မီးလောင်ပြင်များကို ဖြတ်သန်းခြင်း(၁)

ယာယီစခန်းတွင်နေထိုင်သည့် မြိုအမျိုးသမီးတစ်ဦးနှင့် ကလေးငယ်

မီးလောင်ပြင်များဖြင့် ကြေမွပျက်စီးနေသည့်ကျေးရွာများက လမ်းဘေးတစ်လျှောက် နေရာယူထားကြသည်။

လူသုံးကုန် အိုးခွက်၊ ပန်းကန်များ၊ ထိုင်ခုံအကျိုးအပဲ့များ၊ ဗီရိုအကျိုးအပဲ့၊ စက်ဘီးများနှင့် အမည်းရောင်ပြောင်းနေသည့် ကွမ်းသီးပင်များ၊ အုန်းပင်များက မီးလောင်ပြင်များအကြားတွင် နေရာယူလျက်ရှိသည်။

ကားလမ်းဘေးတစ်လျှောက်ရှိ ကျေးရွာအချို့တွင်သာ လူများနေထိုင်သည်ကိုတွေ့ရပြီး ကျေးရွာအများစုမှာ လူမနေသည့်မီးလောင်ပြင်ရွာများအဖြစ်သာ တွေ့ရပြီး တချို့မှာ သစ်ပင်ချုံနွယ်များပင် စတင်ဖုံးလွှမ်းစပြုနေပြီဖြစ်သည်။

အဆိုပါ မြင်ကွင်းမှာ ၂၀၁၇ခုနှစ် ဩဂုတ်လအတွင်းက မောင်တောဒေသတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် နေအိမ်မီးရှို့ထွက်ပြေးမှုများ၏ နောက်ဆက်တွဲအခင်းအကျင်းများပင်။

ကိုးတန်ကောက်ကျေးရွာအနီးရှိ ယာယီစခန်း

အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့်အတူ နိုင်ငံတကာ၏ ဖိအားပေးဝေဖန်မှုများ ကြုံတွေ့နေရသည့် ဖြစ်စဉ်များတည်ရှိရာ ရခိုင်ပြည်နယ် မောင်တောဒေသကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ အစီအစဉ်ဖြင့် ဇန်နဝါရီလဆန်းပိုင်းက ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အငူမော်ကျေးရွာဆိပ်ကမ်းသို့ ရောက်ရှိစဉ်

မောင်တောဒေသသို့ သွားရောက်ရန် သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များနှင့်အတူ သတင်းမီဒီယာအချို့မှ သတင်းသမားစုစုပေါင်း ၂၉ဦး ပါဝင်သည့် အဖွဲ့သည် ဇန်နဝါရီ ၆ ရက်မွန်းလွဲပိုင်းတွင် ရန်ကုန်မှစစ်တွေမြို့ကို လေယာဉ်ခရီးဖြင့် စတင်ခဲ့ပြီး စစ်တွေလေဆိပ်ကို ညနေပိုင်းတွင် ရောက်ရှိခဲ့သည်။

စစ်တွေမြို့တွင် တစ်ညတာတည်းခိုပြီး နောက်နေ့ ဇန်နဝါရီ ၇ ရက်တွင် မောင်တောဒေသခရီးကို စတင်ခဲ့သည်။ ရေချမ်းပြင်ကူးတို့ဆိပ်မှ အငူမော်ကျေးရွာသို့ ရေလမ်းကြောင်းဖြင့်သွားရောက်ခဲ့ပြီး အငူမော်မှတစ်ဆင့် မောင်တောမြို့သို့ မိုင် ၅၀ ခန့်ကွာဝေးသည့် ကုန်လမ်းခရီးကြမ်းကို ဖြတ်သန်းရမည်ဖြစ်သည်။

ဇန်န၀ါရီ ၇ ရက် မောင်တောမြို့ ညနေပိုင်းမြင်းကွင်း

အငူမော်ကျေးရွာသို့ စတင်ရောက်ရှိသည်နှင့် အေရှားဝေါလ်ကုမ္ပဏီမှ အငူမော်-မောင်တောလမ်းကို နှစ်လမ်းမောင်းအဖြစ် အဆင့်မြှင့်တင်ရန် တာဝန်ယူလုပ်ဆောင်နေသည်ကို တွေ့ရသည်။ ခေတ်အဆက်ဆက်မြေသားလမ်းတစ်ဝက်၊ ကျောက်ခင်းလမ်းတစ်ဖုံ၊ ကတ္တရာလမ်းအနည်းငယ်ဖြင့် အပစ်ပယ်ခံထားရသည့် အဆိုပါလမ်းမှာ ပဋိပက္ခများဖြစ်ပြီးသည့်နောက်ပိုင်းတွင် အဆင့်မြှင့်ပြုပြင်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

အငူမော်ကျေးရွာမှ စတင်ထွက်ခွာခဲ့ရာ လူမနေဘဲ မီးလောင်ပြင်ဖြစ်နေသည့် ကျေးရွာများကို လမ်းဘေးတစ်လျှောက် စတင်တွေ့မြင်နေရပြီဖြစ်သည်။

အငူမော်-မောင်တောလမ်းဘေးတစ်နေရာရှိ မီးလောင်ထားသည့်ကျေးရွာတစ်ရွာ

အငူမော်မှ ထွက်ခွာခဲ့ရာ နာရီဝက်ခန့်ကြာသည်နှင့် အပြာရောင်သွပ်မိုးထားသည့် အိမ်တန်းစုစုလေးများရှိရာ ကိုးတန်ကောက်ကျေးရွာ ယာယီနေရာချထားရေးစခန်းကို ရောက်ရှိခဲ့သည်။ အဆိုပါစခန်းတွင် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ရခိုင်တိုင်းရင်းသားများကိုသာ တွေ့ခဲ့ရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာရှိ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်နှင့် ငါးခူရနယ်မြေရုံးတို့ကို အကြမ်းဖက်သမားများ၏ တစ်ပြိုင်နက်တည်း အကြမ်းဖက်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်တွင် ကိုးတန်ကောက်ကျေးရွာရှိ ရဲကင်းစခန်းလည်း အပါအဝင်ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်ကိုးဦးအသက်ဆုံးရှုံးခဲ့ရပြီး လက်နက်မျိုးစုံနှင့် ကျည်မျိုးစုံ ဆုံးရှုံးခဲ့ရသည်။

လက်ရှိတွင် အကြမ်းဖက်သမားများဝင်ရောက်လာပါက အရန်သင့်ချေမှုန်းခုခံနိုင်သည့် လက်နက်ခဲယမ်းများ ဖြည့်ဆည်းထားပြီဖြစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသည့် အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ ကိုးတန်ကောက်စခန်းမှ ရဲမှူးစိုးပိုင်က ပြောပြသည်။

“လောလောဆယ်တော့ ကျွန်တော်တို့ဘက်ကို အကြမ်းဖက်သမားတွေ ဝင်လာတာတော့ မရှိသေးဘူး။ သတင်းအနေနဲ့ ကြိုကာတာတွေတော့လုပ်ရတာ ရှိပါတယ်။ အခုထောက်ပံ့ပေးထားတဲ့ လက်နက်၊ ခဲယမ်းတွေကလုံလောက်မှုရှိသလို ပေးထားတဲ့ လက်နက်တွေကလည်း မောင်းပြန်သေနတ်တွေဖြစ်တဲ့အတွက် အကြမ်းဖက်သမားတွေ ဝင်ရောက်လာမယ်ဆိုရင်တော့ ကောင်းကောင်းခုခံချေမှုန်းနိုင်ပါတယ်”ဟု ရဲမှူးစိုးပိုင်က ဆိုသည်။

ယာယီစခန်းတွင်နေထိုင်သည့် မြိုအမျိုးသမီးတစ်ဦးနှင့် ကလေးငယ်

ကိုးတန်ကောက်စခန်းအနီးမှာ ရခိုင်တိုင်းရင်းသားတစ်ယောက်၏ မြေလှူဒါန်းမှုဖြင့် အနောက်ပိုင်းနယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေးကော်မတီက ယာယီကယ်ဆယ်ရေးစခန်းတစ်ခုကို ဖွင့်လှစ်ထားသည်။

ဒေသတွင်းပဋိပက္ခများ မကြာခဏဖြစ်ပွားမှုကြောင့် ရခိုင်တိုင်းရင်းသားအများစု နေရပ်စွန့်ခွာမှုများရှိနေပြီး မောင်တောဒေသမှာ ရခိုင်တိုင်းရင်းသားများ ရေရှည်အခြေချနေထိုင်နိုင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်သည့်စခန်းလည်းဖြစ်သည်။

“ရန်ပုံငွေကို စေတနာရှင်တွေရဲ့ထောက်ပံ့ငွေနဲ့ အိမ်စ်လုံးကို ခြောက်သိန်းသတ်မှတ်ပြီး တချို့က အိမ်တစ်ဆောင်၊ တချို့က နှစ်ဆောင်၊ တချို့က အစုအဖွဲ့နဲ့ဆယ်လုံး အဲဒီလိုမျိုး တတ်နိုင်သလောက် လှူကြတယ်။ လောလောဆယ်မှာ ကျွန်တော်တို့လက်ထဲမှာ အိမ်အလုံး ၆၀ လောက် လှူဒါန်းထားတာရှိတယ်။ ဒီကိုလာပြီးအခြေချတာကတော့ အနီးအနားရွာကလူတွေပဲ။ အနောက်ဘက်ရခိုင်ဒေသမှာ အိမ်တွေတိုးချဲ့ဖို့လိုတယ်။ ကိုးတန်ကောက်ရွာဆိုရင် အိမ်ခြေ ၆၀ လောက်ပဲရှိ တယ်။ ဒါကြောင့် အိမ်ခြေ ၁၀၀၊ ၂၀၀ လောက်ဖြစ်လာပြီး ရခိုင်ရွာကြီးတွေဖြစ်လာအောင်လုပ်ဖို့ရှိတယ်”ဟု အနောက်ပိုင်းနယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင် ဦးဝိုင်းမောင်က ရှင်းပြသည်။

အဆိုပါဒေသတွင် အခြေချနေထိုင်ရန်အတွက် ရေလုပ်ငန်းကျွမ်းကျင်သူများမှာ အဆင်ပြေမှုရှိသော်လည်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် သီးနှံဖြစ်ထွန်းချိန်အထိ အချိန်သုံးလဝန်းကျင်အထိ ထောက်ပံ့မှုများပေးရန်လိုအပ်ကြောင်း ဦးဝိုင်းမောင်က ဆိုသည်။

“ဒီနေရာမှာတော့ အဓိကရေလုပ်ငန်းက လောလောဆယ်ဝင်ငွေရတဲ့လုပ်ငန်းပဲ။ ရေလုပ်ငန်းကို ကျွမ်းကျင်တဲ့သူမှ ဒီမှာလာပြီး အခြေချလို့ရတယ်။ စိုက်ပျိုးရေးလုပ်မယ်ဆိုရင် အနည်းဆုံး သီးနှံမျိုးစေ့ချတာနဲ့ ဘာနဲ့ဆိုအနည်းဆုံးနှစ်လခွဲလောက် ရပ်တည်ဖို့လိုတယ်။ အဲဒီလိုရပ်တည်နိုင်ဖို့ နှစ်လခွဲ၊ သုံးလလောက်အတွင်းမှာ မိသားစုတွေရဲ့စားသောက်ဖို့ ထောက်ပံ့မှုတွေ အများကြီးအကူအညီလိုပါတယ်။ လတ်တလောမှာတော့ စခန်းကို ရောက်ရောက်ချင်း ဆန်၊ ဆီ၊ ဆားတွေတော့ ပေးလိုက်တာပေါ့။ ငါးဖမ်းစက်လှေတွေလည်း ထုတ်ပေးနိုင်ဖို့လုပ်နေပါတယ်”ဟု ဦးဝိုင်းမောင်က ၎င်းတို့ကော်မတီ၏ လုပ်ဆောင်ချက်များကို ရှင်းပြသည်။

ကိုးတန်ကောက်ကျေးရွာမှ ဆက်လက်ထွက်ခွာခဲ့ရာ အမှတ်(၁)နယ်ခြားစောင့် ကွပ်ကဲရေးအဖွဲ့ အင်းဒင်စခန်းသို့ ရောက်ရှိခဲ့ပြီး အဆိုပါစခန်းအနီးရှိ လမ်းဘေးထမင်းဆိုင်တွင် သတင်းမီဒီယာအဖွဲ့များ နေ့လယ်စာ စားခဲ့ကြသည်။ အင်းဒင်ကျေးရွာတွင်လည်း မီးလောင်ပြင်များကသာ နေရာယူထားကြသည်။

အင်းဒင်ကျေးရွာတွင် ကျွန်တော်တို့ထမင်းစားပြီးသတင်းအဖွဲ့အနေဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို ခုခံခဲ့ရသည့် အလယ်သံကျော်ကျေးရွာကို ရောက်ရှိခဲ့သည်။ အဆိုပါကျေးရွာတွင် နယ်ခြားစောင့်စခန်းတစ်ခုရှိပြီး တံခါးများပိတ်ထားသည့် တိုက်နယ်ဆေးရုံနှင့် အထက်တန်းကျောင်းတို့ကိုလည်းတွေ့ရသည်။

ကျေးရွာကြီးဖြစ်သော်လည်း လူနေထိုင်မှုမရှိတော့သည်မှာ လပိုင်းခန့်ကြာမြင့်နေပြီဖြစ်ပြီး မီးလောင်အိမ်များနှင့် မီးလောင်ထားသည့် သစ်ပင်များမှာ အကြမ်းဖက်မှုများ၏ နောက်ဆက်တွဲအမှတ်အသားများအဖြစ်တည်ရှိနေသည်။

အလယ်သံကျော်ကျေးရွာကို ဖြတ်ကျော်၍ အုန်းပင်တန်းများရှိရာ ကမ်းခြေတစ်ခုကိုရောက်ရှိခဲ့သည်။ အဆိုပါကမ်းခြေမှာ သင်္ကြန်ကာလတွင် အနီးရှိရွာများမှ ဒေသခံများ လာရောက်ရေးကစားမှုများရှိကြောင်း မောင်တောဒေသခံတစ်ဦးက ပြောပြသည်။

လက်ရှိအချိန်တွင် အဆိုပါကမ်းခြေမှာ လူသူကင်းမဲ့ခြောက်ကပ်နေသလို လူမနေတော့သည့် ဘန်ဂလိုအဆောက်အအုံတစ်ခုသာ ကျန်ရှိနေသည်။ ကမ်းခြေမှ ဆက်လက်ထွက်ခွာခဲ့ရာ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက် အကြမ်းဖက်မှုမတိုင်မီ အစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရသည့် မြိုလူမျိုးများ ပြောင်းရွှေ့နေထိုင်ရာ ယာယီကူညီရေးစခန်းကို ရောက်ရှိခဲ့သည်။

ဝါးတိုင်များနှင့် မိုးကာဖျင်များကို အဓိကထားဆောက်လုပ်ထားသည့် ၁၅ ပေ ပတ်လည်ခန့်ရှိ တဲအိမ်များအကြားတွင် မြိုတိုင်းရင်းသားကလေးငယ်များ ပြေးလွှားဆော့ကစားနေကြသည်။

“လက်ရှိဒီစခန်းမှာ မြိုလူမျိုး၂၉၈ ဦး နေထိုင်ကြတယ်။ မြောက်ပိုင်းဘက်မှာ အများကြီးပါ။ တောင်ပိုင်းဘက်မှာတော့ သုံးရွာပဲရှိတယ်။ ယခုအစိုးရက နေရာချပေးလို့ သုံးရွာစလုံးစုပေါင်းပြီး ပြောင်းရွှေ့နေထိုင်မှာပါ။ လောလောဆယ်တော့ တစ်ရွာပဲရောက်သေးတယ်။ တောင်ယာလုပ်ကိုင်စားကြတယ်”ဟု မြိုတိုင်းရင်းသားတစ်ဦးက ပြောပြသည်။

တောင်ယာလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်တတ်ကြသည့် မြိုလူမျိုးများသည် မောင်တောဒေသအကြမ်းဖက်မှုများအကြားမှာ မြေဇာပင်ဖြစ်ခဲ့ရသည်။ ၂၀၁၇ ခုနှစ် သြဂုတ် ၃ ရက်က မြိုလူမျိုးရှစ်ဦး တောင်ယာခင်းထဲတွင် တစ်ပြိုင်နက်တည်း အသတ်ခံခဲ့ရသည်။

“အဲဒီနေ့က မိုးရွာတော့ ဘာသံမှမကြားရဘူး။ အဲဒီမှာ တောင်ယာစောင့်တဲ့သူတစ်ယောက်က သေနတ်သံကြားတော့ သွားကြည့်တယ်။ လှမ်းခေါ်တော့လည်းမထူးဘူး။ ရှေ့ဆက်သွားကြည့်တော့ စပါးခင်းထဲမှာ အကုန်လုံးသေနေပြီ။ ရှစ်ဦးမှာခြောက်လောင်းပဲတွေ့တယ်။ ချောင်းထဲမျောပါသွားလားဆိုပြီး လိုက်ရှာတော့ တစ်ဦးပဲတွေ့တယ်။ ကျန်တစ်ဦးကတော့ အခုထိမတွေ့သေးဘူး”ဟု မြိုလူမျိုး ရှစ်ဦးအသတ်ခံရပုံကို ကျေးရွာသားတစ်ဦးက ပြန်ပြောပြသည်။

အဆိုပါဖြစ်စဉ်တွင် ညီဖြစ်သူနှင့် သားဖြစ်သူအသတ်ခံရသည့် မြိုတိုင်းရင်းသားတစ်ဦးကလည်း ယင်းကဲ့သို့ အသတ်ခံရသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး ပြောသည်။

“ကျွန်တော့်သားတွေ အသတ်ခံရတဲ့အကြောင်းရင်းက ဒီမေယုတောင်ကြောမှာ အကြမ်းဖက်တပ်စခန်းရှိတယ်။ အဲဒီစခန်းရှိတာလည်း ကျွန်တော်တို့ မသိဘူး။ ခမရ ၅၃၈ တပ်ရင်းမှူးက တောရှင်းပြီးတော့ အဲဒီစခန်းကြီးကို တွေ့ခဲ့တယ်။ အဲဒီစခန်းကို အကုန်လုံးဖျက်သိမ်းလိုက်တယ်။ ဖျက်သိမ်းတာတောင် သိပ်မကြာဘူး။ ကျွန်တော်တို့ရွာသားတွေ အသတ်ခံခဲ့ရတယ်။ ကုလားက ဘယ်လိုထင်တာလဲဆိုတော့ ဒီမေယုတောင်ကြောထဲမှာ မြိုရွာကတစ်ရွာပဲရှိတယ်။ ဒါကြောင့် ဒီမြိုရွာကပဲ လမ်းပြတာဆိုပြီးတော့ လုပ်တာ။ သတင်းပေးတယ်ဆိုပြီး လုပ်တာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါမေယုတောင်ကြောရှိ ဘင်္ဂါလီအကြမ်းဖက်စခန်းနှင့်ပတ်သက်၍ မျက်မြင်တွေ့ရှိဖူးသူ မြိုတိုင်းရင်းသားတစ်ဦးကလည်း “သူတို့စခန်းက ကျွန်တော်တို့ရွာနဲ့ မနီးမဝေးဘဲ။ သူတို့က စားတာတောင် ပေါ်ဆန်းမွှေးဆန်ပဲစားတယ်။ မီးစက်မောင်းပြီးနေတယ်” ဟုဆိုသည်။

လက်ရှိတွင် မြိုတိုင်းရင်းသားများကို နေရာချထားပေးရန် စခန်းတစ်ခုဆောက်လုပ်နေကြောင်းသိရပြီး မည်သည့်အချိန်တွင် ပြောင်းရွှေ့ရမည်ဆိုသည်ကို အတိအကျ မသိရသေးဘဲ အေးချမ်းစွာ လုပ်ကိုင်စားသောက်ရမည့်နေရာတစ်နေရာတွင်သာ အခြေချနေထိုင်လိုကြောင်း မြိုတိုင်းရင်းသားများက ပြောဆိုကြသည်။

ထိုမှတစ်ဆင့် ဆက်လက်ထွက်ခွာခဲ့ရာ မောင်တောနယ်စပ် ကုန်သွယ်ရေးအခြေအနေများနှင့် နယ်စပ်ခြံစည်းရိုးကာရံထားသည့် နေရာများကိုလည်း ဆက်လက်လေ့လာခွင့်ရခဲ့သည်။ မောင်တောနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခြံစည်းရိုးတစ်ခုဖြင့် စည်းခြားထားသော်လည်း တစ်ဖက်နိုင်ငံမှ အလွယ်တကူဝင်ရောက်လာနိုင်ပြီး အလွယ်တကူ ပြန်ထွက်သွားနိုင်သည့် အနေထားရှိသည်။ မောင်တောဘက်ခြမ်းတွင် တည်ရှိသောကျေးရွာများမှာ မူဆလင်ကျေးရွာများသာဖြစ်ပြီး ရွာအတွင်းရှိ အိမ်အများစုမှာ ခြံစည်းရိုးများကို အလုံပိတ်ကာရံထားသည်ကို တွေ့ရသည်။

တစ်ဖက်နိုင်ငံမှ အလွယ်တကူဝင်ထွက်သွားလာနိုင်သည့် မြေပြင်အနေအထားကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားများအနေဖြင့် ပဋိပက္ခများ ထပ်မံဖြစ်ပေါ်လာမည်ကိုစိုးရိမ်ကာ နေရပ်စွန့်ခွာမှုများ ရှိနေခြင်းသည် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူများအတွက် အခွင့်ကောင်းတစ်ခုပင် ဖြစ်နေသည်။

နယ်စပ်တစ်လျှောက် ကျေးရွာများတွင် ရခိုင်တိုင်းရင်းသားများနေထိုင်သည့် ကျေးရွာများမှာ မရှိသလောက်ဖြစ်နေပြီး ကျေးရွာအများစုမှာ ဘင်္ဂါလီများနေထိုင်ရာကျေးရွာများကိုသာ တွေ့ခဲ့ ရသည်။

အချိန်မှာ ညနေ ၆ နာရီ ထိုးတော့မည်ဖြစ်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်များနှင့် သတင်းအဖွဲ့တို့သည် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် မောင်တောမြို့ပေါ်ရှိ တည်းခိုမည့်နေရာသို့ ထွက်ခွာခဲ့ကြသည်။ မောင်တောမြို့ပေါ်သို့ ရောက်ရှိချိန်မှာ ညနေ ၅ နာရီခွဲကျော်နေပြီဖြစ်သည်။ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် မောင်တောမြို့မြင်ကွင်းမှာ တိတ်ဆိတ်မှုများဖြင့် အစပြုနေပြီဖြစ်သည်။