ဆန်းချက်ဇ်လုပ်အားနှုန်းကျလာခြင်းကြောင့် ဇန်န၀ါရီဈေးကွက်တွင် အာဆင်နယ်အသင်း ပေါင် ၃၅သန်းဖြင့် ရောင်းထုတ်နိုင်ရန်စီစဉ်

အာဆင်နယ်အသင်းသည် ရာသီကုန်တွင် စာချုပ်ကုန်ဆုံးပြီး ကြိုက်ရာ အသင်းသို့ အလွတ်ပြောင်းရွှေ့ခွင့်ရှိနေသော အသင်းတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ကို ဇန်န၀ါရီအပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်တွင် ရောင်းချရန်စီစဉ် နေကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။ ဆန်းချက်ဇ်ကို ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ဈေးကွက် ကတည်းက မန်စီးတီးမှ ပေါင်သန်း ၆၀ဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့ရာတွင် အာဆင်နယ်သည် မိုနာကိုမှ သောမတ်စ် လီမာကို အစားထိုးနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မရနိုင်ခဲ့သဖြင့် ဆန်းချက်ဇ်ကို မရောင်းခဲ့ပေ။

သို့သော် အာဆင်နယ်အသင်းနည်းပြအဖွဲ့ဝင်များသည် ရာသီကုန်၌ မန်စီးတီးသို့ အလွတ်ပြောင်းရွှေ့ရန် ရည်မှန်းထား သော ဆန်းချက်ဇ် ပွဲကစားရာတွင်သာမက လေ့ကျင့်ခန်းဆင်းရာတွင်ပါ ယခင်လို လုပ်အားနှုန်း မကောင်းတော့ ခြင်းကြောင့် ဇန်န၀ါရီဈေးကွက်မှာပင် ပေါင် ၃၅ သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းမည့် အသင်းများရှိပါက ရောင်းထုတ်ရန် စီစဉ်နေသည်ဟု သိရသည်။

နီးစပ်သူများ၏အဆိုအရ ဆန်းချက်ဇ်သည် ဇန်န၀ါရီဈေးကွက်တွင် အာဆင်နယ်အသင်း ထုတ်ရောင်းပါက လက်မခံဘဲ ရာသီကုန်အထိ ဆက်နေပြီးမှ မန်စီးတီးသို့ လိုချင်သော လစာနှုန်းထား၊ စာချုပ်ကြေးများ တောင်းဆိုရယူပြီး ပြောင်းရွှေ့ရန် စီစဉ်နေသည်ဟုဆိုသည်။ဆန်းချက်ဇ်သည် ဒီဇင်ဘာ ၁၀ ရက်က ဆောက်သမ်တန်နှင့် ကစားခဲ့သောပွဲတွင် အားစိုက် ကစားခြင်းမရှိခဲ့သဖြင့် အသင်း ဖော်များကိုယ်တိုင်က ၎င်း၏ ပရော်ဖက်ရှင်နယ်မဆန်မှုအပေါ် မကျေမနပ်ဖြစ်ခဲ့ကြသည် ဟုလည်း သိရသည်။

ဆန်းချက်ဇ်ကို မန်စီးတီးအသင်းက ခေါ်ယူရန် အနီးစပ်ဆုံးဖြစ်နေသည်ဟု ဆိုသော်လည်း ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီကလည်း ခေါ်ယူသွားနိုင်ခြေရှိနေသည်။ ပီအက်စ်ဂျီအသင်းမှ ဂျာမန်တိုက်စစ်မှူး ဒရက်ဇ်လာကို အာဆင်နယ် အသင်းက အလိုရှိနေခြင်းကြောင့် ဒရက်ဇ်လာနှင့် ငွေကြေးအလိုက်ပေးပြီး အလဲအထပ်လုပ်နိုင်ကြောင်း သိရသည်။