လန်ဇီနီကို ပြန်လည်စစ်ကြောပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးမှုဖြင့် နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ၍ မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က မိမိအသင်းမှ အာဂျင်တီးနားကွင်းလယ်ကစားသမား လန်ဇီနီကို စတုတ်နှင့် ပွဲစဉ်တွင် ဟန်ဆောင်ဒိုင်ဗင်ထိုးသည်ဟုဆိုကာ ပြန်လည်စစ်ကြောပြီး အရေးယူခဲ့သော အက်ဖ်အေ၏ ဆုံးဖြတ် ချက်ကြောင့် မကျေမနပ်ပေါက်ကွဲစကားဆိုခဲ့သည်။

လန်ဇီနီသည် ဒီဇင်ဘာ ၁၆ ရက်က စတုတ် ကိုသုံးဂိုးပြတ်အနိုင်ရသည့်ပွဲစဉ်တွင် စတုတ်ခံစစ်မှူးအဲရစ်ပီတာစ်က ဂိုးဧရိယာအတွင်း နောက်မှလျှောထိုးဖျက်ထုတ်ရာမှ လဲကျပြီး ကွင်းလယ်ဒိုင် ဂရေဟမ်စကော့က ပင်နယ်တီပေးခဲ့သည်။ အဆိုပါ ပင်နယ်တီကို အက်ဖ်အေမှ သုံးဦးပြန်လည်ကြားနာစစ်ဆေးပြီးနောက် သုံးဦးစလုံးက ဟန်ဆောင်ဒိုင်ဗင်ထိုး သည်ဟု ကောက်ချက်ချပြီး အရေးယူရန် ဆုံးဖြတ်ကာ ဒီဇင်ဘာ ၁၉ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီနောက်ဆုံးထား အကြောင်းပြန်ရမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။အရေးယူရန် ဆုံးဖြတ်ချက်အရ လန်ဇီနီသည် နှစ်ပွဲပယ်ပြစ်ဒဏ် ခံရမည်ဖြစ်ရာ ၀က်စ်ဟမ်းနည်းပြ မိုယက်စ်က ‘ကွင်းလယ်ဒိုင်ဟာ ဒီဖြစ်စဉ်မှာ ၁၀ ကိုက်လောက်အကွာကနေ ကြားမှာ အတားအဆီးမရှိဘဲ မြင်ခဲ့ရတယ်။ တစ်ဖက်ခံစစ်မှူးလျှောထိုးတာ ဘောလုံးကို မထိခဲ့လို့ ပင်နယ်တီပေးခဲ့တာပါ။ ပွဲနေ့က ဂိုးကော် မတီဝင်သုံးဦးစလုံးကလည်း ဒီဖြစ်ရပ်ဟာ သေချာပေါက် ပင်နယ်တီလို့ ပြောခဲ့တယ်။ အခုအက်ဖ်အေ စစ်ကြောရေးအဖွဲ့ဝင်သုံးဦးစလုံးက ပင်နယ်တီ မဟုတ်ဘူး။ ဒိုင်ဗင်ထိုးတာလို့ ပြောပြန်တယ်။ ဘယ်လိုတွေ စီမံခန့်ခွဲနေလဲ ဆိုတာ မသိတော့ဘူး’ဟု မကျေမနပ်ပြောကြားခဲ့သည်။

လန်ဇီနီသည် ပရီးမီးယားလိဂ်၌ ပြန်လည်စစ်ကြောပြီး ဒိုင်ဗင်ထိုးသည်ဆိုကာ အရေးယူခံရသည့် ဒုတိယမြောက် ကစားသမားဖြစ်လာသည်။