အမွေကိုယ်စီ

“ကလင်….ကလင်”
ဖုန်းမြည်သံကြားသဖြင့် ဖုန်းကိုကောက်ကိုင်လိုက်သည်။
“ဟဲလို ဟဲလို ကိုကြီး”
တစ်ဖက်မှမိန်းကလေး၏အသံကို ကောင်းစွာမှတ်မိနေသည်။
“ညီမလေး မိထွေးပြောလေ”
“ဖေဖေက ဒီတစ်ရက်၊ နှစ်ရက်အတွင်း ရွာပြန်လာခဲ့ဦးတဲ့”
ကျွန်တော်စိတ်ပူသွားပါသည်။ “အဖေ ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး။ ပြောစရာလေးရှိလို့တဲ့”
ညီမလေး၏အသံသည် ပုံမှန်ပြောနေကျ အသံမို့ စိတ်အေးသွားသည်။
“ဟုတ်ပြီ၊ အစ်ကိုကြီး လာခဲ့မယ်နော်”
“ဟုတ် ဒါပဲနော်”
“အေး….အေး”
“ရွာကိုပြန်ရမှာမို့ ပျော်နေတယ်ပေါ့လေ” ချစ်ဇနီး၏စကားကို အပြုံးဖြင့်တုံ့ပြန် တော့ မျက်စောင်းတစ်စုံရောက်လာလေသည်။
“ကိုယ်လည်းရုံးသွားပြီး ခွင့်တင်လိုက်ဦးမယ်”
ပြောပြောဆိုဆိုထွက်လာခဲ့သည်။

( ၂ )

ချင်းတွင်းမြစ်အထက်ပိုင်းတွင် တာဝန်ကျ၍ ရွာကိုမရောက်တာတော်ကြာလေပြီ။ အခုမှ ရွာကိုလွမ်းသလိုလို ရှိလာတော့သည်။ ရွာအဝင်မှာတော့ ညီမလေးနှင့် ကိုလတ် ပါကြိုနေကြသည်။
“ဖေဖေက မျှော်နေတယ်”
“ဟုတ်လား၊ ကိုလတ်လည်း ရောက်နေတာပဲ”
“ဟုတ်….ကိုကြီး၊ ဖေဖေခေါ်ထားလို့”
မောင်နှမသုံးဦးမှာ ကျွန်တော်အကြီးဆုံးမို့ ကိုကြီးလို့ခေါ်ပြီး ညီလေးကိုတော့ ကိုလတ်ဟု ခေါ်သည်။ ကိုလတ်သည် ရွာမှာပင်အိမ်ထောင်ကျသော်လည်း တောင်ပေါ် တက်ပြီး ယာစိုက်နေသည်။ အငယ်ဆုံးဖြစ်သော မိထွေးကတော့ အိမ်ထောင်မကျသေး။ မိဘနှင့်အတူနေသည်။

-Ads-
-Ads-

မိဘများ၏တာဝန်ကျေခဲ့ပါသည်။ ကျွန်တော့်ကို ဘွဲ့ရတစ်ဦးဖြစ်အောင် ထားနိုင်ခဲ့သည်။ ကိုလတ်နှင့် မိထွေးက ၁၀ တန်းတောင် မအောင်မြင်ပေ။ ပညာပါရမီ နည်းလို့ လည်းပါမည်။

( ၃ )

ရွာကိုရောက်၍ နှစ်ရက်မြောက်နေ့မှာတော့ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖသုံးဦး အိမ်သို့ ရောက်လာသည်။

“ဟာ အုပ်ချုပ်ရေးမှူးတို့ လာဗျာထိုင်ပါ”
ကျွန်တော့်အိမ်ထောင့်မှာထားသော သင်ဖြူးဖျာကို ခင်းပေးလိုက်သည်။
“အားလုံးလည်းစုံနေပြီဆိုတော့ လုပ်စရာရှိတာလုပ်ကြရအောင်ဗျာ”
အုပ်ချုပ်ရေးမှူးသည် ပြောပြောဆိုဆို စာရွက်စာတမ်းများကို ထုတ်လေသည်။
“အဖေ မျက်စိမမှိတ်ခင် သားတို့ရသင့်ရထိုက်တာလေးတွေကို ခွဲဝေထားခဲ့မယ်။ ဒါမှလည်း အဖေမျက်စိမှိတ်တဲ့အခါ မင်းတို့မောင်နှမတစ်တွေ စိတ်ဝမ်းမကွဲဘဲ စည်းစည်း လုံးလုံးနေနိုင်မှာ”
အဖေ၏ပြောစကားကို ဘယ်သူမှ ပြန်မပြောဘဲ နားထောင်နေလေသည်။
“သားကြီးက လယ်ငါးဧကယူ၊ သားလတ်က လယ်သုံးဧကနဲ့ နွားမသုံးကောင်ယူ၊ ကျန်တဲ့လယ် နှစ်ဧကနဲ့လက်ရှိအိမ်နဲ့၊ အိမ်ကွင်းရယ်ကို မိထွေးကယူပေါ့။ ကဲ….ကျေနပ်ကြလား၊ အဖေမသေခင်လေးမှာ ပွင့်ပွင့်လင်းလင်းပြော၊ အဖေ သေပြီးမှ အမွေ ကိစ္စနဲ့မောင်နှမတစ်တွေ စကားများတယ်ဆိုတာ ရှက်ဖို့ကောင်းတယ်”
အဖေက သားသမီးအားလုံးကို ကြည့်ရင်း ပြောလိုက်သည်။
ဘယ်သူမှဘာမှမပြော။ တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေသည်။
“ကျွန်တော် တောင်းဆိုချင်ပါတယ်”
ကျွန်တော့်ဇနီး ကျွန်တော့်ကိုလှမ်းကြည့်သည်။ အားလုံး၏အကြည့်များလည်း ကျွန်တော့်ဆီ ရောက်လာခဲ့သည်။
“ပြောပါ”
အုပ်ချုပ်ရေးမှူးက ပြောသည်။
“ကျွန်တော်ရမယ့် လယ်ငါးဧကကိုရောင်းပြီး ဘဏ်မှာအဖေ့နာမည်နဲ့ အပ်ထား ပေးပါ။ ဘဏ်အတိုးကိုတော့ အဖေ့ရဲ့ကျန်းမာရေးနဲ့ သာရေးနာရေး၊ ကုသိုလ်ရေး အဖေ လိုအပ်မယ့်လိုအပ်ချက်တွေကို ဖြည့်ဆည်းသုံးစွဲနိုင်ဖို့ အဖေ့ကို သားပြန်ကန်တော့ပါတယ် အဖေ”
အားလုံးပြုံးသွားခဲ့သည်။ မပြုံးဘဲကျန်ရစ်သူက ကျွန်တော့်ဇနီး။ သူတို့အမြင်မှာ ကျွန်တော်ဟာ ခပ်အအ လူတစ်ဦး၊ ဒါမှမဟုတ် လူစွမ်းကောင်းတစ်ဦးလို့ မြင်ချင်မြင်ပါ လိမ့်မည်။ ကျွန်တော့်ခံယူချက်ကတော့ အဖေ့ကျေးဇူးကို ဆပ်ခွင့်ရတုန်း ပြန်ဆပ်တာပါ။ အဖေလည်း ကျေနပ်မယ်ထင်ပါသည်။

(၄)

အပြန်ခရီးမှာ ဇနီးကမျက်နှာမသာမယာနဲ့ “အမွေကိုမယူဘဲနဲ့တော်″ဆိုတဲ့ ဇနီးကို ပြုံးပြရင်း “ကိုယ့်မှာ အဖေပေးတဲ့အမွေရခဲ့ပါတယ်”
ဇနီးကနားမလည်သလို ကြည့်သည်။

“ကိုယ်တက္ကသိုလ်ဝင်တန်းတက်တုန်းက ဘော်ဒါဆောင်မှာထားတာ လယ်နှစ်ဧက မက ကုန်သွားတယ်။ တက္ကသိုလ်ဆက်တက်တော့ လယ်ငါးဧကလောက်ကုန်ပြီ။ ဒီကုန်ကျ စရိတ်ကြောင့် ဘွဲ့ရပြီး အစိုးရလခစားဘ၀နဲ့နေနေရတယ်။ ကိုယ့်အဖေက ကိုယ့်ကို ပညာ အမွေပေးလိုက်တယ်လေ”

ကျွန်တော့်ဇနီးကသိပ်မကျေနပ် “အသက်ကြီးမှ အမွေရချင်လို့မရဘူးတော့်”

“ကိုယ့်ကို အမွေပေးမယ့်သူရှိပါတယ်”
“ဘယ်သူကပေးမှာလဲ”
“ပင်စင်ဆိုတဲ့အမွေကို ကိုယ်ရမှာပေါ့”
“တော့်ကလေးတွေကျတော့ ဘာသွားပေးမလဲ”

ကျွန်တော်အဝေးကိုလှမ်းကြည့်ရင်း “ပညာအမွေ ထပ်ပေးခဲ့မှာပေါ့ကွာ” ကျွန်တော်ပေးမည့်အမွေကို ဇနီးနားလည်သွားသည်ထင်ပါသည်။ သူ့ဆီက ဘာသံမှ ထွက်မလာတော့ပေ။

-Ads-
-Ads-