ဓားတောင်ကိုဖြတ်ကျော်နေသူ (သို့) မြင့်မြတ်အောင်မြင်

ဓာတ်ပုံ - မော်လေး

ချိုင်းထောက်နှစ်ခုပေါ်တွင် လက်ကိုထိန်းတင်ထားရင်း ဆရာအောင်ဌေး (ဥက္ကလာ) ၏ ဖြေကြားချက်များကို အသံဖမ်းယူနေသည့် လူတစ်ဦး။ ထိုသူက ခပ်နက်နက် အသားအရေပေါ်တွင် အင်္ကျီအစိမ်းရောင်ကို ဆင်မြန်းထားပြီး လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသဖြင့် အနည်းငယ် ထူးဆန်းသလိုပင်။

မြန်မာကဗျာလေ့လာနည်း စာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက်လာသည့် ထိုသူက ခြေထောက်နှစ်ဖက်စလုံးအားအင်မရှိသည့် ပုံသဏ္ဌာန်ဖြစ်နေသော်လည်း သတင်းထောက်များ လုပ်လေ့လုပ်ထရှိသည့် မှတ်စုလိုက်ခြင်း၊ အသံဖမ်းခြင်း၊ ဓာတ်ပုံမှတ်တမ်းရယူခြင်း လုပ်ငန်းများကို ချိုင်းထောက်ကိုအားပြုရင်း လုပ်ကိုင်လျက်ရှိ၏။

“မသန်စွမ်းဖြစ်နေလို့ဆိုပြီး သတင်းထောက်အလုပ်ကို မလုပ်နိုင်ဘူးဆိုတာကို ကျွန်တော်လက်မခံပါဘူး။ ဒါကိုသက်သေပြတာပါပဲ” ဟု ထိုသူက သူ၏လက်ချောင်းတုတ်တုတ်များကို အချင်းချင်းယှက်လျက်ဆုပ်ကိုင်လိုက်ရင်း ပြောဆိုသည်။

ကွန်ပျူတာနှင့် အကျွမ်းတဝင်ရှိသူများ ဖြစ်လေ့ရှိသည့်အတိုင်း ဘုလုံးလေးသဖွယ်ဖြစ်နေသည့် လက်ချောင်းထိပ်လေးများပိုင်ရှင်ဖြစ်သူ ထိုသူက ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလကပင် ကွန်ပျူတာကို အသုံးပြုရသည့် ပညာရပ်များကို တတ်မြောက်ထားသူဖြစ်၏။

ထိုကာလများကပင် သတင်းထောက်တစ်ယောက်အဖြစ် မိမိကိုယ်တိုင်ခံယူရန်အကြောင်းရင်းများက ဖန်တီးလာခဲ့ပြီး ကာတွန်းဆရာအီကွေတာ၏ ကူညီအားပေးမှုများဖြင့် ကြေးမုံ သတင်းစာသို့ သန်လျင်မြို့နယ်မှ သတင်းတိုလေးများကို ရေးသားပေးပို့ခဲ့သည်။

သူက ရှေ့တွင်ချထားသည့် လက်ဖက်ရည်ခွက်ကို ဇွန်းဖြင့်တစ်ချက်မွှေလိုက်ရင်း “သတင်းလောကမှာ ပိုက်ဆံယူပြီး သတင်းထည့်ပေးမယ်ဆိုတဲ့သူတွေကို ဖျက်ဆီးပစ်မယ်ဆိုတဲ့စိတ်နဲ့ ကျွန်တော်သတင်းထောက်ဖြစ်လာတယ်ပေါ့ဗျာ”ဟုဆို၏။

ခြေနှစ်ဖက်စလုံးမသန်သည့် သူ၏ ၁၇ နှစ်တာ သတင်းသမားအဖြစ် ဖြတ်သန်းမှုက အမှတ်တရနှင့် အမှတ်ရစရာများလွန်းလှပြီး ယင်းတို့ထဲတွင် အထင်သေးခံရခြင်းတည်းဟူသည့် စိတ်မချမ်းမြေ့ဖွယ်ရာ အတိတ်များက နေရာများများယူထားသည်။

လက်ရှိအချိန်တွင် သူရိယအလင်းဂျာနယ်တွင် အကြီးတန်း သတင်းထောက်အဖြစ် တာဝန်ယူလုပ်ကိုင်နေပြီး ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုနှင့် သူ၏ဂျာနယ်တွင် သုံးလေ့မရှိသည့် သတင်းတိုလေးများ ကို အခြားတိုက်များသို့ ပေးပို့ရင်းဖြင့် သူ၏သတင်းသမားဘ၀ကို ကုန်ဆုံးနေစေသည်။

“မြင့်မြတ်အောင်မြင်ဆိုတာ မောင်လေးလား။ မောင်လေးကဗျာလေးတွေ တွေ့တယ်။ ဂုဏ်ယူပါတယ်ကွယ်”ဟု ဆိုရင်း စာအုပ်မိတ်ဆက်ပွဲ တွင် စာအုပ်ရောင်းနေသည့် အမျိုးသမီးကြီးတစ်ဦးက ထိုသူကိုလက်ဆွဲနှုတ်ဆက်လိုက်သည်။

စာပေမိတ်ဆွေများ၏ စာမူများကို စံတော်ချိန်နေ့စဉ်သတင်းစာ၊ သောကြာစာစောင်၊ ပြစ်မှုနှင့် ရောင်ပြန်မဂ္ဂဇင်း၊ သူရိယနေဝန်း၊ သူရိယအလင်း စသည့်တိုက်များသို့ ကူညီပို့ဆောင်ပေးတတ်သည့်သူက သွားပေါ်အောင်ပြုံးလိုက်ရင်း ထိုအမျိုးသမီးကို ပြန်နှုတ်ဆက်လိုက်ကာ ကဗျာနှင့် ပတ်သက်သည့်အကြောင်းအရာများကို စကားဆက်နေ၏။

၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းဦးရေ ၂၃ သိန်းကျော်ရှိနေပြီး ယင်း၏သုံးပုံနှစ်ပုံခန့်က အလုပ်လုပ်ကိုင်နိုင်သည့် အနေအထားမျိုးရှိသော်လည်း လက်ရှိအချိန်တွင် အလုပ်လုပ်ကိုင်နေသည့် မသန်စွမ်းဦးရေမှာ ၁ ရာခိုင်နှုန်းပင်မရှိကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ သိရသည်။

ယင်းသို့ဖြစ်နေရသည့်အကြောင်းရင်းမှာ မသန်စွမ်းများကိုယ်တိုင်က လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်ရန် ယုံကြည်မှုနှင့် သတ္တိအားနည်းနေခြင်းကြောင့်ဖြစ်ပြီး အကြီးမားဆုံး အဟန့်အတားမှာ လူမှုပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံမှုများဖြစ်သည်ဟု အသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ထောက်ပြဝေဖန်မှုပြု၏။

ငယ်စဉ်တစ်နှစ်သားအရွယ်က ဆရာဝန်၏ ဆေးထိုးမှားယွင်းမှုကြောင့် ခြေထောက်နှစ်ဖက်စလုံး သန်စွမ်းမှု ပျောက်ဆုံးခဲ့ရသည့် ကိုမြင့်မြတ်အောင်မြင်က “ကျွန်တော်တို့အတွက်က ကျွန်တော်တို့လုပ်မယ့်လုပ်ငန်းကို ကျွမ်းကျင်မှုနဲ့ ခြေတစ်လှမ်းစလှမ်းလိုက်ဖို့ပဲ” ဟု တံထောင်ဆစ်ထောက်ထားသည့် ညာဘက်လက်မှ လက်ညှိုးကိုထောင်လိုက်ရင်းဆိုသည်။

လက်ရှိအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက မသန်စွမ်းများနှင့် ပတ်သက်ပြီး စောင့်ရှောက်မှုများ၊ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေးအတွက် အသက်မွေးမှုသင်တန်းများဖွင့်လှစ်သင်ကြားပေးမှုများ ပြုလုပ်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်က “မသန်စွမ်းတွေ အလုပ်အကိုင်ရရှိမှုနှုန်းမြင့်လာဖို့ဆိုရင် သူ့လူမှုအဖွဲ့အစည်းကပါ အသိအမှတ်ပြုပြီးတော့ ဝိုင်းပါဖို့အတွက်ကို အားလုံးက ဆွဲဆောင်ရမယ်” ဟု အကြံပြု၏။

ယင်းအကြံပြုချက်ကို မသန်စွမ်းသူများ၏ နစ်နာမှုများကို ကူညီဖြေရှင်းဆောင်ရွက်ပေးနေသူ၊ ကိုယ်တိုင်လည်းမသန်စွမ်းသူတစ်ယောက်ဖြစ်သူ ကိုရဲဝင်းက ထောက်ခံခဲ့ပြီး မသန်စွမ်းသူများအတွက် နေရာတစ်ခုရှိလာနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိလာနိုင်ရန်မှာ လူမှုပတ်ဝန်းကျင် အပါအဝင်အဆောက်အအုံကအစ ၎င်းတို့နှင့် လိုက်လျောညီထွေဖြစ်နိုင်မည့် ပတ်ဝန်းကျင်ဖြစ်စေရန် စီစဉ်သင့်ကြောင်း ဖြည့်စွက် ပြောကြားသည်။

စံတော်ချိန်သတင်းစာတိုက်သို့ စာမူလာပို့ သည့် ကိုမြင့်မြတ်အောင်မြင်က သန်လျင်သို့ပြန်ရန် ဝိုင်ဘီအက်စ်နံပါတ် (၅) အပေါ်တက်ရန် ကားလှေကားပေါ်သို့ ချိုင်းထောက်ကို တင်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်အားဖြင့် ကားပေါ်သို့ခိုတက်လိုက်၏။

အများအားဖြင့် ထိုင်ခုံဖယ်ပေးခြင်းမျိုးများရှိသော်လည်း ကားအလွန်ကျပ်တတ်သည့်အချိန် လိုင်းကားတိုးစီးရန်ကြုံလာပါက အပေါက်ဝတွင်ပင် အဆင်ပြေသည့်အချိန်အထိ တွယ်စီးခဲ့ရသည့်အချိန်များရှိသော်လည်း ယင်းထက်ခက်ခဲသည့်အချိန်မှာ သတင်းရယူရာတွင် မိမိကိုသတင်းထောက်ဖြစ်ကြောင်း မယုံကြည်ကြခြင်းပင်။

“ကျွန်တော်က သတင်းထောက်ပါလို့ ပြောတဲ့အခါ သူတို့မျက်လုံးတွေက” သူက – စကားကို ခေတ္တရပ်လိုက်ပြီး နှာခေါင်းကို ညာဘက်လက်မဖြင့်ဖိလိုက်သည်။ စက္ကန့်အတော်ကြာကြာ မိနစ်ပိုင်းမျှ တိတ်ဆိတ်သွားပြီးနောက် “ကျွန်တော်သတင်းသွားယူရင် သတင်းထောက်ပါလို့ မပြောဖြစ်တော့တာကြာပြီ”ဟု အကြည့်များကို အဝေးတစ်နေရာသို့ ပို့ရင်းစကားဆက်၏။

သတင်းစာတစ်စောင်တွင် သတင်းပါနိုင်ရန်အတွက် သတင်းထောက်ကို ပိုက်ဆံပေးခဲ့ရပြီး သတင်းမပါခဲ့ခြင်းကို ပိုက်ဆံယူခဲ့သည့်သူက မောက်မောက်မာမာပြုခဲ့သည့်အတွက် သတင်းလောကထဲရောက်ရှိလာခဲ့သည့်သူက ဆယ်တန်းအောင်မြင်သည့် ၂၀၀၀ ပြည့်နှစ် ဇူလိုင်လတွင် ထုတ်ဝေသော မိုးဝေမဂ္ဂဇင်း၌ မိခင်မေတ္တာဘွဲ့ ကဗျာပါရှိခဲ့သူဖြစ်သည်။

ကြော်ငြာကမ္ဘာမီဒီယာတွင် သတင်းထောက်မှ သတင်းထောက်ချုပ်အဖြစ် ၁၆ နှစ်တာကာလနီးပါး လုပ်ကိုင်ခဲ့စဉ်ကာလအတွင်း ပြင်ပဖိအားများအပြင် လုပ်ဖော်ကိုင်ဖက်များ၏ ဖိနှိပ်မှု၊ ပုတ်ခတ်မှုနှင့် နှိပ်ကွပ်မှုများကို ခံခဲ့ရသော်လည်း ယင်းဂျာနယ်ရပ်နားချိန်တွင် ခံစားရသည့် နာကျင်ခံစားရမှုမျိုးကို မမီနိုင်ခဲ့။

“ဂျာနယ်တစ်စောင်ပေါ့ဗျာ။ ကျွန်တော်ရေးတာတွေကြိုက်လို့ အလုပ်ခန့်ချင်တယ်ပေါ့။ ကျွန်တော်က မသန်စွမ်းဖြစ်တယ်ဆိုတာကို ဖုန်းဆက်ကြိုပြောထားတော့ သူတို့ကရတယ်လို့ ပြောတယ်” ဟုဆိုပြီး အင်တာဗျူးဖြေရန် မျှော်လင့်ချက်ဖြင့် သွားဖြစ်ခဲ့ကြောင်းပြန်ပြောင်းပြောပြနေ၏။

ထို့နောက် “ကျွန်တော့်ကိုကြည့်လိုက်တဲ့ မျက်လုံးတွေကဗျာ” ဟု ဆိုရင်း အတိတ်ကို တစ်ခန်းရပ်ရန် ကြိုးစားသော်လည်း သူအောင်မြင်ခြင်းမရှိဘဲ “ကျွန်တော့်ကိုမခန့်ချင်တော့ သတင်းတစ်ပုဒ်ကို စိတ်ကူးယဉ်ပြီးရေးဖို့ ခိုင်းတယ်ဗျာ” ဟုဆိုလာစဉ် ကိုယ်ကိုရှေ့သို့ကိုင်းခြင်းနှင့် လက်နှစ်ဖက်ကိုဖြန့်ပြီး အပေါ်အောက် လှုပ်ရှားလိုက်ခြင်းနှင့် အသံအနည်းငယ်ကျယ်လောင်မှုက တစ်ပြိုင်တည်း ပါလာခဲ့သည်။

သတင်းထောက်အလုပ်ကို စတင်လုပ်ကိုင်စဉ်က သတင်းထောက်တစ်ဦး လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်များကို အလေးထားလိုက်နာကာ သတင်းကို ကိုယ်တိုင်လိုက်၊ ကိုယ်တိုင်းရေးလုပ်ခဲ့သည့်သူ့အတွက် သတင်းကို စိတ်ကူးယဉ်ကာ ရေးပြရမည်ဆိုသည်က သတင်းထောက်ဟူသည့် ဂုဏ်သိက္ခာကို စော်ကားသကဲ့သို့ ခံစားရသည်ဟု ကိုမြင့်မြတ်အောင်မြင်က ဆိုသည်။

“ကျွန်တော် မသန်စွမ်းဖြစ်နေတာနဲ့ပဲ ကျွန်တော့်ရဲ့အလုပ်နဲ့ ရပ်တည်ချက်ကိုစော်ကားကြတယ်” ဟူသည့်အသံက တဆတ်ဆတ်တုန်နေသည့်နှုတ်ခမ်းကြားမှ ထွက်ပေါ်လာခဲ့လေ၏။

သတင်းထောက်အဖြစ် သတင်းသမားများ ဖြတ်သန်းရလေ့ရှိသည့် အခြေအနေပေါင်းစုံကို ဖြတ်ကျော်ခဲ့ရသည့်အပြင် မသန်စွမ်းဟူသည့်အမြင်များအောက်က လုပ်နိုင်စွမ်းရှိမည်မဟုတ်ဟူသော ယူဆချက်များကိုပါ တိုက်ခိုက်ရင်း သတင်းထောက်ဟူသည့် နှစ်သက်မြတ်နိုးရသည့် အလုပ်ကို ဆက်လက်ဂုဏ်ယူလုပ်ဆောင်သွားမည်ဟု သူကဆုံးဖြတ်ထားသည်။

ကိုမြင့်မြတ်အောင်မြင်က “ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေက သိပ်ကိုထိရှရပါတယ်။ ရှေ့မှာလည်း ကြုံရဦးမှာဖြစ်ပေမယ့် ကျွန်တော်မကြောက်ပါဘူး” ဟု ဆိုရင်း….။