မီးလောင်ပြင်များကို ဖြတ်သန်းခြင်း(၂)

ငါးခူရကျေးရွာရှိ ရခိုင်၊ ဟိန္ဒူနှင့်မွတ်စလင်လူမျိုးများကိုတွေ့ရစဉ်။

(၂၂- ၁-၂၀၁၈ ရက်မှအဆက်)

မောင်တောမြို့တွင် တစ်ညတာတည်းခိုပြီး နောက်တစ်နေ့မနက်ပိုင်း (ဇန်နဝါရီ ၈ ရက်)တွင် ကျွန်တော်တို့ သတင်းမီဒီယာအဖွဲ့သည် ဘင်္ဂါလီအများစုနေထိုင်သည့် မောင်တောဒေသတောင်ပိုင်းသို့ ခရီးဆက်ခဲ့ကြသည်။

အကြမ်းဖက်ဖြစ်စဉ်များနှင့်အတူ လူသိများသည့် ငါးခူရကျေးရွာနှင့် တောင်ပြိုလက်ဝဲကျေးရွာများသို့ သွားရောက်သတင်းရယူရန် ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ဆက်လက်ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။

ပထမဆုံးအနေဖြင့် ကျီးကန်းပြင်ကျေးရွာရှိ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးသို့ ရောက်ရှိခဲ့ပြီး ယင်းစခန်းရှေ့တွင် သတင်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ စခန်းရှေ့တွင် ကျီးကန်းပြင်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲရှိသည်။

ငါးခူရကျေးရွာရှိ ရခိုင်၊ ဟိန္ဒူနှင့်မွတ်စလင်လူမျိုးများကိုတွေ့ရစဉ်။

အဆိုပါကျောင်းတွင် ပညာသင်ကြားကြသူများအနက် မွတ်စလင်ကျောင်းသားများမှာ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးမှုများကြောင့် ကျောင်းသားဦးရေလျော့နည်းသွားသော်လည်း အကြမ်းဖက်မှုဖြစ်စဉ်ကြောင့်တိမ်းရှောင်လာသည့် ရခိုင်တိုင်းရင်းသားများကို ပြန်လည်လက်ခံပြီး သင်ကြားပေးနေရသည်ဟု တာဝန်ကျကျောင်းဆရာတစ်ဦးက ပြောပြသည်။

ထိုမှတစ်ဆင့် ငါးခူရကျေးရွာသို့ ဆက်လက်ထွက်ခွာခဲ့ကြရာ လမ်းဘေးတစ်လျှောက်တွင် ဘင်္ဂါလီများနေထိုင်ရာ ကျေးရွာအများစုကို မြင်တွေ့ခဲ့ရပြီး မီးလောင်ထားသည့် ကျေးရွာများကိုလည်း ကြိုးကြားကြိုးကြားတွေ့နေရသည်။ လူနေထိုင်သည့်ကျေးရွာများရှိအိမ်များတွင် ကွမ်းသီးပင်ခွဲခြမ်းများဖြင့် ခြံစည်းရိုးကာရံထားကြသည်။

ထို့ပြင် အပင်ပေါက်နေပြီဖြစ်သည့် ရိတ်သိမ်းပြီးသား စပါးပုံများကိုလည်း လမ်းဘေးတစ်လျှောက် လယ်ကွင်းများကြားတွင် မြင်တွေ့နေရပြီး အသုံးပြုခြင်းမရှိတော့သည့် ငါးဖမ်းလှေအဟောင်းများ၊ လယ်ထွန်စက်အဟောင်းများကိုလည်း ရွာနီးနားတစ်ဝိုက်တွင် တွေ့ခဲ့ရသည်။

မောင်တောတောင်ပိုင်းဒေသတွင် ဘင်္ဂါလီကျေးရွာအများစုသာမြင်တွေ့ရပြီး ဟိန္ဒူကျေးရွာအနည်းငယ်နှင့် ရခိုင်ကျေးရွာအနည်းငယ်သာရှိသည်။

ယင်းဒေသမှာ ပင်လယ်ပြင်နှင့်တောင်ကုန်း၊ တောင်တန်းများကြားတွင် တည်ရှိနေသည့် ကျယ်ပြန့်သည့်မြေပြင်များကြောင့် စိုက်ပျိုးရေးလုပ်ကိုင်စားသောက်ရန် အထူးကောင်းမွန်သည့် နေရာဖြစ်သည်။

ကျီးကန်းပြင်ကျေးရွာရှိ အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲမှုအဖွဲ့မှူးရုံး။

ဒေသခံများ၏ ပြောကြားချက်အရ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များမှာ တောင်ကုန်းနှစ်ခုကြားလမ်းများတွင် ဖြစ်ပေါ်တတ်သည်ဆိုခြင်းကြောင့် တောင်ကုန်းနှစ်ခုကြားရောက်တိုင်း စိုးရိမ်စိတ်ဖြစ်မိသည်။ မောင်တောမြို့မှ ထွက်လာခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် ကြိမ်ချောင်းကျေးရွာအမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့စခန်းသို့ ရောက်ရှိခဲ့သည်။

လမ်းဆုံလမ်းခွနေရာအချို့၌ မြေပြင်ပေါ်တွင် အသီးအရွက်များ ခင်းကျင်းရောင်းချနေသည့် ဟိန္ဒူအမျိုးသမီးများကိုတွေ့ရပြီးအနီးနားတစ်ဝိုက်တွင်လည်း ဟိန္ဒူကလေးငယ်များ ဆော့ကစားနေကြသည်။

ငရုတ်သီးစိမ်းများရောင်းချနေသည့် ဟိန္ဒူအမျိုးသမီးတစ်ဦးကို မေးမြန်းကြည့်ရာ “ဒီရွာက ဟိန္ဒူရွာပေါ့။ အလုပ်အကိုင်ကတော့ ရခိုင်ရွာမှာ သွားပြီးအလုပ်လုပ်တယ်။ အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ ရေခပ်ရတယ်။ အဝတ်လျှော်ရတယ်။ တစ်နေ့ ကျပ် ၁၀၀၀ ပေးတယ်။ ဒီနေ့တော့ ငရုတ်သီးတွေသွားယူပြီးရောင်းနေတာ”ဟု လက်ရှိအနေအထားကိုပြောပြသည်။

ကြိမ်ချောင်းကျေးရွာတွင် ဈေးရောင်းနေသည့်ဟိန္ဒူအမျိုးသမီးများ။

ထို့ပြင် နိုင်ငံတကာသတင်းမီဒီယာများတွင် ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်မှုများရှိနေသည်ဆိုခြင်းကို အံ့ဩမိကြောင်းနှင့် ဘင်္ဂါလီများအနေဖြင့် အကြမ်းဖက်မှုများကိုသာလုပ်ဆောင်ကြောင်း ကြိမ်ချောင်းကျေးရွာဒေသခံ ဒေါ်သန်းသန်းခင်က ပြောပြသည်။

သတင်းမီဒီယာအဖွဲ့အနေဖြင့် ငါးခူရကျေးရွာနှင့် တောင်ပြိုလက်ဝဲကျေးရွာများသို့ သွားရောက်သတင်းရယူရန် ပြင်ဆင်ထားခြင်းဖြစ်သော်လည်း နယ်မြေလုံခြုံရေးအခြေအနေကြောင့်ဟုဆိုကာ သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူများက ငါးခူရကျေးရွာကိုသာ သွားရောက်ခွင့်ပြုခဲ့သည်။

ထို့ကြောင့် ကျွန်တော်တို့သတင်းမီဒီယာအဖွဲ့သည် ကြိမ်ချောင်းကျေးရွာတွင် နေ့လယ်စာ ထမင်းစားပြီး ငါးခူရကျေးရွာသို့ ခရီးဆက်ခဲ့ကြသည်။

ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူနှင့်မွတ်စလင်လူမျိုးများ စုပေါင်းနေထိုင်နေကြသည့် ငါးခူရကျေး ရွာကို မွန်းလွဲ ၁ နာရီကျော်တွင် ရောက်ရှိခဲ့သည်။ အဆိုပါကျေးရွာတွင် ရခိုင်တိုင်းရင်းသား ၁၆၀၊ မွတ်စလင် ၆၀၀ နှင့် ဟိန္ဒူ ၆၆၀ တို့ လက်ရှိနေထိုင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းကဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ထွက်ပြေးသူ မွတ်စလင်ဦးရေမှာ ၈၀၀၀ ကျော်ရှိကြောင်း ငါးခူရကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပြသည်။

မွတ်စလင်များ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးမှုများနှင့်ပတ်သက်ပြီး ငါးခူရကျေးရွာတွင်ကျန်ရှိနေသည့် မွတ်စလင်တစ်ဦးက ယခုကဲ့သို့ပြောပြသည်။ “ထွက်ပြေးသွားတဲ့သူတွေက အဓိကတော့ အာဆာအဖွဲ့ရဲ့ခြိမ်းခြောက်မှုပေါ့။ မထွက်ပြေးရင်တောင်မှ ထွက်ပြေးအောင် သူတို့လုပ်တယ်။ ဒီမှာကျန်နေတဲ့သူတွေကျတော့ သူတို့(အာဆာ) အာဘော်ကိုသိတယ်။ တချို့လူတွေက ကိုယ့်နိုင်ငံကိုဖယ်ပြီးတော့ တခြားနိုင်ငံကိုမသွားချင်ဘူး။ ကျွန်တော်က ဒီနိုင်ငံမှာမွေးတယ်။ ဒီနိုင်ငံမှာပဲသေမယ်။ ကျွန်တော့်ခံယူချက်က ဒီလိုပါ။ အစိုးရအနေနဲ့ ကျွန်တော်တို့ကိုလာပြီးတော့ ဒုက္ခပေးတာမရှိဘူး။ ကိုယ့်ဒုက္ခကိုယ်ရှာကြတာပဲရှိတယ်။ ဆေးဆေးဆေးဆေးနေတဲ့သူကို အစိုးရကဘာမှမလုပ်ဘူး” ဟုဆိုသည်။

ငါးခူရဘုန်းတော်ကြီးကျောင်းပိုင် အဆောက်အအုံတစ်ခုကိုတွေ့ရစဉ်။

လက်ရှိအခြေအနေတွင် ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူနှင့်မွတ်စလင်လူမျိုးမှာ အဆင်ပြေချောမွေ့စွာ ယှဉ်တွဲနေထိုင်နေကြကြောင်း ဒေသခံများကဆိုသည်။

“အခုလက်ရှိ ကျန်နေတဲ့သူတွေအားလုံးကတော့ အတူတူပါပဲ။ ဈေးလာရင်လည်းအတူတူ၊ လက်ဖက်ရည်ဆိုင်လည်း အတူတူပဲ။ ဘာမှပြဿနာမရှိဘူး”ဟု ငါးခူရကျေးရွာမှ မွတ်စလင်လူမျိုး မိုဟာမက်အီစွတ်က ပြောသည်။

ငါးခူရကျေးရွာတွင်နေထိုင်သည့် မွတ်စလင်အများစုမှာ နိုင်ငံသားကတ်မရှိဘဲ လျှောက်ထားဆဲသာဖြစ်ကြသည်။ “တချို့ဆိုလျှောက်ထားတာ သုံးနှစ်လောက်ရှိပြီ။ ဒီနေ့အထိမရသေးဘူး။ ကျွန်တော်တို့အားလုံးရဲ့ဆန္ဒက နိုင်ငံသားဖြစ်ရေးပါပဲ။ ကျွန်တော်တို့ကတော့ နိုင်ငံသားကတ်အမြန်ဆုံးရပြီး အေးအေးဆေးနေချင်ပါတယ်။ ဒါကကျွန်တော်တို့ရဲ့ဆန္ဒပါ။ ကျွန်တော်တို့နိုင်ငံသားဖြစ်ရင် စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးအဆင်ပြေဖို့အတွက်ပဲလိုလားတာပါ”ဟု မိုဟာမက်အီစွတ်က ပြောသည်။

ထို့ပြင် အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “အကြမ်းဖက်မှုဆိုတာ မကောင်းဘူးလို့မြင်တယ်။ နိုင်ငံတော်က ကိုယ့်နိုင်ငံရဲ့လုံခြုံရေးကိုကာကွယ်ရမယ်၊ စောင့်ရှောက်ရမယ်ပေါ့”ဟု ပြောသည်။

မောင်တောမြို့ရှိ ဒေသခံများက ရှင်းလင်းပြောကြားစဉ်။

ဘင်္ဂါလီအိမ်များ မီးရှို့မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းမီဒီယာအဖွဲ့များက မေးမြန်းကြရာ အဆိုပါမီးရှို့မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ကိုယ်တိုင်မမြင်တွေ့ရသောကြောင့် မည်သူရှို့သည်ကိုမသိကြောင်း ဒေသခံများက တညီတညွတ်တည်း ဖြေကြားကြသည်။

ငါးခူရကျေးရွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ထွက်ပြေးသူများ ပြန်လည်လက်ခံရေးစခန်းတစ်ခုကိုလည်း ဆောက်လုပ်နေပြီး တစ်ဖက်နိုင်ငံဘက်သို့ ထွက်ပြေးသူများ ပြန်လည်ဝင်ရောက်လာပါက ပဋိပက္ခများ ထပ်မံဖြစ်ပေါ်လာမည်ကို မလိုလားဘဲ တည်ငြိမ်အေးချမ်းစွာ ပြန်လည်နေထိုင်စေလိုကြောင်း ငါးခူရကျေးရွာရှိ ဒေသခံများက ပြောဆိုသည်။

အချိန်မှာ မွန်းလွဲ ၂ နာရီခန့်ရှိပြီဖြစ်သောကြောင့် ကျွန်တော်တို့ သတင်းမီဒီယာအဖွဲ့သည် မောင်တောမြို့ပေါ်သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

ညနေပိုင်းတွင် မောင်တောမြို့ပေါ်ရှိ မြို့မကျောင်းတိုက်တွင် မောင်တောဒေသခံများနှင့် သတင်းမီဒီယာများတွေ့ဆုံပြီး လတ်တလောကြုံတွေ့ခံစားနေရသည့် ဒေသခံများ၏ သဘောထားအမြင်များကို သိရှိခွင့်ရခဲ့သည်။

မောင်တောဒေသခံများ၏ ပြောစကားအရ နောက်တစ်ကြိမ် ပဋိပက္ခများထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း ထင်မြင်ချက်ပေးကြပြီး အစိုးရအနေဖြင့် လုံခြုံရေးပိုင်းကို စနစ်တကျလုပ်ဆောင်သင့်ကြောင်း အကြံပြုပြောကြားကြသည်။

“ပြဿနာထပ်ဖြစ်လာမှာတော့ မလွဲပါဘူး။ မြေကြီးသာလက်ခတ်လွဲရင် လွဲမယ်။ ဘာလို့လဲဆိုရင် ပထမဆုံးဖြစ်တဲ့အခါတုန်းက သူတို့က မူဂျာဟစ်တဲ့။ အခုကျတော့ မဟုတ်တော့ပြန်ဘူး၊ အာဆာတဲ့။ အခုဖြစ်သွားတဲ့ ကျီးကန်းပြင်ဌာနချုပ်ကို ဝိုင်းပြီးတိုက်ကြတုန်းက ပတ်ပတ်လည်ရွာက ကလေးရောမိန်းမတွေပါမကျန် အကုန်ပါတယ်။ ထိုနည်းလည်းကောင်းပဲ၊ အခုဖြစ်သွားတဲ့စခန်း ၃၀ ကို ဝိုင်းတိုက်ကြတုန်းကလည်း ပတ်ဝန်းကျင်က မိန်းမရော ကလေးရောပါတယ်။ ဒါပေမဲ့ ဘယ်သူတွေလို့တော့ လက်ညှိုးထိုးမပြောနိုင်ဘူးပေါ့။ ဘာလို့လဲဆို ညလည်းဖြစ်ပြန်တော့ မမှတ်မိနိုင်ဘူး”ဟု မောင်တောမြို့ဒေသခံ ဦးအောင်ကျော်ညွန့်က ပြောသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ထွက်ပြေးဘင်္ဂါလီများ ပြန်လည်လက်ခံရာတွင် သေသေချာချာစိစစ်ပြီးမှ စနစ်တကျလက်ခံသင့်ကြောင်း ဒေသခံများက အကြံပြုကြသည်။

“အဲဒီတော့ သူတို့ပြန်ဝင်လာရင် သေချာပေါက်ကိုထပ်ဖြစ်ဦးမှာ။ မဝင်လာသေးတာတောင် ဖြစ်နေတာ။ ပြန်ဝင်လာရင်တော့ ပိုပြီးဆိုးသွားနိုင်ခြေရှိတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ သေသေချာချာစိစစ်ပြီးမှ ပြန်လက်ခံသင့်တယ်”ဟု မောင် တောဒေသခံဦးအောင်ကျော်ညွန့်က အကြံပြုသည်။

မောင်တောဒေသတွင် ပဋိပက္ခများမကြာခဏဖြစ်ပွားသည့်အတွက် ရခိုင်တိုင်းရင်းသားများမှာ ဒေသအတွင်းနေထိုင်ခြင်းမရှိဘဲ ပြည်ပနိုင်ငံများနှင့် ရန်ကုန်မြို့အပါအဝင် အခြားနယ်မြို့များသို့ ပြောင်းရွှေ့မှုများရှိနေခြင်းကြောင့် မကြာမီကာလတွင် မောင်တောဒေသ၌ ရခိုင်တိုင်းရင်းသားများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်မိကြောင်း ဒေသခံများက ပြောဆိုကြသည်။

မောင်တောခရိုင်အတွင်း ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုမဖြစ်မီကာလတွင် ဘင်္ဂါလီလူဦးရေ (၇၃၀၀၀၀)ကျော် နေထိုင်ခဲ့ပြီး ရခိုင်တိုင်းရင်းသားဦးရေမှာ(၈၄၀၀၀)ကျော်သာ နေထိုင်လျက်ရှိကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာရင်းများအရ မောင်တောခရိုင်အတွင်း ရခိုင်တိုင်းရင်းသားများနေထိုင်မှုမှာ ၁၁ ရာခိုင်နှုန်းကျော်သာရှိပြီး ဘင်္ဂါလီဦးရေမှာ ၈၈ ရာခိုင်နှုန်းကျော် နေထိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လူနည်းစုဖြစ်နေသည့် ရခိုင်တိုင်းရင်းသားများအနေဖြင့် ပဋိပက္ခများဖြစ်မည်ဆိုသည့် ကောလာဟလသတင်းများကြားသည်နှင့် နေရပ်စွန့်ခွာထွက်ပြေးကြခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“ဒီမှာရှိတဲ့ တချို့ဒေသခံရခိုင်တွေက ကောလာဟလသတင်းတွေ ယုံလွယ်ကြတယ်။ တချို့ပိုက်ဆံတတ်နိုင်သူတွေဆိုရင် ရန်ကုန်အပါဝင် တခြားမြို့တွေမှာ မြေကွက်ဝယ်ယူထားတာရှိတယ်။ ဒါကြောင့် အခြေချနေထိုင်တဲ့ ရခိုင်တွေနည်းလာတာလည်းပါတယ်။ ဒီလိုမျိုး ကောလဟာလတွေကို မယုံကြည်အောင် တာဝန်ရှိသူတွေကလည်း သတင်းစကားပေးဖို့လိုတယ်”ဟု မောင်တောမြို့ ဒေသခံတစ်ဦးကပြောသည်။

ထို့ကြောင့် အစိုးရအနေဖြင့် မောင်တောဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် ရခိုင်တိုင်းရင်းသားများ အခြေချနေထိုင်နိုင်ရန်အတွက် ဆောင်ရွက်ပေးသင့်ကြောင်း ဒေသခံများက အကြံပြုပြောကြားကြသည်။

ရခိုင်ပြည်နယ် မောင်တောဒေသသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏အစီ အစဉ်ဖြင့် သွားရောက်သတင်းရယူခဲ့သည့် ဇန်နဝါရီ ၇ ရက် နှင့် ၈ ရက်တို့တွင် ဒေသခံရခိုင်တိုင်းရင်းသားများ၊ မြိုလူမျိုးများ၊ ဟိန္ဒူနှင့် မွတ်စလင်လူမျိုးများကို တွေ့ဆုံခွင့်ရရှိခဲ့ပြီး အဆိုပါဒေသတွင် လက်ရှိနေထိုင်သူများအနေဖြင့် ပဋိပက္ခများထပ်မံဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြပြီး တည်ငြိမ်အေးချမ်းစွာနေထိုင်ခွင့်ရရေးကိုသာ မျှော်လင့်နေကြသည်ကို လေ့လာခွင့်ရခဲ့ပါသည်။

စိုးမင်းအောင်