ပန်းချီပြည်ကျော်ဟန်နှင့်တွေ့ဆုံခြင်း

ဇာတ်သဘင်ဆက်တင်အခမ်းအနားများတွင် ဆက်တင်ပန်းချီကားများသည် ဇာတ်ကောင်မှ ပရိသတ်အားပေးလိုသည့်ရသအား ထိရောက်စွာပေးရန် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လျက်ရှိသည်။ ယင်းနှင့် ပတ်သက်၍ ဇာတ်သဘင်လောက၏ ဆက်တင်အခမ်းအနားများကို ဆက်တင်ပန်းချီပညာဖြင့် ၃၈ နှစ်ကြာ လုပ်ကိုင်ခဲ့သည့် ပန်းချီပြည်ကျော်ဟန်အား ဆက်တင် ပန်းချီလေ့လာခဲ့ပုံများ၊ ယခင်ခေတ် ဇာတ်သဘင်လောကတွင် ဆက်တင်ပညာကိုအသုံးချခဲ့ပုံများ၊ ဆက်တင် ပန်းချီပညာနှင့်ပတ်သက်သည်များကို စံတော်ချိန်က ဖော်ပြလိုက်ပါသည် –

မေး – ဆရာ့အနေနဲ့ ဆက်တင်ပန်းချီပညာကို ဘယ်အချိန်ကနေ စတင်လေ့လာခဲ့တယ်ဆိုတာကို ရှင်းပြပေးပါဦး။

ဖြေ – ကျွန်တော်က ၁၉၈၀ ပြည့်နှစ်ကစပြီး ဒီပန်းချီပညာကို စတင်သင်ယူခဲ့တယ်။ သင်ယူတော့ အရင်ဆုံး ကျွန်တော့် ဖေဖေ ပန်းချီဦးသန်းဆွေက ဟိုးတုန်းက ဇာတ်တွေ ရွှေမန်းတင်မောင်တို့ မြို့တော်သိန်းအောင်တို့လက်ထက်ကတည်းက ဇာတ်တော်တော်များများကို ရေးခဲ့တယ်။ ရေးခဲ့တော့ ဖေဖေ့ဆီကနေ ပညာအမွေကိုဆက်ပြီးယူခဲ့တာ။ အဲဒီတုန်းက ဖေဖေ့ဆီမှာ ဆက်တင်ပညာကို သင်တယ်။

ရန်ကုန်ပန်းချီပန်းပုကျောင်းမှာအချိန်တို သင်တန်းညပိုင်းမှာ သွားတက်တယ်။ အဲဒီမှာကျတော့ ဆက်တင်နဲ့ပတ်သက်တာကို ဆရာကြီး ဦးဟန်တင်ဆီမှာ သင်ယူခဲ့တယ်။ အဲဒီကနေ ၁၉၈၃ ခုနှစ်မှာ ပန်းချီကျောင်းဆင်းတယ်။ ကျောင်းဆင်းတဲ့အချိန်မှာ ပြည်ကျော်ဟန်ဆိုတဲ့နာမည်နဲ့ ဇာတ်သဘင်လောကကို ရေးဆွဲနေပြီ။

အဲဒီတုန်းက ဇာတ်တော်တော်များများဆိုရင် မိုးဝင်းတို့၊ စိန်မဟာသဘင်တို့၊ ရွှေမန်းသဘင်၊ နန်းဝင်းတို့၊ သိန်းဇော်တို့မှာ ရေးဆွဲခဲ့ကြတယ်။ အဲဒီလိုရေးဆွဲခဲ့ပြီးတော့ နောက်ပိုင်းတော့ ရုပ်ရှင်ပိုစတာတွေလည်း ရေးခဲ့တယ်။ ဇာတ်တော်တော်များများကို ဆက်တင်လည်းရေးခဲ့တယ်။ ပိုစတာ ပေ ၂၀ လောက်ရှိတာကြီးတွေကို ပဲခူးဘုရားပွဲ၊ ကျိုက်ခေါက်ဘုရားပွဲမှာ ဇာတ်တွေအပြိုင်အဆိုင်ကကြတော့ အဲဒီမှာလည်း ရေးခဲ့တယ်။

၁၉၈၃ ခုနှစ်ကနေ တောက်လျှောက်ရေးခဲ့တာ ၂၀၀၃ ခုနှစ်၊ ၂၀၀၄ ခုနှစ်ကျတော့ အလုပ် နည်းနည်းလေးရှားတော့ ကုမ္ပဏီဘက်ကို ပြောင်းလုပ်တယ်။ ကိုရီးယားကုမ္ပဏီမှာ ပန်းချီနဲ့ ပတ်သက်တာတွေကို ရေးခဲ့တယ်။၂၀၀၇ ခုနှစ်မှာ ကုမ္ပဏီက ထွက်လိုက်တယ်။ အဲဒီကနေ ဇာတ်သဘင်ကို ပြန်ရေးတယ်။ အဲဒီမှာ မိုးဝင်းတို့၊ မိုးမင်းတို့ ပင်တိုင်ရေးလာခဲ့တယ်။ နောက်ပိုင်းကျတော့ ဆက်တင်တွေ အမြို့မြို့အနယ်နယ်က ဇာတ်တွေက လာအပ်ကြတယ်။ အဲဒီဇာတ်တွေမှာလည်း ရေးဆွဲခဲ့တယ်။ အခု ရန်ကုန်မှာဆို ဖိုးချစ်လည်းရေးတယ်။

မန္တလေး၊ မော်လမြိုင်ဇာတ်ပွဲများအတွက် ရေးခဲ့သည့် ဆက်တင်ပန်းချီအားတွေ့ရစဉ်။

မေး – ဆက်တင်ပန်းချီပညာကို စတင်လေ့လာတဲ့အချိန်မှာရော ဘာတွေအခက်အခဲရှိခဲ့လဲ။

ဖြေ – ကျွန်တော် ဒီပညာကိုစသင်တုန်းက အသက် (၁၈)နှစ်ပဲ ရှိသေးတယ်။ ကျွန်တော်က (၁၈) နှစ်လောက်တုန်းက စရေးနေပြီပေါ့။ အဋ္ဌမတန်းလောက်က ကျောင်းဆက်မတက်ချင်တော့လို့ ထွက်လိုက်တယ်။ ဖေဖေကဘာဆက်လုပ်မလဲဆိုတော့ ပန်းချီရေးမယ်။ အဲဒါဆို အဖေက လုပ်ဆိုပြီး သူနဲ့ ဝိုင်းကူဆွဲပေးရတယ်။ အဲဒီကနေ ပန်းချီကျောင်းတက်ခိုင်းတယ်။ ကျောင်းဆင်းတဲ့အခါကျတော့ ကျွန်တော်တစ်ဦးတည်း စဆွဲတယ်။ အခက်အခဲတော့ သိပ်မရှိခဲ့ပါဘူး။

မေး – ဆက်တင်ပန်းချီပညာနဲ့ပတ်သက်ပြီး ပုံဖော်ရတဲ့အပိုင်းကိုလည်း ရှင်းပြပေးပါဆရာ။

ဖြေ – ပုံဖော်တဲ့အပိုင်းမှာကျတော့ သူတို့လိုချင်တဲ့ဟာကို ပါးစပ်နဲ့ ပြောတယ်။ အဲဒါကို ကျွန်တော်က အကြမ်းလေးထုတ်ပေးရတယ်။ အဲဒါပြီးမှ ပုံအကြီးကြီးကို ကိုယ်လိုချင်တဲ့ ပုံအတိုင်းဖန်တီးရတာ။ ဒီဆက်တင်ရေးတာကတော့ ရေဆေးကိုပဲ အဓိကသုံးတာပေါ့။ အရင်တုန်းကတော့ မြေနီ၊ မြေဝါ၊ တမာစေးပေါ့။ ကျွန်တော်တို့လက်ထက်ကျတော့ အဲဒါတွေ မသုံးတော့ဘူး။ ဆေးသုံးရတာ ပိုလွယ်ကူလာတယ်။ အဲဒီလိုကွာခြားလာတယ်။

ကျွန်တော်တို့ကတော့ မာဂျင်ပိတ်ပေါ်မှာ ရေးတယ်။ အချို့သစ်ပင်ကားတွေကျ အပေါ်က ဇာနဲ့ကပ်တယ်။ ဇာမှာကော်နဲ့ကပ်လိုက်တယ်။ အဲဒါပြီးမှ အောက်လိုင်းကြောင်းပေးပြီး ဆေးကြမ်းလုံးကို ကတ်ကြေးနဲ့ညှပ်ပြီး ဇာကပ်တယ်။ ဇာကပ်ပြီးတော့မှ ပြန်လုပ်ရတာပေါ့။

ရေးတဲ့အခါကျတော့ အရောင်ကိုဝှက်ရေးရတယ်။ ညဘက်ကတော့ မီးက အဏုမြူကာလာသုံးရင် အဏုမြူမီးချောင်းသုံးမှရမယ်။ အဲဒီလို သူ့ဟာနဲ့သူသွားတွေ့မှ ပိုပြီးကြွလာတာ၊ ပိုပြီး ရှေ့ထွက်လာတာ။ အဏုမြူနဲ့ Direct ရိုက်ရေးတဲ့အခါကျတော့ ကနုတ်ပန်းတွေရေးတယ်ဆိုရင် အောက်က အဖြူခံတယ်။ ပြီးရင် အဏုမြူတိုက်ရိုက်ရေးတယ်။ အဲဒါကျတော့ Direct Method ရေးတယ်ခေါ်တာ။ အဏုမြူမီးဖွင့်လိုက်တာနဲ့ တန်းလင်းတာ။ ဝှက်ရေးတဲ့အခါကျတော့ အဏုမြူက ချက်ချင်းကြည့် မမြင်ရဘူး။ အဲဒီ မီးချောင်းဖွင့်လိုက်တဲ့အခါကျမှ အလင်းတွေက နေပြောက်ထိုးတာတွေ၊ နေတောက်နေတာတွေ Lighting တွေထွက်လာတယ်။ ဒါကတော့ ကျွမ်းကျင်မှုနဲ့ လည်းဆိုင်တယ်။ ဥပမာ ဇာတ်တစ်ဇာတ်က သာမန်ကြည့်ရင် ပိတောက်ပင်ကြီး ပန်းမပွင့်ဘူး။ မီးဖွင့်လိုက်တော့မှ ပန်းပွင့်လာတယ်။

ပန်းချီပြည်ကျော်ဟန်နှင့် သူ၏လက်ရာ ဆက်တင်ပန်းချီကားအား တွေ့ရစဉ်။

မေး – ဆက်တင်ကရော ဇာတ်အတွက် ဘယ်လောက်အတိုင်းအတာအထိ ပံ့ပိုးနိုင်လဲ။

ဖြေ – ဇာတ်တစ်ဇာတ်မှာ ဇာတ်ရံတွေပါသလို၊ ပန်းချီကားကလည်း ဇာတ်ကောင်ကို ပံ့ပိုးပေးနိုင်တယ်။ ဆက်တင်မပါဘဲကလို့ရှိရင် အရသာမရှိဘူး။ သူပြချင်တဲ့အရာကို မထိရောက်တော့ဘူး။ ဥပမာ-သစ်ပင်ရေးတဲ့အခါ မင်းသားက သီချင်းဆိုပြီး စိတ်ကူးယဉ်နေတဲ့အခါကျရင် သစ်ပင်ထဲက ကောင်မလေးပေါ်လာမယ်ဆို သစ်ပင်ကို ကတ်ကြေးနဲ့ညှပ်ပြီး ဇာကပ်ပြီး ဇာပေါ်အောင် ရေးထားရတယ်။ ဇာပေါ်အောင်ရေးထားရင် နောက်က မီးထိုးလိုက်ရင် မင်းသမီးက သစ်ပင်ကနေပေါ်လာတယ်။ ဝိညာဉ်ခေါ်တဲ့အခန်းတွေဆိုရင်လည်း ဆက်တင်က ပို့ပေးရတယ်။ ပြဇာတ်ကြီးကို ပါးစပ်ကနေပြောနေလို့ ဘာမှမထူးဘူး။ မင်းသားပါတယ်၊ မင်းသမီးပါတယ်၊ လူကြမ်းပါပေမယ့် ပန်းချီကားပါမှ ကိုယ်ပြချင်တဲ့ရသကို ထိထိရောက်ရောက်ပြနိုင်မှာ ဖြစ်တယ်။

ပြီးတော့ အခုနောက်ပိုင်း ခေတ်ရဲ့ရေစီးကြောင်းအရ ခေတ်က တိုးတက်လာတော့ မီးတွေ၊ LED မီးတွေပေါ်လာတာ။ ကျွန်တော့်ဖေဖေတို့ လက်ထက်တုန်းက မှန်စလိုက်လေးတွေပြတာ။ လေးလက်မ၊ သုံးလက်မလောက်ပြတာ။ အဲဒါကိုဘူတာကြီးတို့၊ ရွှေတိဂုံတို့ရေးပြီးပြတာ။ နောက်ကျ ပရိုဂျက်တာတွေပေါ်လာတယ်။ အရင်တုန်းကတော့ ခေတ်မမီသေးဘူး။ နောက်ပြီးတော့ LED မီးတွေ ဘယ်လောက်သုံးသုံး၊ ဘယ်လောက်ခေတ်မီမီ ဆက်တင်အခမ်းအနားမပါရင် ဘာအရသာမှ မရှိဘူး။ LED မှာ ရုပ်ရှင်ကြည့်ရလောက်တဲ့ န်နခအ လောက်ပဲရှိတာ။ ရှေ့ကလူကို မပံ့ပိုးနိုင်ဘူး။ ဥပမာ-တိုက်လှေကားပေါ်တက်သွားတာတွေ၊ သစ်ပင်ကိုင်းတွေကျလာတာကျတော့ ဆက်တင်နဲ့ LED ပေါင်းသုံးမှအဆင်ပြေတာ။ ဆက်တင်မပါဘဲ LED ပဲသုံးရင် ကြည့်ရတာ အရသာမရှိဘူး။ ဒါကြောင့် ဇာတ်ကြီးတွေမှာ ဆက်တင်က သုံးကိုသုံးရတယ်။

မေး – လက်ရှိ ဆက်တင်ပန်းချီပညာကိုရေးတဲ့ သူကရော ဘယ်နှစ်ဦးလောက်ရှိမလဲ။

ဖြေ – သဘင်ဆက်တင်နဲ့ ပတ်သက်ပြီး လူသိပ်မရှိတော့ဘူး။ ဇာတ်သဘင် ဆက်တင်ရေးတာက ကျွန်တော့်ညီ ကျော်မင်းဟန်ရှိမယ်။ ကျွန်တော့်သူငယ်ချင်း သန်းဇော်ရှိတယ်။ ကျွန်တော့်တပည့် အောင်အောင်ဆိုတာရှိမယ်။ ပြောရမယ်ဆို ဆက်တင်ရေးတဲ့သူက လက်ချိုးရေလို့ရတယ်။ သိပ်တော့ မရှိကြတော့ဘူး။ မန္တလေးမှာလည်း သိပ်မရှိဘူး။ အရင်ကတော့ မန္တလေးမှာလည်းရှိတယ်။ မော်လမြိုင်မှာဆိုရင်လည်း ရှိတယ်။ နောက်ပိုင်းကျတော့ မရှိတော့ဘူး။ ဘာကြောင့်လဲဆိုရင် ဒီပညာက ခက်ခဲတယ်လည်း မဟုတ်ဘူး။ မခက်ခဲဘူးလည်း မဟုတ်ဘူး။

ဆက်တင်ဆိုတာကတော့ ဇာတ်ခုံရဲ့အနေအထားကို နားလည်ရမယ်။ မီးအနေအထား နားလည်ရမယ်။ နောက်တစ်ခုက ဇာတ်ခုံမှာ လျှပ်တစ်ပြက်ဖြစ်ပေါ်နေတဲ့ဟာတွေကို မီးချိန်းမယ် ဘာညာသိဖို့ လိုတယ်။ ဆက်တင်ရေးတဲ့ပန်းချီဘာလို့နည်းလဲဆိုရင် အများစုက ဆက်တင်ပညာကို သိပ်နားမလည်ဘူး။

ကျွန်တော်တို့ကတော့ မိဘရဲ့အမွေအနှစ်ဖြစ်တဲ့အတွက် ဇာတ်ခုံပေါ်ကိုလည်း အိပ်ဖူးတယ်။ ဇာတ်ခုံပေါ်လည်း လေ့လာဖူးတယ်။ အများကြီး ဖြတ်သန်းခဲ့ရတာပေါ့။ အဲဒီတော့ အလွယ်တကူရေးနိုင်တယ်။ နောက်လူတွေကျတော့ သိပ်မသိကြတော့ဘူး။ ဒီဟာ ဘယ်မှာသုံးမယ်လို့တောင်မသိဘူး။ ဘာလို့လဲဆိုရင် မရေးဖူးကြဘူး။ ပညာရှင်ကြီးတွေကလည်းတဖြည်းဖြည်း ဆုံးပါးကုန်ပြီ။ အဲဒါကြောင့် ဆက်တင်ရေးတဲ့သူက အတော့်ကို နည်းပါးသွားတယ်။

မေး – ဆက်တင်ပန်းချီနဲ့ ရိုးရိုးပန်းချီရဲ့ ကွာခြားချက်လေးတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ – ရိုးရိုးပန်းချီနဲ့က ရေးတာကတော့ မကွာပါဘူး။ ဒါပေမဲ့ ဆက်တင်ကျတော့ ပေ ၄၀ ဇာတ်ခုံတစ်ခုလုံးကို ကားချပ်ကြီးတစ်ခုလုံးကြည့်တဲ့အခါမှာ ဇာတ်ခုံပေါ်မှာ မီးလှည့်စားမှု၊ အရောင်လှည့်စားမှုတွေက ပြောင်းလဲတယ်။ ရိုးရိုးပန်းချီကတော့ရေးတယ်။ လိုင်းနဲ့ပဲရေးရေး၊ ရေးချင်တဲ့ပုံစံနဲ့ ရေးလို့ရတယ်။ ဒီမှာက အဏုမြူကာလာသုံးတဲ့အခါကျတော့ အဲဒီ အဏုမြူဟာ မီးကြောင့် အဏုမြူ ပြောင်းသွားတယ်။ Lighting တွေ ပြောင်းသွားတယ်။ အလင်း၊ အမှောင် ပြောင်းသွားတယ်။ အဲဒီတော့ လူတိုင်းမသိဘူး။ လူတိုင်းမသိတဲ့အတွက် ဆက်တင်ပန်းချီရေးတဲ့အခါ လေ့လာဖို့လိုတယ်။ ဇာတ်ခုံပေါ်လည်း သွားကြည့်ပြီး လေ့လာရတယ်။ အဲဒီလို လေ့လာပြီးမှရေးတာ အကောင်းဆုံးပဲ။ ဒါကျတော့ လူတိုင်းရေးလို့မရဘူး။ သူ့ရဲ့လျှို့ဝှက်ချက်တွေ ပါတယ်။

မေး – ဆက်တင်ပန်းချီရေးတဲ့အခါမှာရော ကားတွေကကြီးတဲ့အတွက် ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ – ကျွန်တော်တို့ အရင်တုန်းကလည်း မိုးကောင်းကျောင်းမှာပဲ ရေးတယ်။ ဟိုတုန်းက ဒီလောက် ခေတ်မမီသေးဘူး။ အဲဒီတုန်းက နေရာကျဉ်းလို့ဆိုပြီး မိုးကောင်းဘုရားကြီးစောင်းတန်းမှာ ရေးတယ်။ မိုးကောင်းဘုရားကြီးမှာလည်း ဆိုင်ခန်းတွေရှိလာတဲ့အခါကျတော့ အိမ်မှာ ဂိုဒေါင်ဆောက်ပြီးတော့ ရေးတယ်။ အိမ်မှာလည်း မိသားစုကများလာပြီး အိမ်ပြန်ပြင်ဆောက်တော့ ရေးမရတော့ဘူး။ အဲဒီတော့မိုးကောင်းကျောင်းမှာပဲ ဆရာတော်ကိုလျှောက်ပြီးတော့ ဒီမှာပဲရေးရတယ်။ ဒါတောင်မှ ကားကြီးတဲ့အခါကျရင် မလွတ်ဘူး။ မလွတ်တဲ့အခါကျတော့ တစ်ဝက်ခေါက်ပြီး ရေးရတယ်။ ဒီပန်းချီကားတွေအတွက် အဓိကကတော့ နေရာအခက်အခဲ ဖြစ်တယ်။ ဟိုးအရင်တုန်းက ဖေဖေတို့၊ ဖေဖေတို့ရဲ့ဆရာကြီးတွေတုန်းကဆိုရင် ဇာတ်တွေနောက်လိုက်ပြီး ရေးရတယ်။ ဇာတ်ခုံတွေမှာ ရေးရတယ်။ ဇာတ်နောက်မလိုက်နိုင်ရင် ဘုန်းကြီးကျောင်းတို့၊ ဓမ္မာရုံတို့ နေရာကျယ်တဲ့နေရာတွေကို ငှားရမ်းရေးဆွဲရတယ်။

မေး – ဇာတ်သဘင်ဆက်တင်ကို အရင်ကတည်းက ရေးခဲ့တယ်ဆိုတော့ အရင်တုန်းကနဲ့ လက်ရှိ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ရှင်းပြပေးပါဦး။

ဖြေ – ကျွန်တော်တို့ ဇာတ်သဘင်စရေးတဲ့အချိန်တုန်းကဆိုရင် ပေ ၃၀ × ၁၅ပေကားကြီးမှ ကျပ် ၅၀၀ ပဲရတယ်။ အဲဒီတုန်းကလည်း ကုန်ဈေးနှုန်းအရရော ဆေးပစ္စည်းတွေကလည်း သက်သာတယ်။ အခုကျတော့ ကားကြီးတစ်ချပ်ကို ကျပ်ခြောက်သိန်း၊ ခုနစ်သိန်း ရတယ်။ အရင်နဲ့ စာရင်တော့ နည်းတော့နည်းတယ်။ သူတို့အတွက်လည်း ပြန်ကြည့်ပေးရတယ်လေ။ သူတို့လည်း အပ်နိုင်အောင်၊ ကိုယ်လည်းရေးနိုင်အောင်၊ ကားနည်းနည်းသေးရင် ကျပ်နှစ်သိန်း၊ သုံးသိန်းလောက်ယူတာရှိတယ်။ ကြီးရင် ခြောက်သိန်း၊ ခုနစ်သိန်းလောက်အထိ ယူတယ်။

အရင်တုန်းကခေတ်နဲ့တော့ နည်းနည်းကွာတယ်။ ရေးတာလည်းကွာတယ်။ တိုးတက်မှုတွေကလည်း မီးတွေကအစ ကွာတယ်။ သုံးတဲ့ပစ္စည်းတွေကလည်း မြင့်လာတော့ ရေးနည်းရေးဟန်လည်း ကွာတယ်။ ဈေးနှုန်းကတော့ နည်းနေပေမယ့် ကျွန်တော်တို့က ဝါသနာပါတယ်။ ကိုယ့်အနုပညာကို ပြည်သူကိုချပြချင်တာဖြစ်တဲ့အတွက် ဟိုဘက်၊ ဒီဘက် မျှလုပ်ရတာပေါ့။

မေး – ဆရာ့အနေနဲ့ကလည်း ဒီပညာကိုမိဘဆီကအမွေယူခဲ့တယ်ဆိုတော့ သားသမီးတွေကိုရော လက်ဆင့်ကမ်းဖို့ရှိမလား။

ဖြေ – ကျွန်တော်ကတော့ သူတို့ကို လက်ဆင့်ကမ်းတယ်။ တစ်ခါတလေကျ သားအကြီးလည်း ဝိုင်းကူရေးတယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့လို စိတ်ရောကိုယ်ပါနှစ်ပြီးရေးတာတော့ သိပ်မတွေ့ဘူး။ သူတို့က ပန်းချီရေးမယ်။ ပြပွဲလုပ်မယ်၊ ရောင်းရမယ်။ ဒါကိုပဲ စိတ်ဝင်စားကြတယ်။ ကျွန်တော်တို့ကျတော့ အဲဒီလိုမဟုတ်ဘူး။ အရင်တုန်းက ပန်းချီကလည်း အားနည်းတော့ ဇာတ်သဘင်ဆက်တင်ကို လျှမ်းလျှမ်းတောက်ရေးရပြီး ကျွန်တော်ကလည်း လူငယ်ဆိုတော့ အားတက်ပြီး ကြိုးစားရေးခဲ့တယ်။ အခု နောက်လူတွေတက်တော့ မျိုးဆက်သစ်တွေမရှိတော့ရင် ဒီပညာအတွက် စိုးရိမ်မိတယ်။

မေး – ဒီပညာနဲ့ ပတ်သက်ပြီး မျိုးဆက်သစ်တွေကလည်း မရှိသေးဘူးဆိုတော့ ဒီပညာပျောက်ကွယ်သွားရင် မြန်မာ့ဇာတ်သဘင် ဆက်တင်အခမ်းအနားတွေကရော ရပ်တည်ဖို့ လွယ်ပါ့မလား။

ဖြေ – ကျွန်တော့်တို့ခေတ်တုန်းကနဲ့တော့ မတူတော့ဘူး။ ကျွန်တော်တို့ခေတ်တုန်းကတော့ ဇာတ်တွေက အပြိုင်အဆိုင်ဆိုတော့ ရေးရတာလည်း အားရပါးရရှိတယ်။ အခုဆို ဇာတ်ကတစ်ခါတလေမှလာတာဆိုတော့ ကလေးတွေအတွက်လည်း ဒါကို သိပ်ပြီး အာရုံမရောက်တော့ဘူး။ ဒီဆက်တင်နဲ့ ပတ်သက်ပြီးတော့ မျိုးဆက်သစ်တွေမရှိတော့ ဒီပညာ ပျောက်ကွယ်သွားမှာ စိုးရိမ်ရတယ်။ ဇာတ်ဆက်တင်ရေးတဲ့သူကရှိတော့ရှိမယ်။ လက်ရာပေါ်မူတည်ပြီး ရှိတော့ရှိမှာပဲ။ သူ့ကို ဒါလေးရေးခိုင်းရင်ရေးတော့ရေးမှာပဲ။ ရေးတဲ့ပုံသဏ္ဌာန်က ဇာတ်ခုံပေါ်မှာ အဆင်ပြေချင်မှပြေမယ်။ မသုံးမဖြစ်လို့ ရေးရမယ်။ ဒါပေမဲ့ ဇာတ်ခုံရဲ့အနေအထား၊ ဇာတ်ခုံရဲ့ပြောင်းလဲမှု သိပ်သိမှာမဟုတ်ဘူး။

ဒါကြောင့် ပျောက်ကွယ်မှာတော့ စိုးရိမ်ရတယ်။ ဒါပေမဲ့ ရေးတဲ့သူကတော့ ရှိနေမယ်။ စနစ်တော့ကျမှာ မဟုတ်ဘူး။ ဆက်တင်ချည်းပဲ စနစ်တကျသင်ခဲ့တာမဟုတ်တဲ့အတွက်ရေးတာတော့ ဖြစ်သွားမယ်။ ဒါပေမဲ့ အရသာတော့မရှိဘူး။ ပန်းချီဆရာတွေကတော့ရှိနေတဲ့အတွက် ဆက်တင်ကို လက်တည့်စမ်းရေးတဲ့သူတွေတော့ ရှိနေဦးမှာပဲ။

မေး – ဆရာ့အနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါဦး။

ဖြေ – ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်က တစ်သက်လုံး ပန်းချီရေးနေမှာ။ ဇာတ်ဆက်တင်ကိုလည်း လာအပ်တဲ့သူမှန်သမျှကို ဇာတ်ကြီးမှ၊ သေးမှမဟုတ်ဘူး။ အကုန်ရေးပေးမယ်။ ဒါပေမဲ့ လုပ်နိုင်တဲ့အတိုင်းအတာထဲကနေ လုပ်ပေးမှာပါ။ ဇာတ်သဘင်တိုးတက်အောင် ဇာတ်ဆက်တင်အခမ်းအနားတွေကို လုပ်ကြပါ။ ပရိသတ်တွေ မမြင်ဖူးတဲ့ ဆက်တင်ကို ကြိုးစားပမ်းကြားနဲ့ ပြသကြပါ၊ ကုန်ပေမယ့်လည်းကုန်ရကျိုး နပ်ကြမှာပါ။

ဟိုတုန်းကတော့ ဇာတ်တွေက အပြိုင်အဆိုင်လုပ်ကြတာ။ အခုနောက်ပိုင်းဆို ဆက်တင်ဆို သိပ်မသိကြတော့ဘူး။ ဇာတ်သဘင်က အတိုင်းအတာတစ်ခုအထိ တိုးတက်ဖို့လိုနေပြီ။ မီးသုံးတိုင်း ဇာတ်ကလို့မရပါဘူး။ ဆက်တင်ဟာ ဇာတ်အတွက်မရှိမဖြစ် လိုအပ်တယ်။ ဇာတ်သဘင်ဆက်တင်ကို ထူးထူးခြားခြားဖြစ်အောင် လုပ်ပါ။ ပရိသတ်တွေရဲ့အားပေးမှုတွေရလာမှာပါလို့ ပြောချင်ပါတယ်။