“နှင်းဆီနယ်နိမိတ်”အငြိမ့်ပွဲ နှစ်ရက်တိုင်တိုင် ကပြမည်

ရန်ကုန်၊ ဇန်နဝါရီ-၁၈

ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးစီးတည်ထောင်ထားသော “နှင်းဆီနယ်နိမိတ်” အငြိမ့်ပွဲကို ဇန်နဝါရီ ၁၉ ရက်မှ ၂၀ ရက်အထိ ည ၇ နာရီတွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပမည်ဖြစ်သည်။

ယင်းပွဲသည် ရခိုင်ဒေသဖွံ့ဖြိုးရေးအတွက် ကပြဖျော်ဖြေခြင်းဖြစ်ကြောင်း အကယ်ဒမီ နေတိုးက စံတော်ချိန်သို့ ပြောဆိုသည်။

-Ads-
-Ads-

“နှင်းဆီအဖွဲ့သားတွေအနေနဲ့ ဒီနှစ်ထဲမှာ တော်ဝင်နှစ်သစ်နှင်းဆီဆိုပြီး တော်ဝင်ဂါးဒင်းဟိုတယ်မှာ လူကန့်သတ်ပြီးဖျော်ဖြေသွားခဲ့ပြီးပါပြီ။ တော်ဝင်က နေရာနည်းနည်းကျဉ်းပေမယ့် တော်ဝင်မိသားစုကလည်း ကျွန်တော်တို့နဲ့ ရင်းနှီးနေကြတော့ အန်ကယ်ဦးကိုကိုထွေးကလည်း သူတို့ဟိုတယ်မှာ လုပ်စေချင်တယ်။ နှင်းဆီပွဲအသေးက ကပြီးပါပြီ။ အဓိက နှင်းဆီရဲ့ပွဲအကြီးကို အမျိုးသားဇာတ်ရုံမှာကပြဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့ ဒီပွဲက ရခိုင်ဒေသရဲ့ခြံစည်းရိုးကာဖို့အတွက်၊ ရခိုင်ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေအနေနဲ့ကပြမှာပါ။ ဒီပွဲက တစ်နိုင်ငံလုံးက ပရိသတ်တွေလည်း ကြည့်ရှုခွင့်ရမယ်။ ဒါကြောင့် Title နာမည်ပေးဖြစ်တာပါ။ ပြက်လုံးတွေလည်း မရိုးအောင်စီစဉ်ထားပါတယ်။ အနုပညာရှင်တွေလူစုံဆိုတော့ ပွဲစည်ကားတာပေါ့”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ အငြိမ့်ဖျော်ဖြေပွဲတွင် အငြိမ့်မင်းသမီးများအဖြစ် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မိုးပြည့်ပြည့်မောင်၊ ဖူးစုံ၊ မေကဗျာ၊ မိုးယုစံတို့ ကပြမည်ဖြစ်ပြီး လူရွှင်တော်များအနေဖြင့် ထပ်ဆင့် အကယ်ဒမီ နေတိုး၊ ကျော်ကျော်ဗို၊ အကယ်ဒမီမင်းမော်ကွန်း၊ အကယ်ဒမီ ထွန်းထွန်းနှင့် ရဲလေးတို့က တေးသီချင်းအသစ်များ ရေးစပ်သီကုံးကာ ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။

“နှင်းဆီနယ်နိမိတ်” အငြိမ့်လက်မှတ်ဈေးအနေဖြင့် ကျပ်တစ်သောင်း၊ ကျပ်သုံးသောင်း၊ ကျပ်ငါးသောင်း၊ VVIP ကျပ်တစ်သိန်းဖြင့် မန်းသီရိတေးသံသွင်း၊ တော်ဝင်စင်တာ၊ Nobody (ရန်ကင်းစင်တာ)စသည်တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

 

-Ads-
-Ads-