၂၀၁၇ ခုနှစ် ကမ္ဘာ့သတင်း မှန်ကူကွက်များ(ဒီဇင်ဘာ)

 

“၀ါရှင်တန်မြို့တော် အိမ်ဖြူတော်ဘဲဥပုံ ရုံးခန်းအတွင်း စရောက်ချိန်မှစ၍ ဆုံးဖြတ်ချက်အမျိုးမျိုး၊ သဘောထားကြေညာချက် အမျိုးမျိုးဖြင့် ကမ္ဘာကြီးကို ကိုင်လှုပ်နေသော သမ္မတဒေါ်နယ်ထရန့်သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင်လည်း အမျိုးသားလုံခြုံရေးမဟာဗျူဟာသစ်ဖြင့် ကမ္ဘာကြီးကိုထပ်မံ ကိုင်လှုပ်လိုက်ပြန်ပြီဖြစ်သည်။”


အာရှ၏ ၀န်ထုပ်ဝန်ပိုး သို့မဟုတ် ငှက်ဖျား

(၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်)

-Ads-
-Ads-

ပြင်သစ်အခြေစိုက် ဆာနိုဖီပက်စချာဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီ၏ ဒင်ဗားရှား (Denvaxia) အမည်ရှိ ငှက်ဖျား ကာကွယ်ရေးဆေးထိုးနှံမှု အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံက ဒီဇင်ဘာ ၁ ရက်တွင် ကြေညာလိုက်ချိန်၌ တစ်ကမ္ဘာလုံး အထူးသဖြင့် ငှက်ဖျား ရောဂါ ၀န်ထုပ်ဝန်ပိုးကို လွယ်ထားရသည့် အာရှတစ်ခွင်၌ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ဆာနိုဖီပက်စချာ ကုမ္ပဏီ၏ ဒင်ဗားရှား ငှက်ဖျားရောဂါ ကာကွယ်ဆေးကို ပထမဆုံး အသုံးချသည့် နိုင်ငံတစ်နိုင်ငံဖြစ် ပြီး ၂၀၁၆ ခုနှစ် ဧပြီလမှစ၍ ငှက်ဖျား ထူပြောသော နယ်မြေများရှိ ပြည်သူများကို ထိုးနှံပေးခဲ့သည်။ သို့ရာတွင် ရေရှည်ကာလလက်တွေ့စမ်းသပ်မှုများအရ ဒင်ဗားရှားငှက်ဖျားကာကွယ်ဆေးသည် ငှက်ဖျားဖြစ်ဖူး သူများအတွက် ပြဿနာမရှိသော်လည်း ငှက်ဖျားမဖြစ်ဖူး သူများတွင်မူ ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ရှိတတ် ကြောင်း ဆာနိုဖီ ပက်စချာကုမ္ပဏီက ကြေညာခဲ့ရာ ဖိလစ်ပိုင် နိုင်ငံမှာလည်း ဒင်ဗားရှားငှက်ဖျားကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်။ အစီအစဉ်ရပ်ဆိုင်း ချိန်တွင် ဒင်ဗားရှားငှက်ဖျား ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်မှာ ၇၁၀၀၀၀ ကျော်ရှိခဲ့ပြီဖြစ်ရာဖိလစ်ပိုင်အနေ ဖြင့် ပေါ့စေလို၍ ကြောင်ရုပ်ထိုးခါမှ ဆေးကြောင့်ပိုလေးရသည့် အဖြစ်မျိုးကြုံခဲ့ရသည်။

ငှက်ဖျားရောဂါဟု ယူဆရသော ရောဂါတစ်မျိုးအကြောင်းကို တရုတ်ကျင်မင်းဆက်ခေတ် (အေဒီ ၂၆၅-၄၂၀) ဆေးပညာ ကျမ်း တစ်စောင်တွင် ပထမဆုံး တွေ့ရှိခဲ့သည်။ထိုတရုတ်ဆေး စွယ်စုံကျမ်းတွင် ငှက်ဖျားရောဂါကို ပျံသန်းနိုင်သော အင်းဆက် တစ်မျိုးကြောင့် ဖြစ်ပွားသည့် ရေအဆိပ်သင့်မှု ရောဂါအဖြစ် အဓိပ္ပာယ်ဖွင့်ထားသည်။ သို့ရာတွင် ငှက်ဖျားရောဂါ၏ အဓိက လက်သည်ဖြစ်သော A. aegypti ခြင်များသည် ၁၅ရာစုနှင့် ၁၉ ရာစု အကြား ကာလအတွင်း ကျွန်ကုန်သွယ်ရေးလုပ်ငန်း နှင့်အတူ ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ ၁၇၇၉ ခုနှစ်နှင့် ၁၇၈၀ ပြည့်နှစ်အကြား ကာလများအတွင်းငှက်ဖျားရောဂါ သည် အာရှ၊ အာဖရိကနှင့် မြောက်အမေရိကတိုက်များ၌ ကပ်ရောဂါအသွင် ကူးစက်ခဲ့ဖူးသည်။ ယနေ့ထက်တိုင်ပင် ငှက်ဖျားရောဂါသည် အာရှနှင့် အာဖရိကတို့အတွက် အဓိက လူသတ် ရောဂါအဖြစ် ရှိနေဆဲဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို) ၏ အဆိုအရ ကမ္ဘာ့လူဦးရေ ထက်ဝက်နီးပါးခန့်မှာ ငှက်ဖျားဗိုင်းရပ်စ် ကူးစက်ခံရမည့် အလားအလာနှင့် ရင်ဆိုင်ရနိုင်ခြေရှိပြီး ကမ္ဘာ့ပြည်သူ သန်း ၃၉၀ တို့မှာ နှစ်စဉ်ငှက်ဖျားရောဂါပိုး ကူးစက်ခံနေရသည်။ ထိုသို့သောအချိန်မျိုးတွင် အချိန်ယူ စမ်းသပ်လေ့လာ မှု မလုပ်အားဘဲ ဈေးကွက်အတွင်းသို့ တိုးဝင်လာခဲ့ရသော ဒင်ဗားရှားကဲ့သို့ ငှက်ဖျားကာကွယ်ဆေး များ၏ နောက်ဆက်တွဲပြဿနာများကို မျှော်တွေးဆင်ခြင်ရန် သင့်ပါသည်။

အို….ဂျေရုဆလင်

(၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်)

“ပြဿနာဟောင်းတွေကို ရှင်းဖို့ နည်းလမ်း သစ်တွေလိုတယ်} ဟူသော စကားနှင့်အတူ အမေရိကန်သမ္မတဒေါ်နယ်ထရန့် သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ဂျေရုဆလင်မြို့တော် ကို အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် အသိအမှတ်ပြု ကြေညာ လိုက်ပြီး အမေရိကန်အစိုးရအဆက်ဆက် နှစ်ပေါင်း ၇၀ ကျော်ကြာ ကျင့်သုံးခဲ့သည့် ဂျေရုဆလင်မူဝါဒကို နိဂုံးချုပ်ပေးလိုက်သည်။

နှစ်ပေါင်း ၂၀၀၀ ကျော်ကာလအတွင်း အကြိမ်ကြိမ် သွေးမြေကျခဲ့ရသည့် ဂျေရှုစလင်သည် ရေ၀တီ၊ ခရစ်ယာန်နှင့် မွတ်စလင်ဘာသာဝင်တို့၏ အထွတ်အမြတ်နယ်မြေဖြစ်သည်။ သမိုင်းတစ်လျှောက်လုံး ဂျေရုဆလင်မြို့တော်အတွက် စစ်ပွဲ များ အကြိမ်ကြိမ် ခင်းခဲ့ကြသည်။ ကေသရာဇာနှလုံးသား ပိုင်ရှင် ရစ်ချတ်ဘုရင်သည် ဂျေရုဆလင်အတွက် မျက်ရည် ကျခဲ့ဖူးသည်။ သို့ဖြစ်ရာဂျေရုဆလင်မြို့တော်ကို အစ္စရေး နိုင်ငံ၏ မြို့တော်အဖြစ် သမ္မတ ဒေါ်နယ်ထရန့်က အသိအမှတ် ပြု ကြေညာပြီးချိန် တွင် တုံ့ပြန်မှုအမျိုးမျိုး ပေါ်ထွက်လာသည်။ အစ္စရေးနိုင်ငံက ၀မ်းသာစကား၊ ကျေးဇူးတင်စကားပြောသည်။ အနောက်ဘက်ကမ်းမှ ပါလက်စတိုင်းများက လမ်းမပေါ်၌ ဒေါသမာန်ကို ဖြည်လွှတ်ကြသည်။ ကမ္ဘာတစ်ဝန်းမှမွတ်စလင် နိုင်ငံများ၌ ဆန္ဒပြပွဲများ ပေါ်ထွက်လာသည်။

နှစ်နိုင်ငံယှဉ်တွဲရပ်တည်ရေး သဘောတရားအရတည်ဆောက် မည့် အနာဂတ်ပါလက်စတိုင်း နိုင်ငံသစ်၏ မြို့တော်အဖြစ် အရှေ့ဂျေရုဆလင်ကို ရပိုင်ခွင့်တောင်းဆိုထားသော ပါလက် စတိုင်းများက ဂျေရုဆလင် ဆုံးဖြတ်ချက်ကြောင့် အမေရိကန် ပြည်ထောင်စုကို ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ်ဆက်၍ လက်ခံရန် ငြင်းဆိုကြသည်။ သို့နှင့်ပင် သမိုင်းတစ်လျှောက် လုံး လိပ်ခဲတည်းလည်း ဖြစ်ခဲ့ရသည့် ဂျေရုဆလင်ပြဿနာ သည် ပုံစံသစ်သို့ ကူးပြောင်းသွားသည်။ သမ္မတဒေါ်နယ် ထရန့်၏ ဂျေရုဆလင်ဆုံးဖြတ်ချက်သည် သူ၏ အကြံပေး အဖွဲ့ကို နှစ်ပိုင်းခွဲလိုက်သလို ကမ္ဘာကြီးကိုလည်း နှစ်ပိုင်း ခွဲလိုက်သည်။

တစ်နေ့သောအခါတွင် တိုင်းပြည်အားလုံး စုပေါင်း၍ အနည်း ဆုံးတိုင်းပြည်အများအပြား စုပေါင်း၍ ဂျေရုဆလင်ကိုတိုက်ကြ မည်။ ဣသရေလလူမျိုးများကို ဂျေရုဆလင်မှ နှင်ကြမည်။ မြင့်မြတ်သော နေရာများမှ နှင်ကြမည်ဟူ၍ ဣသရေလတို့၏ ဓမ္မဟောင်းကျမ်း၌ ဗျာဒိတ်ရှိသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဂျေရုဆလင် ဆုံးဖြတ်ချက်နောက်ဆက် တွဲအဖြစ် အာရပ်နိုင်ငံများနှင့် မွတ်စလင်နိုင်ငံများ၏ တောင်း ဆိုချက်အရ ဒီဇင်ဘာ ၂၄ ရက်တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံအထူး အရေးပေါ် အစည်းအဝေးကို ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် သမ္မတဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်ကို ပြန်လည် ရုပ်သိမ်းရန် တောင်းဆိုထားသော ဆုံးဖြတ်ချက် တစ်ရပ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၂၈ နိုင်ငံတို့က ထောက်ခံမဲ ပေးခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စု အပါအ၀င်ကိုးနိုင်ငံ က ကန့်ကွက်ခဲ့သည်။

ဣသရေလတို့၏ ဓမ္မဟောင်းကျမ်းလာ ဗျာဒိတ်စကားသည် ဂျေရုဆလင်အတွက် မှန်လာ သယောင်ပင်ဖြစ်သည်။

ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေးမဟာ ဗျူဟာသစ်

(၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်)

ဝါရှင်တန်မြို့တော် အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်းစရောက် ချိန်မှစ၍ ဆုံးဖြတ်ချက်အမျိုးမျိုး၊ သဘောထားကြေညာချက် အမျိုးမျိုးဖြင့် ကမ္ဘာကြီးကိုကိုင်လှုပ်နေသော သမ္မတဒေါ်နယ် ထရန့်သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင်လည်း အမျိုးသားလုံခြုံရေးမဟာဗျူဟာသစ်ဖြင့် ကမ္ဘာကြီးကိုထပ်မံ ကိုင်လှုပ်လိုက်ပြန်ပြီဖြစ်သည်။

ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သော သမ္မတဒေါ်နယ်ထရန့် ၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်တွင် အမေရိကန် ပြည်ထောင်စုကို ကာကွယ်ရန်၊ အမေရိကန်အကျိုးစီးပွားကို မြှင့်တင် ရန်၊ အင်အားဖြင့် ငြိမ်းချမ်းရေးကို အာမခံချက်ပေးရန်၊ အမေရိကန်သြဇာကို ကမ္ဘာတစ်ဝန်းချဲ့ထွင်ရန် စသည်တို့နှင့် ပတ်သက်၍ လမ်းပြမြေပုံချပေးထားသည်။ သို့ရာတွင် ထုံးစံ အတိုင်း “အမေရိက ပဓာန” သဘောတရားနှင့် များများ လွှမ်းထုံထားသည်။

သမ္မတဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာ သစ်၏ အထင်ရှားဆုံးလက္ခဏာတစ်ရပ်မှာ တရုတ်နှင့် ရုရှား နိုင်ငံတို့ကို အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားများအား စိန်ခေါ်နေသည့် မဟာဗျူဟာပြိုင်ဘက်များအဖြစ် သတ်မှတ် ထားခြင်း ဖြစ်သည်။ သို့ဖြစ်ရာ တရုတ်နှင့် ရုရှားတို့က အမေရိ ကန်သမ္မတဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာ သစ်ကို စစ်အေးတိုက်ပွဲ သူငယ်နာမစင်သည့် မဟာဗျူဟာသစ် အဖြစ် ဝေဖန်ခဲ့ကြပြီး ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းကို ရွေးမည့်အစား အားလုံးအကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှု ကိုသာ ရွေးရန်တိုက်တွန်းခဲ့ကြသည်။

သမ္မတဒေါ်နယ်ထရန့် အနေဖြင့် အမေရိကန် ပြည်ထောင်စုကို ဦးဆောင်နေရသူ တစ်ဦးအနေဖြင့်အမေရိကန်ပြည်ထောင်စု ၏ စံနှုန်းများကို မြှင့်တင်ရန်၊ ကမ္ဘာတစ်ဝန်း၌ အမေရိကန် ပြည်ထောင်စု၏သြဇာကိုမြှင့်တင်ရန် ကြိုးစားခြင်းမှာ မဆန်းပါ။ သို့ရာတွင် ရုရှားသြဇာပြန်တက်လာမှု၊ တရုတ်သြဇာကျယ်ပြန့် လာမှုနှင့် အမေရိကန် သြဇာတစ်ဖန် ပြန်လည်မှေးမှိန်လာမှု တို့သည် ယနေ့ခေတ်ကမ္ဘာ့အစီအစဉ်သစ်မှာ စစ်အေးတိုက်ပွဲ အပြီးကာလကဲ့သို့ အမေရိကန်ပြည်ထောင်စုတစ်ခုသာ ဦးဆောင်ခွင့်ရထားသော ကမ္ဘာ့အစီအစဉ်မျိုး မဟုတ်တော့ဘဲ ၀င်ရိုးစုံကမ္ဘာကြီး ဖြစ်လာကြောင်း သက်သေပြနေသည်။

အလားတူ တစ်ဖက်တွင်လည်း မြောက်ကိုရီးယားပြဿနာ၊ အစွန်းရောက်ဝါဒ ပြဿနာစသည့် နိုင်ငံစုံ ပြဿနာများကို ရင်ဆိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် မဟာမိတ် လိုအပ်နေချိန်တွင် ရုရှားနှင့် တရုတ်တို့ကို မဟာ ဗျူဟာမြောက်ပြိုင်ဘက်များအဖြစ် သတ်မှတ်ခြင်းဖြင့် ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းပေါ်သို့ တွန်းပို့လိုက် ခြင်းသည် စစ်အေးခေတ်ကမ္ဘာ့အစီ အစဉ်ဟောင်းကို ပြန်လည်အသက်သွင်းရာ ရောက်သွားနိုင်ပါသည်။

စင်စစ်အားဖြင့် သမ္မတဟောင်းအိုဘားမား လက်ထက်မှစ၍ ဆုတ်ရိပ်ပြလာသော အမေရိကန် ပြည်ထောင်စု၏ သြဇာသည် သမ္မတဒေါ်နယ် ထရန့်၏ “အမေရိကပဓာန” ကြွေးကြော်သံ အောက်တွင် ပို၍ကျဆင်းသွားနိုင်ခြေရှိသည်။ သို့ဖြစ်ရာသမ္မတ ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာမူဝါဒသစ် များသည် အမေရိကန်ပြည်ထောင်စု၏သြဇာကို ပြန်လည် ဆယ်မရေးအတွက် ကုထုံးမှန်ဟုတ်၊ မဟုတ်မှာ သံသယပွား ဖွယ်ရာပင်ဖြစ်သည်။

ဂန္ဓလရာဇ်၏ ငါးစစ်ပွဲ

(၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်)

၂၁ ရာစု ခေတ်အတွင်းသို့ နှစ်ပေါင်း ၂၀ မျှ တိုးဝင်လာချိန်တွင် ကမ္ဘာကြီး၏ သယံဇာတအရင်း အမြစ်များမှာပို၍ ရှားပါးလာ ကြောင်း ထင်ရှားလာသည်။ ၂၁ ရာစု အရွက်ဦးကာလတွင် ကမ္ဘာကြီး၏ နောက်ဆုံးလက်ကျန် သယံဇာတကိုလိုနီနယ်မြေ သစ်သည် သမုဒ္ဒရာကြီးများ ဖြစ်လာသည်။ တစ်ချိန်တည်းမှာ ပင် ကမ္ဘာ့နိုင်ငံအများအပြားသည် စီးပွားရေးနှင့် စားနပ်ရိက္ခာ လုံခြုံရေးတို့အတွက် ရုန်းကန်နေရပြီဖြစ်ရာ သယံဇာတလုပွဲ များသည် မူဝါဒရေးရာနှင့် အယူအဆရေးရာတိုက်ပွဲများထက် ပို၍ အားကောင်းလာသည်။ အထူးသဖြင့် ကမ္ဘာ့သမုဒ္ဒရာ ဒေသကြီးများတွင် ငါးကိုအကြောင်းပြုသည့် သယံဇာတ တိုက်ပွဲများ စတင် ပေါ်ထွက်လာသည်ကို တွေ့ရသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ ငါးလုပွဲများ၏ ထင်ရှားသော သာဓက တစ်ရပ်ကို ဒီဇင်ဘာ ၂၀ ရက်တွင် ပေါ်ပေါက်ခဲ့သော ဖြစ်စဉ် တစ်ရပ်တွင်တွေ့နိုင်ပါသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် တွင် တောင်ကိုရီးယားကမ်းခြေစောင့်တပ်မှ သင်္ဘောများ သည် တောင်ကိုရီးယားရေပြင်အတွင်း တရားမ၀င် ၀င်ရောက် ၍ ငါးဖမ်းနေသည့် တရုတ်ငါးဖမ်းသင်္ဘောအုပ်စုတစ်စုကို သတိ ပေးပစ်ခတ်မှုများ ပြုလုပ်၍ ရှင်းထုတ်ခဲ့ရသည်။ သင်္ဘောစင်း ရေ ၄၀ ကျော် ပါဝင်သည့် တရုတ်ငါးဖမ်းသင်္ဘော အုပ်စုကို မောင်းထုတ်ရန် တောင်ကိုရီးယားကမ်းခြေစောင့် သင်္ဘောများ သည် သတိပေးပစ်ခတ်မှု ၂၄၉ ကြိမ် ပြုလုပ်ခဲ့ရာ တိုက်ပွဲငယ် တစ်ပွဲစာ အင်အားလောက် ပင်ရှိခဲ့သည်။

ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ ငါးဖမ်းဆီးရရှိမှုနှုန်းမှာ ထက်ဝက် နီးပါး အထိ ကျဆင်းခဲ့သည်။ ထိုပြဿနာသည် အခြေခံ ပရိုတိန်းဓာတ်အရင်းအမြစ်အဖြစ် ငါးကို အဓိကစားသုံးသော ကမ္ဘာ့လူဦးရေ တစ်ဘီလီယံ ကျော် တို့အတွက် ဖြစ်တည်မှု ပြဿနာကြီးတစ်ရပ် ဖြစ်လာခဲ့သည်။ အထူးသဖြင့် တရုတ်ပြည်သူများသည် ငါးကိုအခြားကမ္ဘာ့ ပြည်သူများထက် ပျှမ်းမျှအားဖြင့် နှစ်ဆပိုမို စားသုံးတတ်ရာ ငါး သယံဇာတ ရှားပါးလာမှုသည် တရုတ်နိုင်ငံ အတွက် အဓိက အမျိုးသားရေးပြဿနာကြီးတစ်ရပ်ဖြစ်ခဲ့သည်။

ဤတွင် တရုတ်အစိုးရသည် စင်းရေ ရာထောင်ချီ များပြား သော ငါးဖမ်းသင်္ဘောတပ်ကြီး ဖွဲ့စည်း၍ ကမ္ဘာ့သမုဒ္ဒရာဒေသ အနှံ့ ငါးဖမ်းပွဲများ ပြုလုပ်တော့သည်။ တရုတ်ငါးဖမ်းသင်္ဘော များသည် အခြားနိုင်ငံများပိုင် ရေပြင်ပိုင်နက်များအတွင်း တရားဝင်အရရော တရားမ၀င်ခိုးဝင်၍ပါ ငါးများ ဖမ်းများ ဖမ်းဆီးတတ်ကြံရာ မကြာသေးမီနှစ်အတွင်း တရုတ်ငါးဖမ်း သင်္ဘောများနှင့် အခြားကမ္ဘာ့နိုင်ငံများမှ ကမ်းခြေစောင့်တပ်ဖွဲ့ များအကြား ပဋိပက္ခများ ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့ ကြောင်း တွေ့ရပေလိမ့်မည်။ ဥပမာအားဖြင့် တောင်တရုတ် ပင်လယ်ဒေသကဲ့သို့သော ရေပြင်မျိုးသည် တရုတ်ငါးဖမ်း သဘောများသည် ကမ်းခြေစောင့်သင်္ဘောများ၏ အကာ အကွယ်ဖြင့် ငါးဖမ်းဆီးခဲ့ရာ တရုတ် ငါးသယံဇာတရှာဖွေရေး လုပ်ငန်းသည် စစ်ပုံဆောင်လာသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်သည် တရုတ် ၏ တစ်ကမ္ဘာလုံးဆိုင်ရာ ငါးစစ်ပွဲ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပေလိမ့်မည်။

-Ads-
-Ads-