လူကြီးလူကောင်းများ ရုပ်ရှင်ကန်တော့ပွဲအခမ်းအနားနှင့် စာနယ်ဇင်းမိတ်ဆက်ပွဲကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ-၁၁

THE EYES ရုပ်ရှင်ထုတ်လုပ်ရေးမှ လူကြီးလူကောင်းများ (THE GENTLEMEN) ရုပ်ရှင် ဇာတ်ကားကြီးကန်တော့ပွဲအခမ်းအနားနှင့် စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို ဇန်နဝါရီ ၉ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ပြည်လမ်းရှိ တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပသည်။

ယင်းရုပ်ရှင်ဇာတ်ကားကြီးကို ရန်ကုန်၊ ပြင်ဦးလွင်နှင့် ချောင်းသာတို့တွင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လအချိန်ယူရိုက်ကူးမည်ဖြစ်သည်။

-Ads-
-Ads-

“ရုံရှင်တွေကလည်း နာမည်ကြီးစူပါမင်းသားတွေပါမှပဲ ရုံအတွက်ပေးကြတာမို့ ထုတ်လုပ်ရေးတွေကလည်း စဉ်းစားလာကြတယ်။ နောက်ပိုင်း ဇာတ်ကားတစ်ကားရိုက်ပြီး ရုံရှင်ကခွင့်မပြုရင် ဘယ်လိုလုပ်မလဲ၊ ရုံတင်မရဘဲ အရမ်းကြာနေရင် ဘယ်လိုလုပ်မလဲပြောရင်းနဲ့ ဟာသအနေနဲ့ကျွန်တော်က ပြောလိုက်တယ်။ ဒါဆိုရင် စူပါတွေနဲ့ပဲရိုက်လိုက်တော့လို့အကြံပေးပြီး အပျော်လေးနဲ့ ပြောလိုက်တယ်။ ဒါဆို အခုရိုက်၊ အခု ဆင်ဆာကျပြီး ချက်ချင်းပြခွင့်ပေးမယ်လို့ ပြောဖြစ်ပါတယ်။ ဒါကြောင့် ဒီရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖြစ်တာပါ။ ဒီဇာတ်ကားမှာပါဝင်ရတဲ့မင်းသားတိုင်းရဲ့ဆင်းန်တွေလည်း အတူတူပါပဲ။ မင်းသမီးတွေလည်း ပိုတယ်၊ လျော့တယ်မရှိဘူး။ အားလုံးက မျှတတယ်။ ဒီဇာတ်ကားမှာ မင်းသားလေးယောက်က လူကြီးလူကောင်းနာမည်ခံပြီးတော့ မကြီးစိုး (စိုးမြတ်သူဇာ)ကို ဟန်ဆောင်ပြီး လိမ်သွားကြတယ်။ မကြီးစိုးက မင်းသမီးလေးယောက်ကို ကလဲ့စားချေတယ်” ဟု ဒါရိုက်တာ ပြည်ဟိန်းသီဟက ပြောသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်ညွှန်းနေစိုးသော်၊ ဒါရိုက်တာ ပြည်ဟိန်းသီဟက အချစ်ဟာသပုံစံရိုက်ကူးမည်ဖြစ်ပြီး ဝါရင့်သရုပ်ဆောင် အကယ်ဒမီလွင်မိုး၊ အကယ်ဒမီလူမင်း၊ အကယ်ဒမီပြေတီဦး၊ အကယ်ဒမီနေတိုး၊ အကယ်ဒမီစိုးမြတ်သူဇာ၊ အလှမယ်များဖြစ်သည့် ထက်ထက်ထွန်း၊ ရွှေအိမ်စည်၊ ယွန်းဝင့်လွှာအောင်၊ စ၀်ယွန်းဝတီဦးတို့ ပါဝင်သရုပ်ဆောင်ထားကြသည်။

“ထူးခြားမှုအနေကတော့ ဒီမင်းသားလေးယောက်ဆုံပြီးတော့ ရိုက်ခဲ့တာတွေလည်းမရှိခဲ့ဘူး။ အလှမယ်တွေလည်း ပရိသတ်နဲ့ထိတွေ့မှုတွေ ရလာမယ်။ ပရိသတ်တွေလည်း အမြင်ဆန်းစေမယ်။ ရိုက်ကူးရေးတွေအတွက် အဆင်ပြေသလို နောက်ပိုင်းထုတ်လုပ်ရေးအတွက် မင်းသမီးတွေလည်း အများကြီးထွက်လာတာပေါ့။ ဇာတ်ပို့ဇာတ်ရံတွေလည်း တော်တော်များလာပါပြီ။၂၀၁၈ ခုနှစ်အတွက် ကျွန်တော့်ရဲ့ပွဲဦးထွက်အဖြစ် ထူးထူးခြားခြားဖြစ်အောင် စီစဉ်ဖြစ်တာပါ”ဟု ၎င်းက ထပ်မံပြောဆိုသည်။

-Ads-
-Ads-