ဘင်္ဂါလီများ ပြန်လည်လက်ခံရာတွင် နှစ်နိုင်ငံသဘောတူညီချက်အတိုင်းသာ လက်ခံမည်

ဓာတ်ပုံ - စိုးမင်းအောင်

စစ်တွေ၊ ဇန်နဝါရီ-၁၀

ဘင်္ဂါလီများပြန်လည်လက်ခံရေးဆောင်ရွက်ရာတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီထားသည့် သဘောတူသညီချက်များအတိုင်းသာ လက်ခံသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ဇန်နဝါရီ ၁၀ ရက်က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြန်လည်လက်ခံရေးနဲ့ ပတ်သက် ပြီးတော့ ကျွန်တော်တို့တစ်ဖက်တည်း ဆောင်ရွက်မယ့်အနေအထားထက် နှစ်နိုင်ငံသဘောတူလက်ခံပြီး ဆောင်ရွက်မယ့်အနေအထားဆိုတာလည်း ညှိနှိုင်းဆောင်ရွက်ပြီသားဖြစ်ပါတယ်။ တရားဝင်လည်း ကမ္ဘာသိအောင်ကြေညာထားပါတယ်။ ပြန်လည် လက်ခံတဲ့နေရာမှာလည်း စနစ်တကျ စည်းနဲ့၊ ကမ်းနဲ့၊ ဥပဒေနဲ့ ဆောင်ရွက်ဖို့ဆိုတာလည်း တရားဝင်ပြောပြီးသား ဖြစ်ပါတယ်။ ပြန်လည်လက်ခံရင်တော့ အဲဒီသဘောတူညီထားတဲ့ သဘောတူညီချက်တွေနဲ့အညီပဲ လက်ခံသွားဖို့ ရှိပါတယ်” ဟု ဦးညီပုက ပြောဆိုသည်။

လက်ရှိတွင် ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် မောင်တောမြို့နယ်အတွင်းရှိ ငါးခူရကျေးရွာနှင့် တောင်ပြိုလက်ဝဲကျေးရွာတို့တွင် စိစစ်ရေးစခန်းများ ဖွင့်လှစ်ရန်လုပ်ဆောင်နေပြီး ဇန်နဝါရီ ၂၃ ရက်မှ စတင်လက်ခံရန် ပြင်ဆင်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“ကျွန်တော်တို့ဘက်ကတော့ ပြန်လည်လက်ခံမယ်။ သို့သော်တစ်ဖက်က ပြန်လည်ပြီးတော့ ပို့ဆောင်တဲ့အပေါ်မှာလည်း မူတည်ဦးမှာပါ။ ပြန်လည်လက်ခံဖို့အတွက်လည်း ကျွန်တော်တို့ဆီက ဘယ်လိုပုံစံနဲ့ ပြန်လည်လက်ခံမယ်ဆိုတာ စနစ်တကျဖောင်ပုံစံနဲ့လည်း ပေးပို့ထားပါတယ်။ အဲဒီပုံစံကိုဖြည့်ဆည်းပြီးတော့ ကျွန်တော်တို့ဆီကို ပြန်လည်ဝင်ရောက်လာမယ့်သူတွေဟာ ဒီပုံစံကို ဖြည့်ပြီးတော့ သူတို့အနေနဲ့ ဒီဘက်ကို ပြန်လာရမယ့် အနေအထားရှိပါတယ်။ ဒီအပေါ်မှာလည်း ကျွန်တော်တို့က ဒီဖောင်ထဲမှာပါတဲ့ အချက်အလက်တွေကိုစိစစ်ပြီးတော့ လက်ခံသွားဖို့ရှိပါတယ်” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုသည်။