၂၀၁၇ ခုနှစ် ကမ္ဘာ့သတင်း မှန်ကူကွက်များ(စက်တင်ဘာ)

 

“အချို့သော နိုင်ငံရေးသိပ္ပံပညာရှင်များက စင်ကာပူနိုင်ငံသည် ဒီမိုကရေစီနိုင်ငံမဟုတ်။ အာဏာပိုင်များက အကြွင်းမဲ့အာဏာကျင့်သုံးခွင့်ရှိသည့် ပြည်သူ့အကျိုးပြု အာဏာရှင်စနစ်နိုင်ငံ(Benevolent dictatorship) သာ ဖြစ်သည်ဟု ဆိုကြသည်။”

 

ကိုရီးယားကျွန်းဆွယ်မှ နျူကလီးယားတစ္ဆေ

(၂၀၁၇ ခုနှစ် စက်တင်ဘာ ၃ ရက်)

-Ads-
-Ads-

ကြောက်မက်ဖွယ် နျူကလီးယားတစ္ဆေသည် ကိုရီးယား ကျွန်းဆွယ်ဒေသ၌ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် ဆဋ္ဌမ အကြိမ်မြောက်အဖြစ် ကိုယ်ထင်ပြခဲ့ပြန်ပြီဖြစ်သည်။ ကင်မင်းဆက်၏ တတိယအရိုက်အရာခံ ကင်ဂျုံအန်ဦးဆောင် သည့် မြောက်ကိုရီးယားအစိုးရအဖွဲ့သည် မြောက်ကိုရီးယား နိုင်ငံ၏ မြောက်ဘက်စွန်းစွန်းဒေသ၌ ပွန်ဂျီရီမြေအောက် နျူကလီးယားစမ်းသပ်ရေးစခန်း၌ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် ဆဋ္ဌမမြောက် နျူကလီးယားဖောက်ခွဲစမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။

ယမ်းဘီးလူးကီလိုတန် ၁၀၀ ပေါက်ကွဲအားနှင့်ညီမျှသည့် အဆိုပါ နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုကြောင့် ပွန်ဂျီရီ တောင်ကုန်းဒေသ ပုံသဏ္ဌာန် ပြောင်းခဲ့ရသလို အင်အားရစ်ခ်ျ တာစကေး ၅ ဒသမ ၆ အဆင့်ရှိ ငလျင်လှိုင်းများ ပေါ်ထွက် လာခဲ့သည်။ ထို့နောက်တွင်မူ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်အစီအစဉ်သမိုင်းတစ်လျှောက်အကြီး ကျယ်ဆုံးနှင့် အင်အားအပြင်းဆုံး ဟိုက်ဒရို ဂျင်ဗုံးစမ်းသပ် ဖောက်ခွဲမှုကို အောင်မြင်စွာလုပ်ဆောင်ခဲ့ကြောင်း ကင်ဂျုံအန် အစိုးရအဖွဲ့ကကြေညာခဲ့သည်။ သို့နှင့်ပင်ပွန်ဂျီရီငလျင်လှိုင်း များနှင့်အတူ ကင်ဂျုံအန်၏ သာမန်နျူကလီးယားဖောက်ခွဲမှု ကြေညာချက်သည် တစ်ကမ္ဘာလုံးသို့ ရိုက်ခတ်သွားခဲ့ရသည်။

မြောက်ကိုရီးယားအစိုးရ၏ စက်တင်ဘာ ၃ ရက် နျူကလီး ယားစမ်းသပ်ဖောက်ခွဲမှုအပြီးတွင် ကိုရီးယားကျွန်းဆွယ် နျူကလီးယားပြဿနာကို မည်သို့နိဂုံးချုပ်မည်ဟူသော မေးခွန်း မှာ ပို၍ကျယ်လောင်လာသယောင်ရှိလာသည်။ မြောက်ကိုရီး ယားနျူကလီးယားပြဿနာကို အဆုံးသတ်ရေးအတွက် သံတမန်နည်းလမ်းကို ဦးစားပေးအသုံးချ ကြိုးစားနေသည့်တိုင် စစ်ရေးနည်းလမ်းများကိုလည်း ထည့်သွင်းစဉ်းစားထားကြောင်း ၀ါရှင်တန် မြို့တော်ရှိ အိမ်ဖြူတော်ထံမှ အသံများထွက်လာ သည်။

တစ်ဖက်တွင်လည်း မြောက်ကိုရီးယားပြိုကွဲမှုကို အမျိုးသား လုံခြုံရေးပြဿနာကြီးအဖြစ် ရှုမြင်ထားကြသည့် တရုတ်နှင့် ရုရှားတို့ကလည်း ဆွေးနွေးပွဲ လမ်းကြောင်းဖြင့်သာ မြောက် ကိုရီးယား ပြဿနာကို ဖြေရှင်းရေးအတွက် တိုက်တွန်းခဲ့ကြပြီး စက်တင်ဘာ ၃ ရက် နျူကလီးယားဖောက်ခွဲမှုကိုလည်းပြစ်တင် ရှုတ်ချခဲ့ကြသည်။ တစ်ချိန်တည်းမှာ မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုနှင့် ဒုံးကျည်ခြိမ်းခြောက်မှုအန္တရာယ် တို့ကို မကြာခဏရင်ဆိုင်လာရသည့် တောင်ကိုရီးယားနှင့် ဂျပန်တို့က စစ်ရေးမူဝါဒများ ပြောင်းလဲလိုသော လက္ခဏာများ ပြလာကြသည်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေး အင်သည် ယခင်က အမေရိကန်ပြည်ထောင်စု၏ ဝေဟင်အမြင့်ပိုင်း ဧရိယာ လေကြောင်းရန် ကာကွယ်ရေးစနစ် (တီအိတ်ခ်ျအေ အေဒီ) တောင်ကိုရီးယားနိုင်ငံ၌ ဖြန့်ကြက်မှုကို ဘ၀င်မကျ ခဲ့သော်လည်း မြောက်ကိုရီးယား၏ ဆဋ္ဌမမြောက်နျူကလီးယား စမ်းသပ်မှုကြောင့် တီအိတ်ခ်ျအေအေ ဒီလေကြောင်းရန် ကာကွယ်ရေးစနစ်ကို လုံခြုံရေး လိုအပ်ချက်အဖြစ် လက်ခံ လိုက်ပုံရသည်။ အချို့သော တောင်ကိုရီးယားနိုင်ငံရေးသမား များကမူ အမေရိကန်ပြည်ထောင်စု၏ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များကို ပြန်လည်ဖြန့်ကြက်၍ နျူကလီး ယား အရံအတားစနစ်ထားရှိရန် တောင်းဆိုလာကြသည်။ အလားတူ ဂျပန်နိုင်ငံကလည်း စစ်လွန်ခေတ် ရွှေပြည်အေးဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကန့်သတ်ထားသည့် စစ်ရေး ထိုးစစ် အင်းအားကို ပြန်လည်တည်ဆောက်ရန် ခြေလှမ်း ပြင်လာခဲ့သည်။

သို့နှင့်ပင် မြောက်ကိုရီးယားနိုင်ငံ၏ ဆဋ္ဌမမြောက်နျူကလီး ယားတစ္ဆေကိုယ်ထင်ပြလာချိန်တွင် အရှေ့အာရှ၏ လုံခြုံရေး မူဝါဒများသည်လည်း ပြောင်းရိပ်ဆင်လာခဲ့လေပြီ။

သတင်းစာ တစ်စောင်ကွယ်လွန်ခြင်း

(၂၀၁၇ ခုနှစ် စက်တင်ဘာ ၃ ရက်)

၂၀၁၇ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ လွတ်လပ်သော သတင်းစာ တစ်စောင်ဖြစ်သည့်ကမ္ဘောဒီးယား နေ့စဉ်သတင်းစာမှ သတင်းထောက်များနှင့် အယ်ဒီတာများ သည် သတင်းကြီးနှစ်ပုဒ်နှင့် တည့်တည့်တိုးမိနေခဲ့ကြသည်။ ပထမသတင်းကြီးမှာ ၂၀၁၈ ခုနှစ် ရွေး ကောက်ပွဲ၌ လက်ရှိ ၀န်ကြီးချုပ် ဟွန်ဆန်အတွက် အန္တရာယ်အရှိဆုံး အတိုက်အခံ ပါတီခေါင်းဆောင် ကမ်ဘိုခါအဖမ်းခံရသည့်သတင်းဖြစ်ပြီး ကျန် သတင်းကြီးတစ်ပုဒ်မှာ ၂၄ နှစ်တိုင်တိုင် သီးခြားလွတ်လပ်စွာ ရပ်တည်ခဲ့သည့် ကမ္ဘောဒီးယားနေ့စဉ် သတင်းစာ၏ နာရေးသတင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ်သုံးခုမျှ ချုပ်ကိုင်ခဲ့သည့် ၀န်ကြီးချုပ်ဟွန်ဆန်ဦးဆောင်သော ကမ္ဘောဒီးယားအစိုးရသည် နိုင်ငံတော်အား ပေးဆောင်ရမည့် အခွန်ငွေအမေရိကန် ဒေါ်လာခြောက်သန်းကျော်ကို ပေးဆောင်ခဲ့ခြင်းမရှိဟူသော စွပ်စွဲချက် ဖြင့် အင်္ဂလိပ်ဘာသာစကားဖြင့် ထုတ်ဝေသော ကမ္ဘောဒီးယားနေ့စဉ်သတင်းစာကို စက်တင်ဘာ ၃ ရက်တွင် ထုတ်ဝေမှုရပ်ဆိုင်းရန် ညွှန်ကြားခဲ့သည်။ သို့ဖြစ်ရာ ကမ္ဘော ဒီးယားနေ့စဉ် သတင်းစာမှ အယ်ဒီတာများနှင့် သတင်းထောက် များသည် စက်တင်ဘာ ၄ ရက်တွင် ထွက်ရှိမည့် နောက်ဆုံး အမှတ်စဉ်အတွက် ရှေ့မျက်နှာဖုံးတွင် “အာဏာရှင် စနစ်ဆီသို့ လုံးလုံးလျားလျား သက်ဆင်းခြင်း”ဟူသော ခေါင်းစည်းစာလုံး များဖြင့် အတိုက်အခံခေါင်းဆောင် ကမ်ဘိုခါအဖမ်းခံရသည့် သတင်းကို ထည့်သွင်းခဲ့သည်။ ယင်းနောက် ကမ္ဘောဒီးယား နေ့စဉ် သတင်းစာထုတ်ဝေခွင့် အပိတ်ခံရခြင်းသည် အခွန် အငြင်းပွားမှုကို ဗန်းပြ၍ သတင်းစာလွတ်လပ်ခွင့်ကို ရိုက်ချိုး လိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်ဖြင့် သတင်းစာ၏ နာရေးကို ကျင်းပခဲ့သည်။

ဝန်ကြီးချုပ် ဟွန်ဆန်၏ နိုင်ငံရေးရမ္မက်မီးကြောင့် ၂၄ နှစ် တစ်လနှင့် ၁၅ ရက်တိတိ ထုတ်ဝေခဲ့ပြီးနောက်ရပ်နားခဲ့ရ သော ကမ္ဘောဒီးယားနေ့စဉ် သတင်းစာ၏ စက်တင်ဘာ ၃ ရက် နာရေးသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဒီမိုကရေစီရေချိန်နှင့် သတင်းစာလွတ်လပ်ခွင့် စံနှုန်းတို့ကို တိုင်းတာနိုင်သော စံကိုက်တံတစ်ခုဖြစ်ခဲ့ရသည်။

ရွေးကောက်ပွဲမလိုသည့် သမ္မတသစ်နှင့် ဒီမိုကရေစီမေးခွန်း

(၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၃ ရက်)

၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် စင်ကာပူနိုင်ငံသည် သမ္မတသစ်တစ်ဦးရရှိခဲ့သည်။ ထိုသမ္မတသစ်သည် စင်ကာပူ နိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်သလို နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးသော မဟာနွယ်ဝင် သမ္မတလည်းဖြစ် သည်။ ပို၍ထူးဆန်းသည်မှာ စင်ကာပူသမ္မတသစ် အသက် ၆၃ နှစ်အရွယ် ဟာကီမာယာကော့ဘ်သည် ထုံးတမ်းစဉ်လာ အတိုင်း သမ္မတရွေးကောက်ပွဲဝင်ရန်မလိုဘဲ သမ္မတ တာဝန် ထမ်းဆောင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ဟာကီမာယာကော့ဘ် စင်ကာပူသမ္မတတာဝန်ထမ်းဆောင် ခွင့်ရခဲ့ခြင်းသည် စင်ကာပူ၏ ဒီမိုကရေစီစံနှုန်းအတွက် သမိုင်း မှတ်တိုင်တစ်ခုဖြစ်နိုင်ပါသည်။ သို့ရာတွင် မဲဆန္ဒရှင်များ၏ မဲပေး ရွေးချယ်ပိုင်ခွင့်မရှိခဲ့သော သမ္မတရွေးချယ်ပွဲဖြစ်စဉ် ကြောင့် စင်ကာပူပြည်သူများ စိတ်ကသိကအောက်ဖြစ်ခဲ့ကြရ သည်။အချို့သောနိုင်ငံရေးသိပ္ပံပညာရှင်များက စင်ကာပူနိုင်ငံ သည် ဒီမိုကရေစီနိုင်ငံမဟုတ်။ အာဏာပိုင်များက အကြွင်းမဲ့ အာဏာကျင့်သုံးခွင့်ရှိသည့် ပြည်သူ့အကျိုးပြုအာဏာရှင်စနစ် နိုင်ငံ (Benevolent dictatorship) သာ ဖြစ်သည်ဟု ဆိုကြ သည်။

သို့ရာတွင် စင်ကာပူ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နှစ်သက် ရာသမ္မတကို မဲပေးရွေးချယ်ပိုင် ခွင့်ပေးအပ်ထားသည်။ သို့ရာတွင် ၂၀၁၇ ခုနှစ် စင်ကာပူသမ္မတရွေးချယ်ပွဲတွင် ၀န်ကြီးချုပ် လီရှန် လွန်း ဖွဲ့စည်းပေးထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ကော်မရှင်၏ စည်းမျဉ်းများအရ သမ္မတရွေး ကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးထားသူများအနက် ဟာကီမာယာကော့ဘ်တစ်ဦးသာ သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် အရည်အချင်းရှိ သူအဖြစ်ကျန်ရှိခဲ့သည်။

ဤတွင် စင်ကာပူဖွဲ့စည်းပုံအခြေခံဥပဒေ ကော်မရှင်က ပြိုင်ဘက်မရှိသည့် သမ္မတလောင်းဟာကီမာယာကော့ဘ် အတွက် သမ္မတရွေးကောက်ပွဲကျင်းပပေးရန် မလိုကြောင်း ဆုံးဖြတ်ခဲ့သည်။ သို့ဖြစ်ရာ စိတ်ကြိုက်သမ္မတတစ်ဦး မဲပေး ရွေးချယ်ခွင့်ရှိပါလျက် ယင်းအခွင့်အရေးကို အသုံးမချနိုင်ခဲ့ သော စင်ကာပူပြည်သူများအတွက် စက်တင်ဘာ ၁၃ ရက်မှာ ဒီမိုကရေစီပြဿဒါးရက်ပင် ဖြစ်ပါလိမ့်မည်။

ဂျာမနီရွေးကောက်ပွဲနှင့် အမျိုးသားရေးဝါဒ ဆောင်းအိပ်မက်

(၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၄)

ဥရောပ၏ နိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲလိုက်နိုင်သော သို့မဟုတ် ဥရောပ၏ တည်ဆဲအခြေအနေကို ဆက်ထိန်းထား နိုင်သော ဂျာမနီဖက်ဒရယ်ရွေးကောက်ပွဲကို စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲတွင် လက်ရှိဂျာမနီ ၀န်ကြီးချုပ် အင်ဂျလာမာကဲလ်၏ ခရစ်ယာန်ဒီမိုကရက်ယူနီယံ နှင့် ခရစ်ယာန်ဆိုရှယ် ယူနီယံ မဟာမိတ်အုပ်စုသည် နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း အဆိုးရွားဆုံးရလဒ်ဖြင့် ရင်ဆိုင်ခဲ့ရ သော်လည်း ၀န်ကြီးချုပ် မာကဲလ်မှာမူ ဂျာမနီဝန်ကြီးချုပ် ရာထူး စတုတ္ထသက်တမ်းကို ဆက်လက်တာဝန်ယူခွင့် ရခဲ့သည်။

သို့တိုင်အောင် ဂျာမနီဖက်ဒရယ်ရွေးကောက်ပွဲတွင် အမျိုးသား ရေးဝါဒီနှင့် လူဝင်မှု ဆန့်ကျင်ရေးပါတီဖြစ်သော ဂျာမနီအတွက် အပြောင်းအလဲပါတီ (အေအက်ဖ်ဒီ)သည် တတိယအင်အားစု အဖြစ် ၁၉၅၉ ခုနှစ် နောက်ပိုင်းပထမဆုံး အကြိမ်ဘင်းစတက်ဒ် လွှတ်တော်တွင်းသို့ ရောက်ရှိလာခဲ့ရာ ဂျာမနီနိုင်ငံရေးအခင်း အကျင်းသည် စက်တင်ဘာ ၂၄ ရက် ဖက်ဒရယ်ရွေးကောက်ပွဲ နှင့်အတူ နေ့ချင်းညချင်းပြောင်းလဲခဲ့ရသည်။

စက်တင်ဘာ ၂၄ ရက် ဂျာမနီဖက်ဒရယ် ရွေးကောက်ပွဲ၌နိုင်သူ အစစ်ကိုပြပါဆိုလျှင် အေအက်ဖ်ဒီပါတီကိုသာပြရပါလိမ့်မည်။ ဘင်းစတက်ဒ်လွှတ်တော်၌ အမတ်နေရာ ၉၀ ကျော်အထိ ရရှိခဲ့ပြီး ထောက်ခံမဲဝေစု ၁၃ ရာခိုင်နှုန်းအထိ ရရှိထားသော အေအက်ဖ်ဒီပါတီ၏ အနေအထားမှာအင်ဂျလာမာကဲလ် ဆက်လက်ဦးဆောင်ခွင့် ရဦးမည့် ဂျာမနီညွန့်ပေါင်း အစိုးရ အဖွဲ့သစ်အတွက် စိတ်မသက်သာဖွယ်ရာအနေအထားမျိုး ဖြစ်သည်။ တစ်နည်းအားဖြင့် ဘင်ဒစတက်ဒ်လွှတ်တော်၌ တတိယအင်အားစုအဖြစ် ထောင်တက်လာသည့်အေအက်ဖ်ဒီ ပါတီ၏ မူဝါဒများမှာ တရားမ၀င်ရွှေ့ပြောင်းဝင်ရောက်သူများ ဆိုင်ရာ အငြင်းပွားဖွယ် မူဝါဒများကြောင့် လူထုထောက်ခံမှု ကျဆင်းခဲ့ရသည်။ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကဲလ်ကို နိုင်ငံရေးအရ လည်မျိုညှစ်ထားနိုင်သော မူဝါဒများဖြစ်သည်။

စင်စစ်အားဖြင့် ဂျာမနီဖက်ဒရယ်ရွေး ကောက်ပွဲရလဒ်သည် ဂျာမနီနိုင်ငံ၏ စီးပွားရေး ကြောင့် ထွက်ပေါ်လာသည့် ရလဒ် မျိုးမဟုတ်။ ၀န်ကြီးချုပ် အင်ဂျလာမာကဲလ်၏ အငြင်းပွားဖွယ် တရားမ၀င်ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ မူဝါဒကြောင့် ပေါ်ထွက်လာသည့် ဂျာမနီပြည်သူများ၏ နိုင်ငံရေးပုန်ကန် စိတ်က ဖန်တီးပေးလိုက်သော ရလဒ်ပင်ဖြစ်သည်။ ၀န်ကြီးချုပ် အင်ဂျလာ မာကဲလ်၏ တံခါးဖွင့်ဝင်ခွင့်ပေးလိုက်သည့် တရား မ၀င် ရွှေ့ပြောင်းဝင်ရောက်သူတစ်သန်းကျော်တို့က ဂျာမနီ အမျိုးသား ရေးဝါဒီများကို နိုင်ငံရေးပင်မရေစီးကြောင်းအတွင်း တွန်းပို့လိုက်ခြင်းပင်ဖြစ်သည်။

-Ads-
-Ads-