အက်ရှင်မင်းသမီး ယဉ်လက်နှင့်တွေ့ဆုံခြင်း

အက်ရှင်ဇာတ်ကားများကိုသာ အရိုက်များသည့် သရုပ်ဆောင်ယဉ်လက်သည် သရာစောထိ ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်၊ အကယ်ဒမီတွင် အမျိုးသမီးဇာတ်ပို့ဆုနေရာအတွက် ပရိသတ်၏ အကယ်ဒမီတစ်ပေးခံထားရသူဖြစ်ကာ လက်ရှိအချိန်တွင်(၇၃)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားအတွက် ဂုဏ်ပြုရိုက်ကူးထားသော “စစ်ကိုမုန်း၍တိုက်ခဲ့သည်” ဇာတ်ကားတွင် ခင်လေး(ခ)ခင်သီတာနေရာမှ ပါဝင်သရုပ်ဆောင်ထားသူတစ်ဦးဖြစ်သည်။ မင်းခိုက်စိုးစန်နှင့် ထက်မြက်နိုင်ဇင်တို့၏ ဇာတ်ညွှန်းကို ဒါရိုက်တာတင်အောင်စိုး(ပန်းမြို့တော်)က ပုံဖော်ရိုက်ကူးထားသော “စစ်ကိုမုန်း၍ တိုက်ခဲ့သည်” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် ကာရိုက်တာ၊ အခက်အခဲများ၊ အမှတ်တရများနှင့်ပတ်သက်၍ မေးမြန်းခဲ့ပါသည်-

မေး – ယဉ်လက်ကို သရာစောထိဇာတ်ကားနဲ့ပတ်သက်ပြီး အကယ်ဒမီတစ်ပေးထားကြတယ်ဆိုတော့ ဘယ်လိုခံစားရလဲ။

ဖြေ – မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ ဒီမိုကရေစီပွဲတော်မှာ ပြသခွင့်ရတဲ့ဇာတ်ကားကြီးပေါ့။ ဒီဇာတ်ကားမှာ ပါဝင်ခွင့်ရတာကျေနပ်ပါတယ်။ ဒီဇာတ်ကားပြီးသွားတဲ့အချိန်မှာလည်း နော်ပဲလှော်ဆိုပြီး ပရိသတ်ရဲ့အချစ်တွေ ပိုတိုးသွားတဲ့အတွက်လည်း အရမ်းဝမ်းသာမိတယ်။ ဒီဇာတ်ကားမှာ အမျိုးသမီးဇာတ်ပို့ဆုအနေနဲ့ ချစ်တဲ့သူတွေက မှန်းပေးကြတဲ့အတွက်လည်း အရမ်းကိုပျော်ပါတယ်။ အကယ်ဒမီဆိုတာက ယဉ်လက်အနေနဲ့ ဘယ်လိုမှအနားတောင်မကပ်နိုင်တဲ့အရာပါ။ စိတ်ကူးနဲ့တောင် မမှန်းရဲပါဘူး။ ပရိသတ်က ကိုယ့်အတွက် စဉ်းစားပေးတာနဲ့ပျော်နေပါပြီ။

မေး – “စစ်ကိုမုန်း၍တိုက်ခဲ့သည်” ဆိုတဲ့ ဇာတ်ကားလေးအကြောင်း ပြောပြပေးပါဦး။

ဖြေ – ဒီရုပ်ရှင်ဇာတ်ကားက မြန်မာ့တပ်မတော်အတွက်ရိုက်တဲ့ ဂုဏ်ပြုဇာတ်ကားလေးပါ။ ဒီဇာတ်ကားက မတ် ၂၇ ရက်မှာကျရောက်မယ့် တပ်မတော်နေ့မှာ မြ၀တီ Channel ကနေ ထုတ်လွှင့်ပြသမယ်။ ၂၀၁၉ ခုနှစ်မှာ ရုံတင်မယ်ပေါ့။ ဒီဇာတ်ကားက တပ်ထဲကယောင်္ကျားလေးတွေ အကုန်ရှေ့တန်းထွက်တဲ့အခါ တစ်မြို့လုံးမှာ အမျိုးသမီးတွေနဲ့ အမျိုးသားလေးယောက်လောက်ပဲကျန်ခဲ့တယ်။ အဲဒီအခါမှာ သောင်းကျန်းသူတွေက နောက်တန်းကိုဝင်တိုက်တဲ့အခါ မြို့ထဲမှာ ကျန်ခဲ့တဲ့အမျိုးသမီးတွေက မဖြစ်တော့တဲ့အဆုံး စစ်ထွက်တိုက်ရတော့တာပေါ့။ စစ်ကိုမုန်းပေမယ့်လည်း မဖြစ်မနေအခြေအနေတစ်ခုမှာ စစ်တိုက်ခဲ့ရတယ်ပေါ့။ ဒီဇာတ်ကားလေးကိုကြည့်ပြီးသွားရင်လည်း ယဉ်လက်ကို ချစ်ပေးကြလိမ့်မယ်လို့ထင်ပါတယ်။

မေး – “စစ်ကိုမုန်း၍ တိုက်ခဲ့သည်”ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ဖြစ်ခဲ့ပုံလေးရယ်၊ ဘယ်လိုကာရိုက်တာနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ရလဲဆိုတာ ပြောပြပါဦး။

ဖြေ – ဒီဇာတ်ကားမှာ အရာခံဗိုလ်လေး(ဦးဇင်ဝိုင်း)ရဲ့သမီး ခင်သီတာဆိုတဲ့ (၁၈)နှစ်အရွယ် မြီးကောင်ပေါက်လေးပေါ့။ သူက စာကြည့်တိုက်မှူးတပ်ကြပ်ဦးလေးကြီးကို တစ်ဖက်သတ်ကြိုက်နေတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ စစ်ကိုမုန်းပေမယ့်လည်း ကိုယ်ကမတိုက်ရင် အတိုက်ခံရတော့မှာဆိုတော့ ကိုယ့်အသက်ကိုပဓာနမထားဘဲ တိုက်ခဲ့ရတယ်ပေါ့။ ခင်သီတာရဲ့ ဇာတ်ကောင်ကလည်း အဲဒီလိုပါပဲ။ ဒီကြားထဲမှာ Romance လေးလည်း ပါတယ်။ Drama လေးလည်းပါတယ်။ တကယ့်အဖြစ်အပျက်တွေလည်း ပါတယ်။

မေး – တကယ့်အဖြစ်အပျက်တွေ ပါတယ်ဆိုတော့ ဖြစ်ရပ်မှန်ကို ပြန်ရိုက်တာလို့ ပြောလို့ရမလား။

ဖြေ – ဒီဇာတ်ကားက ဖြစ်ရပ်မှန်တွေပေါင်းပြီးတော့ ရိုက်တဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားမှာ ဇာတ်ကောင်တွေကလည်း အများကြီးရှိသေးတယ်။ ဇာတ်အိမ်ကလည်းကြီးတယ်။ ခင်သီတာအပြင် တကယ့်ဇာတ်ရုပ်တွေလည်း ရှိသေးတယ်။ မအိချောပို၊ မသွန်းဆက်တို့ နေရာတွေဆို တကယ့်ဇာတ်ကောင်နေရာတွေပေါ့။ သူတို့က အပြင်မှာတကယ်ရှိခဲ့တဲ့ အမျိုးသမီးတွေပေါ့။ အခုဆို အန်တီအရွယ်တွေ၊။ ကိုယ်တွေရိုက်နေတဲ့အချိန်မှာ သူတို့လည်း ဘေးမှာရှိနေခဲ့ပါတယ်။

မေး – ဒီဇာက်ကားရိုက်ကူးတဲ့ အချိန်မှာရော အခက်အခဲတွေရှိခဲ့လား။ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံခဲ့ရလဲ။

ဖြေ – ဒီဇာက်ကားရိုက်တဲ့အချိန်မှာ အခက်အခဲအများကြီးနဲ့ ကြုံခဲ့ရပါတယ်။ သေနတ်အဖြုတ်အတပ်တွေလည်း ရန်ကုန်မှာကတည်းက သင်ရတယ်။ ပြီးတော့ သေနတ်အစစ်တွေကိုသုံးပြီးတော့ ရိုက်ကူးခဲ့ရတယ်။ ဗုံးတွေဆိုလည်း အစစ်တွေပေါ့။ အန္တရာယ်လည်းများတယ်။ အချိန်အတော်ကြာကြာလည်း လေ့ကျင့်ခဲ့ရတယ်။ သင်ကြားပေးတဲ့သူတွေကလည်း သေသေချာချာလေ့ကျင့်သင်ကြားပေးခဲ့တယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေဆိုလည်း အရမ်းကို ကြိုးစားအားထုတ်ခဲ့ရတယ်။ တကယ်ရိုက်တဲ့အခါမှာလည်း ဗထူးတပ်မြို့မှာ တစ်လနီးပါးလောက် သွားရိုက်ခဲ့ရတယ်။ ဝေဖန်တိုက်ခိုက်မှုတွေလည်း များခဲ့တယ်ပေါ့။

မေး – ဒီဇာတ်ကားနဲ့ပတ်သက်ပြီးတော့ ဘယ်လိုအတွေ့အကြုံတွေရခဲ့လဲ။

ဖြေ – အပြင်လူတစ်ယောက်အနေနဲ့ ဘယ်လိုမှမဖြစ်နိုင်တဲ့ သေနတ်အစစ်တွေကိုလည်း ကိုင်ခွင့်ရခဲ့တယ်။ ကျည်အစစ်တွေနဲ့လည်း ကိုယ်တိုင်ပစ်ခွင့်ရခဲ့တယ်။ ဒီဟာတွေက ဘယ်လိုမှ လဲလို့မရတဲ့ အတွေအကြုံအသစ်တွေပါ။ တကယ့်မောင်နှမတွေ၊ ညီအစ်မတွေလိုဖြစ်သွားကြတော့ တစ်နေကုန်ပင်ပန်းနေပေမယ့် ညဘက်ရောက်တဲ့အခါမှာ တစုတဝေးတည်းနေပြီးတော့ ဆော့ကြတယ်။ ကြက်တောင်တွေ ရိုက်ကြတယ်။ ပြီးတော့ ဇာတ်ကားရိုက်ရင်းနဲ့ပဲ ခရစ္စမတ်လည်း အဲဒီမှာ။ New Year လည်း အဲဒီမှာပဲ။ ပြန်လာတာက ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ပေါ့။ ပြန်တဲ့အခါကျတော့လည်း လွမ်းစရာတွေဖြစ်နေခဲ့ကြတာ။

ဒီဇာတ်ကားမှာပါဝင်ရတဲ့အတွက် ဝမ်းလည်းဝမ်းသာတယ်။ ဝါရင့်သရုပ်ဆောင်တွေနဲ့ ကိုယ်တွေဆုံတဲ့အခန်းတွေလည်းရှိတယ်။ ရိုက်ကွင်းပေါ်မှာ သူတို့ဘယ်လိုသရုပ်ဆောင်လဲဆိုတာ လေ့လာရတယ်။ ရိုက်ကွင်းတင်မဟုတ် အပြင်မှာဆိုရင်လည်း သူတို့ဆီကနေ ပညာယူစရာ အများကြီးပဲပေါ့။ ပညာတွေလည်း အများကြီးရခဲ့ပါတယ်။

မေး – အဲဒါဆို အမှတ်ရစရာတွေလည်း အများကြီးရှိခဲ့မှာပေါ့။

ဖြေ – ဒီဇာတ်ကားက ဘ၀မှာ တကယ့်အမှတ်ရစရာပါ။ သေနတ်အစစ်ကိုင်ရတာလည်း အမှတ်ရစရာကောင်းသလို အဲဒီသေနတ် လည်ပင်းပေါ် ပိခဲ့တာလည်း အမှတ်ရစရာကောင်းတယ်။ ပြီးတော့ တပ်ကြပ်ဦးကျော်ဇ(ထူးအောင်)ဆိုတာက သိတဲ့အတိုင်း အရပ်က ခြောက်ပေ၊ ကိုယ်တွေနဲ့ တစ်ပေနီးပါးလောက်ကွာတော့ ရိုက်ကွင်းထဲမှာ အောက်ကခဲတွေခုရတာ မြင်မကောင်းဘူး။ ဗထူးမြို့ထဲမှာ လိုင်းလုံးဝမမိပါဘူး။ အဲဒီတော့ ဖေ့စ်ဘွတ်ခ်သုံးချင်တယ်။ ပုံတင်ချင်ရင် ရပ်စောက်မြို့ထိ သွားရပါတယ်။ အဲဒါတွေအကုန်လုံးက အမှတ်ရစရာတွေပါပဲ။

မေး – အရပ်ကွာတဲ့ ကိုထူးအောင်နဲ့တွဲပေးဖြစ်တာလေးလည်း ပြောပြပေးပါဦး။

ဖြေ – ဒါရိုက်တာက ကိုယ့်ကိုမမြင်ဖူးဘူး။ သူက ဒီလောက်အရပ်ပုလိမ့်မယ်လည်း မထင်ဘူးနဲ့တူပါတယ်။ ကိုယ့်ကိုတွေ့တဲ့အခါမှာ သမီးအရပ်က ဒီလောက်ပဲလားလို့ပြောတယ်။ ကိုယ်နဲ့တွဲရမယ့်သူက ကိုထူးအောင်မှန်းလည်း မသိခဲ့ဘူးပေါ့။ အဲဒီတော့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ရတာပေါ့။ ပြေးသွားတာတွေ၊ ဘာတွေကျတော့ ဘာမှလုပ်လို့မရဘူး။ အရပ်ဘယ်လောက်ပဲကွာကွာဇာတ်ထဲမှာ စီးမြောသွားတဲ့အခါကျတော့ ခင်သီတာ(ခင်လေး) နေရာမှာ ရောက်သွားတယ်။ ကိုထူးအောင်ကလည်း ဦးကျော်နေရာမှာ ရောက်သွားတယ်။ ဇာတ်ထဲကို စီးဝင်သွားတဲ့အခါ အရပ်ကအဓိကမဟုတ်တော့ဘူး။

မေး – ဒီဇာတ်ကားက မထွက်ခင်ကတည်းက ဝေဖန်လည်းခံရတယ်ပေါ့။ အဲဒီအတွက်လည်း ပရိသတ်ကို စကားလေးပြောပေးပါဦး။

ဖြေ – ဒီကားက စစ်ကားဆိုပေမယ့် အီမသွားဘူး။ ပြီးတော့ တကယ့်အဖြစ်အပျက်ကို အခြေခံထားတာဖြစ်တဲ့အတွက် သမိုင်းကိုပြောင်းလို့မရဘူး။ တချို့ဇာတ်ကွက်တွေမှာ တကယ့်အဖြစ်အပျက်တိုင်းရိုက်ထားတာ။ အဲဒီအတွက်လည်း ဝေဖန်မှုတွေ အများကြီးရှိခဲ့တယ်။ ကိုယ်တွေက သရုပ်ဆောင်လေ။ သရုပ်ဆောင်ဆိုတော့ ဆေးစက်ကျရာ အရုပ်ထင်ရမှာပါပဲ။ သရာစောထိတုန်းကလည်း နော်ပဲလှော်နေရာကပါခဲ့တယ်။ အခု”စစ်ကိုမုန်း၍တိုက်ခဲ့သည်” ဇာတ်ကားမှာလည်း ခင်သီတာအဖြစ်ပါခဲ့တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတုန်းကလည်း ဒုရဲအုပ်စနေခင်နေရာကနေ ပါခဲ့တယ်။

ကိုယ်တွေက သရုပ်ဆောင်တွေဖြစ်တဲ့အတွက် ကျရာနေရာကနေ သရုပ်ဆောင်ရမှာပါပဲ။ ဝေဖန်မှုတွေရှိနေလည်း ကြိုးစားမှုတွေကတော့ ရှိနေဦးမှာပါပဲ။ ဒီဇာတ်ကားလေးပြတဲ့အခါကျရင်လည်း ကြည့်ကြပါ။ ပရိသတ်ကြိုက်မယ့် ဇာတ်ကားလေး တစ်ကားဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်။