၂၀၁၇ ခုနှစ် ကမ္ဘာ့သတင်းမှန်ကူကွက်များ(ဇူလိုင်)

“မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုသည် စစ်ရေးအရပေါက်ကွဲသည့်အဆင့်သို့ မရောက်ခဲ့သည့်တိုင် အဆိုပါဒုံးကျည်စမ်းသပ်မှုသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို မြောက်ကိုရီးယားက သွေးတိုးစမ်းလိုက်သည့် သဘောမျိုးပင်ဖြစ်တော့သည်။”

ကွန်ဆာဗေးတစ်ကြီးတစ်ဦးကွယ်လွန်ခြင်း

(၂၀၁၇ ခုနှစ် ဇူလိုင် ၂ ရက်)

-Ads-
-Ads-

ယနေ့ခေတ်တွင် အရှေ့နှင့်အနောက်ဟူ၍ နှစ်ပိုင်းကွဲခဲ့သည့် ဥရောပ၏ အတိတ်ကို ပီပီပြင်ပြင် ရုပ်လုံးဖော်ရန် မလွယ်ကူ တော့ပေ။ သို့ရာတွင် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလအတွင်း အနောက်ဘာလင်ကို ရောက်ဖူးခဲ့မည်ဆိုလျှင် ဟောလီးဝုဒ် ရုပ်ရှင်ကား များ သို့မဟုတ် ဒါရိုက်တာ ဂျွန်လီကာရေး၏ သူလျှို ၀တ္ထုများနှင့် လားလားမျှမဆိုင်သောမြင်ကွင်းများကို တွေ့ရပေ လိမ့်မည်။ လက်နက်ကို အရှေ့ဂျာမနီ နယ်ခြားစောင့်တပ်ဖွဲ့ဝင် များ၏ ကင်းမျှော်စင်များ၊ စပရီးမြစ်တစ်လျှောက်ရှိ သံဆူး ကြိုးလိပ်များပေါ် တဖွဲဖွဲကျနေသောနှင်းဖွေးများ၊ လူသူသွေ့ ခြောက်နေသော ဘာလင်တံတိုင်းဖြတ်ချန်ကီလူဝင်လူထွက် စစ်ဆေးရေးအဖွဲ့၊ အေးစက်နေသော မဟူရာကောင်းကင် အောက်ရှိ သမိုင်းတည်ရှိနေသည့် ရိုက်စတက်ခ်ျလွှတ်တော် အဆောက်အအုံစသည်တို့သည် စစ်အေးတိုက်ပွဲခေတ် ဥရောပ၏ ပုံရိပ်များကို ကိုယ်စားပြုသည်။

အထက်ပါ ဥရောပ၏စစ်အေးခေတ် အတိတ်ပုံရိပ်များသည် ၁၉၈၉ ခုနှစ်အတွင်း ဘာလင်တံတိုင်းပြိုလဲမှုနှင့်အတူ ပျောက် ကွယ်ခဲ့ရပြီ ဖြစ်သည်။

ဘာလင်တံတိုင်း ပြိုလဲ၍ အရှေ့နှင့် အနောက်ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ သည်။ ၁၉၈၉ ခုနှစ် နိုဝင်ဘာ ၈ ရက်သည် ဂျာမနီနိုင်ငံအတွက် မေ့ပျောက်၍မရနိုင်သည့် သမိုင်းမှတ် တိုင်တစ်ရပ် ဖြစ်ခဲ့သလို ၂၀၁၇ ခုနှစ် ဇူလိုင် ၂ ရက် သည်လျှင် ဂျာမနီပြည်သူများအတွက် အမြဲအမှတ် ရနေမည့်နေ့တစ်နေ့ ဖြစ်သည်။ အဘယ်ကြောင့်ဆို သော် ၂၀၁၇ ခုနှစ် ဇူလိုင် ၂ ရက်သည် အရှေ့နှင့် အနောက် ဂျာမနီနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရာတွင် အဓိကအခန်း ကဏ္ဍမှ ပါဝင်ခဲ့သူ၊ ဥရောပဘုံငွေကြေးစနစ်ဖြစ်သည့် ယူရိုငွေ အိပ်မက်ကို စတင်အကောင်အထည်ဖော်ခဲ့သူ ဂျာမနီခေါင်း ဆောင် ဟောင်းဟဲလ်မွတ်ခိုးလ်ကွယ်လွန်ခဲ့သည့်နေ့ဖြစ်နေခြင်း ကြောင့်ပင်ဖြစ်သည်။

အသက် (၈၇) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သော ဟဲလ်မွတ် ခိုးလ်သည် ဆိုဗီယက်ပြည်ထောင်စုကို အိုင်ဒီယိုလော်ဂျီအရ ရောလက်တွေ့ဆန်ဆန်ပါ ရင်ဆိုင်ခဲ့ကြသည့် အနောက်အုပ်စု ကွန်ဆာဗေး တစ်ခေါင်းဆောင်များထဲတွင် အပါအ၀င်ဖြစ် သည်။ ထိုနည်းတူ ဆိုဗီယက်ပြည်ထောင်စု ရုတ်တရက် ပြိုလဲသွားမှုကို ကြိုတင်မခန့်မှန်းနိုင်ခဲ့ကြောင်း ၀န်ခံခဲ့သည့် ရိုးစင်းသောနိုင်ငံရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

“ကျွန်ုပ်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမဖြတ်ချင်ဘူး။ ကျုပ်ကို တန်ဖိုးဖြတ်မယ့်အလုပ်သမိုင်းက တာဝန်ယူလိမ့်မယ်″ဟု ဆိုခဲ့ဖူးသော ဟဲလ်မွတ်ခိုးလ်ကို သမိုင်းကပင် တန်ဖိုးဖြတ်ပေးခဲ့ပြီဖြစ်သည်။

ကိုရီးယားကျွန်းဆွယ်မှ နျူကလီးယားတံခါး ခေါက်သံ

(၂၀၁၇ ခုနှစ် ဇူလိုင် ၃ ရက်)

၂၀၁၇ ခုနှစ်သည် ကိုရီးယားကျွန်းဆွယ် ဒေသအတွက်စစ်သွေး အဆူဆုံးနှစ်ဟုဆိုသော်မှား နိုင်အံ့မည်မထင်ပေ။ အပြန်အလှန် ခြိမ်းခြောက်မှုများ၊ အပြိုင်အဆိုင်စစ်ရေးလေ့ကျင့်မှုများ၊ဒုံးကျည် စမ်းသပ်မှုများကြောင့် ကိုရီးယားကျွန်းဆွယ်၌ စစ်ခိုးစစ်ငွေ့ရိပ် သန်းနေချိန် ဇူလိုင် ၃ ရက်တွင် မြောက်ကိုရီးယားနိုင်ငံက ၎င်း၏ ပထမဆုံး တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးမကျေလည်သည့် ဂျပန်နှင့် တောင်ကိုရီးယားကဲ့သို့သော အရှေ့တောင်အာရှ နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့အတွက် စိုးတထင့် ထင့်စောင့်ဆိုင်းနေခဲ့ကြရသည့် နေ့ရက်ချိန်ခါသို့ရောက်ရှိခဲ့ပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် ကိုရီးယားကျွန်းဆွယ်ဒေသ တင်းမာမှုသည်လည်း အဆင့်တစ်ဆင့်သို့ ပြောင်းလဲဝင်ရောက် ခဲ့ပြီဖြစ်သည်။

 

၂၀၁၇ ခုနှစ် ဇူလိုင် ၃ ရက်တွင် မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်ခဲ့သည့် ဟွာဆောင် ၁၄ တိုက်ချင်းပစ်ဒုံးကျည်သည် ၃၇ မိနစ်ကြာ ပျံသန်းခဲ့ပြီး မိုင် ပေါင်း ၅၀၀ ကျော် အကွာ
အဝေးအထိ ရောက်ရှိခဲ့သည်။ သို့ရာတွင် မြောက်ကိုရီးယား သည် ဒေသတွင်းနိုင်ငံများ အတွက်အချက်မှားမည့်အရေးကို ရှောင်လွှဲရေးအတွက် ဟွာဆောင်-၁၄ ဒုံးပျံကို အမြင့်ထောင့် လမ်းကြောင်းဖြင့် ပစ်လွှတ်ခဲ့ခြင်းဖြစ်ရာ ပဋိပက္ခဖြစ်ပွားချိန်တွင် ရန်သူကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်မည်ဆိုပါက အဆိုပါ ဒုံး ကျည်သည် အကွာအဝေးမိုင်ပေါင်း ၄၂၀၀ အထိ ရောက်ရှိနိုင်ကြောင်း လေ့လာသူတို့က သုံးသပ်ထားကြသည်။ တစ်နည်းအားဖြင့် အမေရိကန်ပြည်ထောင်စု အလာစကာ ပြည်နယ်သည် မြောက်ကိုရီး ယားဒုံးကျည်များ လက်လှမ်းမီ သည့် ပစ်မှတ်နယ်မြေဖြစ်သွားခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှု ကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားနှင့်အမေရိကန် ပြည်ထောင်စုတို့က တောင်နှင့်မြောက်နှစ်နိုင်ငံအကြား စစ်မဲ့ ဇုန်နှင့် ၁၀ မိုင်အကွာအဝေးအတွင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာ ဆန်ကလည်း မြောက်ကိုရီးယားကို တစ်ကမ္ဘာလုံးကတုံ့ပြန် အရေးယူရန် တိုက်တွန်းခဲ့သည်။ တစ်ဖက်တွင်လည်းကိုရီးယား ကျွန်းဆွယ်ဒေသပြဿနာနှင့် သမိုင်းကြောင်းအရ ပတ်သက် နေသည့် ရုရှားနှင့်တရုတ်တို့ကလည်း အမေရိကန်ပြည်ထောင်
စုနှင့် တောင်ကိုရီးယားတို့ကလည်း စစ်ရေးလေ့ကျင့်မှုများရပ်၊ မြောက်ကိုရီးယားကလည်း နျူကလီးယားလက်နက်အစီအစဉ် များရပ်ဆိုသော နှစ်ဖက်ရပ်သဘောတရားဖြင့် အခြေအနေကို ၀င် ထိန်းရန် ကြိုးစားခဲ့ကြသည်။

မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု သည် စစ်ရေးအရ ပေါက်ကွဲသည့် အဆင့်သို့မရောက်ခဲ့သည့် တိုင် အဆိုပါ ဒုံးကျည်စမ်းသပ်မှုသည်အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို မြောက်ကိုရီးယားကသွေးတိုးစမ်းလိုက်သည့် သဘောမျိုးပင်ဖြစ်တော့သည်။

ဟမ်းဘတ် ဂျီ- ၂၀ ထိပ်သီးညီလာခံမှ လက်ဆွဲနှုတ်ဆက်ပွဲ
(၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက်)

ဂျာမနီနိုင်ငံ၌ ယခုနှစ် ဇူလိုင်လအတွင်း ကျင်းပခဲ့သော ဂျီ-၂၀ ထိပ်သီးညီလာခံမှာ အရင်း ရှင်စနစ် ဆန့်ကျင်ရေးသမားများ၏ ဆန္ဒပြပွဲများ၊ ဥရောပမင်းမဲ့ဝါဒီများ၏ သောင်းကျန်းမှုများ ကြောင့် ဗရုတ်ဗရက်နိုင်ခဲ့သည့်တိုင် တစ်ကမ္ဘာလုံးက စိတ် ၀င်တစားစောင့်ကြည့်နေကြသော နိုင်ငံအကြီး အကဲနှစ်ဦး၏ တွေ့ဆုံပွဲတစ်ပွဲကြောင့် ထိပ်သီး ညီလာခံကြီးတစ်ခု၏ ရသ ပျောက်မသွားခဲ့ပေ။

ဟမ်းဘတ် ဂျီ- ၂၀ ထိပ်သီးညီလာခံကာလ ဇူလိုင် ၇ ရက်တွင် အမေရိကန်သမ္မတသစ် ဒေါ်နယ် ထရန့်နှင့် ရုရှားသမ္မတပူတင် တို့ ပထမဆုံးအကြိမ် ဆွေးနွေးနိုင်ခဲ့သည်။ ရုရှားသမ္မတ ပူတင်မှာ ဒေါ်နယ်ထရန့်ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ကြားဝင်စွက် ဖက်ခဲ့သူအဖြစ် အမေရိကန်မီဒီယာများနှင့် ထောက်လှမ်းရေး အဖွဲ့အစည်းများ၏ စွပ်စွဲမှုခံထားရသူ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် မှာ ရွေးကောက်ပွဲမဲဆွယ်ကာလနှင့် သမ္မတ
ရာထူး စတင်တာဝန်ယူချိန်မှာပင် ဗလာဒီမာပူတင်ကို တည့် တည့်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ ချီးမွမ်းခန်းဖွင့်ခဲ့သူ၊ သို့ဖြစ်ရာ ထိုသူနှစ်ဦးတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံပွဲမှ ထွက်ပေါ်လာ မည့် ရလဒ်များသည် ကာလရှည်လာခဲ့ရသည့် အမေရိကန် ပြည်ထောင်စုနှင့် ရုရှားအကြားဆက်ဆံရေးကို မည်သို့ပြန် လည်ဆယ်မပေးမည်၊ လက်ရှိကမ္ဘာ့အစီအစဉ်အား မည်သို့ ပြောင်းလဲပေးနိုင်မည်တို့ကို တစ်ကမ္ဘာလုံးကစိတ်ဝင်တစား စောင့်ကြည့်နေကြသည်မှာ ဆန်းသောကိစ္စမျိုးမဟုတ်ပေ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ရုရှားနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်ပြည်ထောင်စု၏ မူဝါဒနှင့်ပြောင်းလဲ သင့်သည်ဟူသောမူကို သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလ တစ်လျှောက်လုံး တစ်သမတ်တည်း ဆုပ်ကိုင်ထားခဲ့ သူဖြစ် သည်။ သမ္မတဒေါ်နယ်ထရန့်၏ အဓိကနိုင်ငံခြားရေးမူဝါဒများ အနက် တစ်ခုမှာ အမေရိကန်ပြည်ထောင်စုနှင့် ရုရှားအကြား ဆက်ဆံရေး ပုံစံကို ပြန်လည်ပြင်ဆင်ရေးဖြစ်သည်။ သို့တိုင် အောင် အမေရိကန် သမ္မတရွေးကောက်ပွဲ၌ ရုရှားနိုင်ငံက ကြားဝင်စွက်ဖက်ခဲ့သည်ဟူသော စွပ်စွဲချက်များ၊ လစ်ဘရယ်
ဒီမိုကရေစီကမ္ဘာ့အစီအစဉ်သစ်၏ စည်းမျဉ်းများကို ပြောင်းလဲ ရန် ရုရှားက ကြိုးပမ်းနေသည်ဟူသော စွပ်စွဲချက်များကြောင့် သမ္မတဒေါ်နယ်ထရန့်၏ မော်စကိုနှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်မည့် ခြေလှမ်းများ အရှိန်တန့်ခဲ့သည်။

သို့ဖြစ်ရာ ရီပတ်ဘလီကန်နှင့် ဒီမိုကရက်တစ် အစဉ်အလာ ၀ါဒီများ၏ ရုရှားဆိုင်ရာ မူဝါဒဖိအားကို မလွန်ဆန်သာသည့် သမ္မတဒေါ်နယ်ထရန့်သည် ဟမ်းဘတ်ဂျီ- ၂၀ ထိပ်သီးညီလာခံ မတိုင်မီ ရက်ပိုင်းအလိုမှာပင် အရှေ့ဥရောပနိုင်ငံများအား ရုရှားရန်မှ ကာကွယ်ပေးမည်ဟူသော အမေရိကန်ပြည်ထောင် စု၏ ကတိက၀တ်ကို ထပ်လောင်းအတည်ပြုခဲ့ရသည်။

ရုရှားနှင့် ဆက်ဆံရေးပြန်လည်တည် ဆောက်နိုင်ရေးသည် ဒေါ်နယ်ထရန့်မတိုင်မီ အမေရိကန်အစိုးရများ၏ ရည်မှန်းချက်
ဖြစ်သည်။ သို့ရာတွင် အထက်ပါရည်မှန်းချက်ကို အကောင် အထည်ဖော်ရေးအတွက် ရုရှားနိုင်ငံ၏ ပထ၀ီနိုင်ငံရေးရည်မှန်း ချက်များက အဟန့်အတားပြုနေ သည်။ သို့ဖြစ်ရာ ဟမ်းဘတ် ဂျီ- ၂၀ ထိပ်သီးညီလာခံ၌ သမ္မတဒေါ်နယ်ထရန့်နှင့် သမ္မတ ပူတင်တို့ အနေဖြင့် ပုဂ္ဂိုလ်ရေးအရ လေးစားချစ်ခင်မှုများ ပြသခဲ့သည့်တိုင် ရုရှား၏ ပထ၀ီနိုင်ငံရေး ရည်မှန်းချက်များက ကန့်လန့်ခံနေဆဲဖြစ်သော အမေရိကန် ပြည်ထောင်စုနှင့် ရုရှားတို့အကြား ဆက်ဆံရေးမှာ အပြင်ရခက်သည့် ဆက်ဆံရေးအဖြစ် ရှေ့ခရီးဆက်ရပါဦးမည်။

ကမ္ဘာကြီးနှင့် ဆန္ဒပျက်သုဉ်းမှုနိမိတ်

(၂၀၁၇ ခုနှစ် ဇူလိုင် ၁၀ ရက်)

၁၉၅၀ ပြည့်နှစ်ဝန်းကျင်ကာလများအတွင်း အာဖရိကတိုက်၊ ဥရောပတောင်ပိုင်း၊ အရှေ့ အလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံတို့၌ ခြင်္သေ့ကောင်ရေ ၄၀၀၀၀၀ မျှ လွတ်လွတ်လပ်လပ် ကျက်စား
ခဲ့ကြ သည်။ သို့ရာတွင် ၂၀၁၇ ခုနှစ်တွင်မူ တစ်ကမ္ဘာလုံး၌ အရိုင်းဘာသာဘာဝ ကျက်စားနေထိုင်သည့် ခြင်္သေ့ကောင် ရေမှာ ၂၅၀၀၀ အောက်တွင်သာ ရှိတော့သည်။ တောသုံးတောင်တို့၏ သခင် ကေသ ရာဇာများသည် ယနေ့အချိန်တွင် အာဖရိက ဆာဟာရဒေသ၊ အိန္ဒိယနိုင်ငံ၏ ဂီရာသစ်တောများ တွင်သာ ကျန်ရှိတော့သည်။ သို့ဖြစ်ရာ နှစ် ၇၀ နီးပါး ကာလအတွင်း ခြင်္သေ့ကောင်ရေ အဘယ့်ကြောင့် ထိုမျှကျဆင်းခဲ့ရပါသနည်းဟူသော မေးခွန်းတစ်ရပ် ပေါ်ထွက် လာသည်။

စင်စစ်အားဖြင့် ခြင်္သေ့များကောင်ရေကျ ဆင်းမှုသည် ခြင်္သေ့
များသာမက ကမ္ဘာပေါ်ရှိသက် ရှိမျိုးစိတ်အားလုံး ရင်ဆိုင်နေ ရပြီဖြစ်သည့် ဆဋ္ဌမမြောက် သက်ရှိများပျက်သုဉ်းမှုဖြစ်စဉ်၏ နိမိတ် လက္ခဏာဖြစ်ကြောင်း ၂၀၁၇ ခုနှစ် ဇူလိုင် ၁၀ ရက် တွင် ထွက်ပေါ်လာသည့် စစ်တမ်းတစ်စောင်တွင် သိပ္ပံပညာ
ရှင်များ က သတိပေးခဲ့သည်။

ကမ္ဘာမြေ၏ သမိုင်းတစ်လျှောက်တွင် သက်ရှိများ ပျက်သုဉ်းမှု
ကပ်ဘေးကြီး ငါးကြိမ်တိုင်တိုင် ဆိုက်ခဲ့ဖူးကြောင်း သိပ္ပံပညာ
ရှင်များက ဆိုကြ သည်။ နောက်ဆုံးကပ်ဘေးမှာ လွန်ခဲ့သော
နှစ်ပေါင်း သန်း ၆၀ ကျော်ဝန်းကျင်ကာလ ခရီတာစီး ယပ်စ်-ပလီယိုဂျင်းခေတ်အတွင်း ပေါ်ပေါက်ခဲ့ပြီး ဒိုင်နိုဆော
သတ္တ၀ါကြီး များ မျိုးသုဉ်းပျောက်ကွယ်ခဲ့ရသည်။

၂၁ ရာစုခေတ်တွင်မူ လူ့ပယောဂမကင်းသော ရာသီဥတု
ပြောင်းလဲမှုများနှင့် ကမ္ဘာကြီး၏ နဂိုရည်များ ပြောင်းလဲမှု
တို့ကြောင့် ဆဋ္ဌမမြောက် သက်ရှိများ ပျက်သုဉ်းမှုကပ်ဘေး စတင်နေပြီဖြစ် ကြောင်း သိပ္ပံပညာရှင်များက သတိပေးလာ
ရပြီ ဖြစ် သည်။ သို့ဖြစ်ရာ ၂၀၁၇ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် ထွက်ပေါ်လာသော ဆဋ္ဌမမြောက်သက်ရှိများ ပျက်သုဉ်းမှု
ကပ်ဘေးသတိပေးချက်သည် ကမ္ဘာဂြိုဟ်၏ အနာဂတ်အတွက် အချက်ပေးခေါင်းလောင်းသံဟုပင် ဆိုရပါတော့မည်။

-Ads-
-Ads-