အလှမယ်၊ သရုပ်ဆောင် ခြူးစစ်ဟန် တစ်ကိုယ်တော်တေးအယ်လ်ဘမ်စီစဉ်နေ

ဓာတ်ပုံ-ခြူးစစ်ဟန်ဖေ့စ်ဘွတ်ခ်

ရန်ကုန်၊ ဇန်နဝါရီ-၁၈

အလှမယ်၊ သရုပ်ဆောင် ခြူးစစ်ဟန်သည် တစ်ကိုယ်တော်တေးအယ်လ်ဘမ်အတွက် တေးသီချင်းများစုစည်းနေသည့်အပြင် အမ်တီဗွီကိုပါ ပရိသတ်ကိုချပြသွားရန် စီစဉ်နေကြောင်း စံတော်ချိန်သို့ ပြောဆိုသည်။

“ခြူးစစ်က သီချင်းလေးကို အေးအေးလေးပဲကြိုက်တာမို့ ပေါ့ပ်ပုံစံလေးတွေလည်းထည့်မယ်။ နောက် အမြူးလေးတွေလည်း ထပ်ထည့်မယ်။ သီချင်းတွေက အခုသွင်းနေပါတယ်။ ကိုယ့်စိတ်ကြိုက်မဖြစ်သေးတာကြောင့် နည်းနည်းကြာနေတာပါ။ ခြူးစစ်က အမ်တီဗွီကို ကောင်းကောင်းလေးရိုက်ပြီး ပရိသတ်ကိုချပြသွားဖို့ စီစဉ်နေပါတယ်။ “ဒီဘ၀”သီချင်းလေးကို အွန်လိုင်းမှာလည်း ပရိသတ်အတွက် အမ်တီဗွီလေးရိုက်ပြီး လက်ဆောင်အဖြစ် တင်ထားတယ်။ ဒီသီချင်းကို ပရိသတ်အားပေးလို့ ကျေးဇူးတင်ပါတယ်”ဟု အလှမယ်၊ သရုပ်ဆောင် ခြူးစစ်ဟန်က ပြောဆိုသည်။

သီချင်းခွေတွင် သီချင်း ၁၀ပုဒ် ပါဝင်မည်ဖြစ်ပြီး တေးရေးအနေဖြင့် အောင်မြင့်မြတ် (အိပ်မက်ဆုံရာ)က ရေးပေးထားကာ ပေါ့ပ်၊ အာရ်အင်န်ဘီ၊ ပေါ့ပ်ရော့ခ်၊ စလိုးရော့ခ် စသည့်မြူးဇစ်များ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ခြူးစစ်ဟန်သည် ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတွဲများလည်း ရိုက်ကူးလျက်ရှိကာ အဆိုပိုင်းထက် သရုပ်ဆောင်ပိုင်းကို ပိုအားသန်ကြောင်း သိရသည်။ ၎င်းသည် ၂၀၁၅ ခုနှစ်တွင် Miss Golden Land Myanmar Winner ဆုနှင့် Miss Face of Beauty ဆုရရှိထားသူလည်းဖြစ်သည်။