တ် လဲခန်းထဲ အုပ်စုလိုက် အောင်ပွဲခံ ဓာတ်ပုံရိုက်ကူးကာ မန်ယူအသင်းကို လှောင်ပြောင်သော ‘ဘတ်စ်ကားကြီး ပိတ်ရပ်’ဆိုသည့် သီချင်းဖြင့် အောင်ပွဲခံခဲ့ကြသည်။

ထို့ကြောင့် မော်ရင်ဟိုက ‘လူကာကူ အောင်ပွဲမခံတာက သူ့အသင်းဟောင်းဘက် ဂိုးသွင်းတာကြောင့် ဖြစ်နိုင်သလို နောက်တစ်ချက်က အရန်ခုံမှာ သူ့နည်းပြဖြစ်တဲ့ ကျွန်တော်လည်း အောင်ပွဲမခံဘဲ တည်ငြိမ်နေတာတွေ့လို့ ဖြစ်မှာပေါ့။ သူတောင် ဂိုးသွင်းပြီး အောင်ပွဲမခံတာ ကျွန်တော်ကရော အောင်ပွဲခံစရာလား။ ကျွန်တော်လည်း ရင့်ကျက်လာတဲ့ အတွေ့အကြုံအရ တည်ငြိမ်နေပါပြီ။ပွဲအစပိုင်းမှာ သွင်းတဲ့ဂိုးကို ဘာလို့အောင်ပွဲခံရမှာလဲ။ တချို့သော နည်းပြတွေ ကတော့ မပြောင်းလဲနိုင်ကြသေးဘူး။ ပွဲပြီးခါနီး အနိုင်ဂိုးသွင်း တာမျိုးဆိုရင်တော့ ကျွန်တော်ပြေးပြီး အောင်ပွဲခံတာ မျိုးမြင်ရနိုင်ပါတယ်’ဟု ပြောဆိုခဲ့သည်။

-Ads-
-Ads-
-Ads-
-Ads-