ဘုန်းမောက်ဘက် အနိုင်ဂိုးသွင်းသည့်မိုရာတာ အ၀ါကတ်ငါးကြိမ်ထိ၍ အဲဗာတန်နှင့်ပွဲပယ်ခံရ

ချယ်လ်ဆီးတိုက်စစ်မှူးမိုရာတာသည် ဒီဇင်ဘာ ၂၀ ရက်က ဘုန်းမောက် နှင့် လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် အရန်အဖြစ်မှ လူစားဝင်ကစားပြီး နောက်ဆုံးမိနစ်တွင် အနိုင်ဂိုးသွင်းနိုင်ခဲ့သော်လည်း ဘောလုံးကို အင်္ကျီအောက်ထည့် သွင်းကာ အောင်ပွဲခံသလို ဘုန်းမောက်ဘက်မှ ဘောလုံးပြန်ယူပြီး ကစားရန်ဘောလုံးတောင်းစဉ် အချိန်ဆွဲပြီး မပေး ခဲ့သဖြင့် အ၀ါကတ်ထိခဲ့ခြင်းကြောင့် ယခုရာသီ၌ အ၀ါကတ်ငါးကြိမ်ထိပြီး အနီးဆုံးတစ်ပွဲပယ်ခံရပြီဖြစ်ရာ လာမည့် ဒီဇင်ဘာ ၂၃ ရက်တွင် အဲဗာတန်နှင့် ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရပြီဖြစ်သည်။

ချယ်လ်ဆီးနည်းပြကွန်တီက မိမိအသင်း၏ ဂိုးအများဆုံးသွင်းထားသူ မိုရာတာသည် အကောင်းဆုံးခြေစွမ်းပြန်ရလာသော အဲဗာတန်နှင့်ပွဲတွင် ပွဲပယ်ခံလိုက်ရ၍ ကြီးမားသော ထိုးနှက်ချက်ဟု ညည်းတွားပြောဆိုခဲ့သည်။ ကွန်တီက ‘အရေးအကြီး ဆုံးက ကျွန်တော်တို့ လိဂ်ဖလား ဆီမီးဖိုင်နယ်တက်လိုက်နိုင်ခြင်းပါပဲ။ မနှစ်က ၀က်စ်ဟမ်းကို ဒုတိယ အဆင့်မှာပဲ ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရတယ်။ အလှည့်ကျ ကစားသမားစနစ်သုံးရပြီး ဒီအဆင့်တက်လာနိုင်လို့ ပိုကျေနပ်မိတယ်။ ဒါပေမဲ့ မိုရာတာကို အဲဗာတန်နဲ့ ပွဲမှာဆုံးရှုံးလိုက်ရတဲ့အတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်စေပါတယ်’ဟု ပြောဆိုသည်။