၂၀၁၇ နှစ်ချုပ်မှတ်တမ်း(၄)

စံတော်ချိန်သတင်းအဖွဲ့ – စုစည်းသည်။

“ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို ကာယိနြေ္ဒပျက်ပြားစေမည့် အပြုအမူဖြင့်လည်းကောင်း၊ တုတ်(သို့) လက်တို့ဖြင့်လည်းကောင်း ရိုက်နှက်ဆုံးမခြင်း မပြုလုပ်ရန် ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနက ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ပညာရေးမှူးရုံးများသို့ညွှန်ကြားစာထုတ်ပြန်။”

စက်တင်ဘာ ၆ – အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီသည်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံ။ [အိန္ဒိယ၀န်ကြီးချုပ်သည် စက်တင်ဘာ ၅ ရက်မှ ၆ ရက်အထိ နှစ်ရက်တာ ခရီးစဉ်အတွင်း ပုဂံဒေသ၊ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်(ရန်ကုန်)၊ ရွှေတိဂုံစေတီတော်အစရှိ သည့်နေရာများသို့ သွားရောက်လေ့လာခဲ့ပြီး ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)၌ အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့။]

-Ads-
-Ads-

-တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်း ရေး G-4 ဂျက်လေယာဉ်သုံးစင်းသည် ပုသိမ်လေဆိပ်မှ နံနက်ပိုင်းတွင် စတင်ပျံသန်းလေ့ကျင့်ကြပြီး လေယာဉ်သုံးစင်းအနက် လေယာဉ်မှူးဗိုလ်မှူးကောင်းထိုက်မောင်းနှင်သည့် G-4 ဂျက် လေယာဉ်တစ်စင်းသည် ပုသိမ်-ဟင်္သာတ-ဂွ ပုသိမ်လမ်း ကြောင်းအတိုင်း ပျံသန်းလေ့ကျင့်စဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏အနောက် မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာတွင် ပုသိမ်လေဆိပ် နှင့် နောက်ဆုံးအဆက်အသွယ်ရရှိပြီး နောက်ပိုင်း ပျောက်ဆုံး လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်။ (အောက်တိုဘာ ၁၈ ရက်တွင် G4 ဂျက် လေယာဉ်ကို ဂွမြို့တောင်ဘက်တွင် ပြန်လည်တွေ့ရှိခဲ့သည်။)

စက်တင်ဘာ ၉ -(၇၈) ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန် မြို့ ရွှေတိဂုံဘုရားလမ်းရှိ ဦးဥတ္တမပန်းခြံတွင် ကျင်းပ။

– ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သော ARSA အကြမ်းဖက်အစွန်းရောက် အဖွဲ့ အစည်းအား ပြန်းထန်စွာရှုတ်ချကြောင်း မြန်မာနိုင်ငံလုံးဆိုင် ရာ အစ္စလမ်ဘာသာရေးအဖွဲ့ကြီးက သတင်းထုတ်ပြန်။

စက်တင်ဘာ ၁၀-ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန် မြတ်အား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ပြောကြား။

-ရုပ်ရှင်သရုပ်ဆောင် စည်ဖြိုး၏အဒေါ် ဖြစ်သူ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် နာမည်ကျော်ကြားသူဖြစ်ပြီး ထိုင်းနိုင်ငံမှ နာမည်ကြီး ရုပ်သံလိုင်းအချို့တွင် ဗေဒင်ဟောပြောမှုကို ရိုက်ကူးထုတ်လွှင့်ခံရသူ နာမည်ကျော် အကြားအမြင်ဆရာမ အီးတီ(ခ) ဒေါ်ဆွေဆွေဝင်းသည် ၎င်းနေထိုင်ရာ သင်္ဃန်းကျွန်း မြို့နယ် ဇ၀နလုံးချင်း အိမ်ရာ၌ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ကွယ်လွန်။

-တောင်တွင်းကြီးမြို့ ရွှေအိုး (၂ )ရပ်ကွက် အုန်းတော (၂)လမ်းနှင့် မကွေးလမ်းမကြီး တစ်လျှောက်ရှိ ဆိုင်များကို တုတ်၊ ဓားများကိုင် ဆောင်၍ ဖျက်ဆီးမှု ပြုလုပ်သူများကြောင့် လူစု လူဝေးဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရော်ဘာကျည် အချို့ အသုံးပြုခဲ့ရပြီး ၀ိုင်းအုံသူ လူ ၄၀၀ ခန့်ကို လူစုခွဲခဲ့ရ။

စက်တင်ဘာ ၁၁-ဘင်္ဂါလီများ အကြမ်းဖက်တိုက်ခိုက်မည်ဆို သည့် ကောလာဟလ သတင်းများကြောင့် ရွှေပြည်သာ၊ ရွှေလင်ပန်းနှင့် အနော်ရထာစက်မှုဇုန်ရှိ စက်ရုံအချို့မှ အလုပ် သမားများစိုးရိမ်၍ နေ့တစ်ဝက်သာ အလုပ်ဆင်း ခိုင်းပြီး အလုပ်မှပြန်လွှတ်ခဲ့ရ။

-နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် NCA လက်မှတ် ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ်ဦးဆောင်သော အဖွဲ့အား နေပြည်တော်ရှိအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနတွင်တွေ့ဆုံ။

စက်တင်ဘာ ၁၂- မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာနှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်တို့၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်။

စက်တင်ဘာ ၁၃-ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကို ကန့်ကွက်ရှုတ်ချပွဲနှင့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို ဂျပန်နိုင်ငံတိုကျိုမြို့ UN ရုံးရှေ့၌ ဂျပန်ရောက် မြန်မာနိုင်ငံသားများ ဆန္ဒထုတ်ဖော်။

စက်တင်ဘာ ၁၉- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိ သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းလုပ်ဆောင်မှုများနှင့်ပတ်သက်၍ သံတမန်များအား အသိပေးသည့်မိန့်ခွန်းပြောကြားခဲ့ပြီး အထူးသဖြင့် ရခိုင်အရေး နှင့် ပတ်သက်ပြီး အစိုးရအဖွဲ့၏လုပ်ဆောင်ချက်များကို အဓိက ထားပြောကြားခဲ့။ (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်း ပြောကြားမှုကို တစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် LED ဘုတ်များ ဖြင့် တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းများ ပြုလုပ်ခဲ့သလို မိန့်ခွန်း ထောက်ခံပွဲများကိုလည်း တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြ သည်။)

စက်တင်ဘာ ၂၀- အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလ သမဂ္ဂဌာနချုပ်ရှိ အထွေထွေညီလာခံခန်းမ၌ ကျင်းပသည့် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ အထွေ ထွေမူဝါဒရေးရာဆွေးနွေးပွဲ ဒုတိယနေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်မိန့်ခွန်း ပြောကြား။

– ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဗြိတိန်ပါလီမန်အမတ်များက ဗြိတိန်နိုင်ငံတွင် သင်တန်း တက်ရောက်နေသော မြန်မာ့တပ်မတော် သင်တန်း သားများအား သင်တန်းဆိုင်းငံ့ပေးရန် တောင်းဆိုမှုအရအဆိုပါ သင်တန်းသားအရာရှိများအား မြန်မာနိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့မှုကြောင့် ယခင်ကကမ်းလှမ်းထားသော သဘော တူညီထားသည့် သင်တန်းသားများအပါအ၀င် ဗြိတိန်နိုင်ငံသို့ သင်တန်းသားများ ထပ်မံစေလွှတ် မည်မဟုတ်ကြောင်း တပ်မတော် သတင်းမှန်ပြန် ကြားရေးအဖွဲ့ သတင်းထုတ်ပြန်။
စက်တင်ဘာ ၂၄- နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည် ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲကိုရန်ကုန်မြို့ မြို့တော် ခန်းမရှေ့တွင်ပြုလုပ်ခဲ့ရာ လူအင်အား ၁၀၀၀ ခန့် ပါဝင်ခဲ့။

-နယူးဇီလန်ရောက် မြန်မာများဦးဆောင်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲ ကို နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့၌ ပြုလုပ်ခဲ့။

-ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို ကာယိနြေ္ဒပျက်ပြားစေ မည့် အပြုအမူဖြင့်လည်းကောင်း၊ တုတ်(သို့) လက်တို့ဖြင့်လည်းကောင်း ရိုက်နှက်ဆုံးမခြင်း မပြုလုပ်ရန် ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနက ပြည်နယ်နှင့်တိုင်းဒေသကြီး အသီး သီးရှိ ပညာရေးမှူးရုံးများသို့ ညွှန်ကြားစာထုတ်ပြန်။ (ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ်အတွင်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ဆရာမ တစ်ဦးက ကျောင်းသား၊ ကျောင်းသူကလေးငယ်များကို သွန်သင်ဆုံးမရာတွင် ကာယိနြေ္ဒပျက်ပြားစေမည့် အပြုအမူ တစ်ရပ် လူမှုကွန်ရက်စာမျက်နှာတွင် ဖြစ်ပေါ်ခဲ့ပြီး ရက်ပိုင်း အတွင်း ယင်းညွှန်ကြားစာ ထုတ်ပြန်ခြင်းဖြစ်)

စက်တင်ဘာ ၂၅ – ရွှေဝါရောင်သံဃာ့ အရေးအခင်း(၁၀)နှစ်ပြည့် နှစ်ပတ်လည်အဖြစ် ၂၀၀၇ ရွှေဝါရောင်သံဃာ့ အရေးအခင်းတွင် ပါဝင်ခဲ့ကြသော သံဃာတော်များနှင့် လူပုဂ္ဂိုလ် များက ရွှေတိဂုံစေတီတော်ကြေးသွန်းဘုရား မုခ်ဦးတွင် စတင်စုစည်း၍ ရွှေတိဂုံစေတီရင်ပြင် ပေါ်သို့ တက်ရောက်ကာ ဆုတောင်းမေတ္တာပို့သခဲ့။

(ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနားအတွက် ကြိုတင် ခွင့်ပြုချက်မတင်ဘဲ လုပ်ဆောင်သည်ဟုဆိုကာ ရွှေတိဂုံ ရင်ပြင်ပေါ်သို့ တက်ရောက်ခြင်းကို တားဆီးခံခဲ့ရပြီး အချိန် အတန်ကြာညှိနှိုင်းမှုပြုလုပ်ပြီးမှ ရင်ပြင်ပေါ်သို့ တက်ရောက် ခွင့်ရရှိ။)

စက်တင်ဘာ ၂၇ -အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်း (၂၉)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပါတီဗဟိုဌာနချုပ်တွင် ပြုလုပ်ခဲ့။ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် မြန်မာ့လူမှုအဖွဲ့ အစည်း ပြန်လည်ဆန်းသစ်မှုဖြစ်စဉ်ကိုခေါင်းဆောင်နိုင်စွမ်း ရှိပြီး ဆင်နွှဲနိုင်စွမ်းလည်းရှိကြောင်း သက်သေပြပြီးဖြစ်ကာ စိန်ခေါ်မှုနှင့် ဖိအားများကြောင့် ဒီမိုကရေစီလမ်းကြောင်းမှ အာရုံပြောင်းသွားမည်မဟုတ်ကြောင်း နှစ်ပတ်လည်သဘော ထားကြေညာချက်ထုတ်ပြန်။)

စက်တင်ဘာ ၂၈- ခါကာဘိုရာဇီအမျိုးသားဥယျာဉ် တောင်ပိုင်း ဒေသကိုတိုးချဲ့ပြီး ကမ္ဘာ့အမွေအနှစ်သတ်မှတ်ခံရရန် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လုပ်ဆောင်နေမှုကို ကန့်ကွက်ကြောင်း ပူတာ အို၊ မချမ်းဘော၊ နောင်မွန်မြို့နယ် ဒေသခံများက မြို့နယ်အသီးသီးတွင် ဆန္ဒထုတ်ဖော်ခဲ့။

အောက်တိုဘာ ၁- ရိုဟင်ဂျာ ဟိန္ဒူဟူသောစကားလုံးကို ခေါ်ညွှန်းသုံးစွဲခြင်းမပြုရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူ ဘာသာရေးဗဟို အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်။
အောက်တိုဘာ၂- ရခိုင်အရေးတွင် ပြည်ပနိုင်ငံကြီးများနှင့် ပြည်ပသတင်းမီဒီယာများက သတင်းထိမ်ချန်ရေးသားနေမှု များကို ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲ မြို့တော်ခန်းမရှေ့၌ ပြုလုပ်။

အောက်တိုဘာ ၃-ပြည်တွင်း၊ ပြည်ပမှ မဟုတ်မမှန်သတင်း ရေးသားမှုများအား ပြန်လည်တုံ့ပြန်ရေးသားနိုင်ရန်အတွက် တိုက်ပွဲဝင် မီဒီယာရှေ့နေကွန်ရက်ဖွဲ့စည်း။

အောက်တိုဘာ ၁၀ – ရန်ကုန်တိုင်းဒေသကြီးအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် မြန်မာပြည်ငြိမ်းချမ်း ရေးနှင့် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ရန်ကုန်မြို့ အောင်ဆန်းကွင်း၌ ပြုလုပ်။

အောက်တိုဘာ ၁၂- ရခိုင်ပဋိပက္ခအရေးမီဒီယာတင်ဆက် လေ့လာမှု စောင့်ကြည့်ခြင်း ကြားဖြတ်အစီရင်ခံစာကို Myanmar Ins-titute For Democracy က ထုတ်ပြန်။
အောက်တိုဘာ ၁၅- တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း(၂) နှစ်ပြည့်နှစ်ပတ် လည်နေ့ကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁)တွင်ကျင်းပ။

အောက်တိုဘာ ၁၆-မော်တော်ယာဉ်များအားလုံးဘယ်မောင်း ဖြင့်သာ တင်သွင်းရမည်ဟူသော ၂၀၁၈ ခုနှစ်အတွက် ပြည်ပမှ မော်တော် ယာဉ် တင်သွင်းခွင့်မူဝါဒထုတ်ပြန်။

အောက်တိုဘာ ၁၇- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက် သည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုကူညီ ထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့်ဖွံ့ဖြိုးရေး စီမံကိန်းကော်မတီကို ဖွဲ့စည်း။

အောက်တိုဘာ ၁၉- ကချင်ပြည်နယ် မိုးညှင်းခရိုင်ဖားကန့် မြို့နယ် လုံးခင်းဒေသတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေး ကျောက်ရှာသူများ အပြန်အလှန်ပစ်ခတ်ကြရာမှ ရေမဆေး ကျောက်ရှာသူငါးဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၂၀ ရှိပြီး ရဲတပ်ဖွဲ့ဝင်ငါးဦး ဒဏ်ရာရရှိ။

အောက်တိုဘာ ၂၁ – ရခိုင်ပြည်နယ်၏ အရေးပေါ်နှင့် အရေး ကြီးလိုအပ်သည့်လုပ်ငန်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အင်အားကိုစုစည်းကာ ပြန်လည်ထူထောင်ရေးအတွက် ကဏ္ဍ အလိုက် ကူညီဆောင်ရွက်သွားရန် ပုဂ္ဂလိကကဏ္ဍလုပ်ငန်း အဖွဲ့ကို UMFCCI မှ လုပ်ငန်းရှင်များက ဖွဲ့စည်း။

-Ads-
-Ads-