လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲတွင် ပြိုင်ဘက်မာချာဒိုကို သုံးချီအတွင်း အလဲထိုးမည်ဟု အောင်လအင်န်ဆန်း ကြုံးဝါး

ရန်ကုန်၊ ဖေဖော်ဝါရီ-၁

ဖေဖော်ဝါရီလအတွင်း ထိုးသတ်ရမည့် MMA လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲတွင် ပြိုင်ဘက်ဘရားဇီးနိုင်ငံသား အလက်ဇန္ဒားမာချာဒိုကို သုံးချီအတွင်း အလဲထိုးနိုင်မည်ဟု ယုံကြည်ကြောင်း အောင်လအင်န်ဆန်းက ပြောဆိုသည်။

‘ကျွန်တော့်ရဲ့ တိုက်ခိုက်မှုကို မာချာဒိုငါးချီအထိ ခံနိုင်မယ် မထင်ပါဘူး။ သုံးချီအတွင်း အလဲထိုးနိုင်မယ်လို့ ယုံကြည်တယ်။ မာချာဒိုက ဂျူဂျစ်ဆုအရမ်းကောင်းတဲ့အတွက် ချုပ်ကွက်နဲ့နိုင်ဖို့ မမျှော်မှန်းထားဘူး။ Stand Fight နည်းနဲ့နိုင်ဖို့ နည်းပြတွေနဲ့လည်း ပြိုင်ပွဲပုံစံ လေ့ကျင့်ထားပါတယ်’ဟု အောင်လအင်န်ဆန်းက ပြောဆိုသည်။ အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားရုံ (၁)သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံအောင်လအင်န်ဆန်းနှင့် ဘရားဇီးနိုင်ငံသား အလက် ဇန္ဒားမာချာဒိုတို့ ထိုးသတ်မည်ဖြစ်သည်။

-Ads-
-Ads-

မာချာဒိုသည် ဂျူဂျစ်ဆုတိုက်ခိုက်နည်းတွင် ခါးပတ်နက်ရရှိထားသည့် MMA ကစားသမားဖြစ်ပြီး ၂၀၁၆ ခုနှစ် နောက်ဆုံးပွဲတွင် အောင်လအင်န်ဆန်းနှင့် ထိုးသတ်ဖူးသည့် ဂါလာနီကို ဒုတိယ အချီအတွင်း အနိုင်ရရှိထားသည်။ MMA လိုက်ဟဲဗီးဝိတ် တန်းကမ္ဘာ့ချန်ပီယံဆုကို မူလက အသက်(၃၆)နှစ်ရှိ ဘရားဇီး နိုင်ငံသား ရော်ဂျာကရေ့စ်က ရရှိထား သော်လည်း လက်ရှိတွင် အသက်အရွယ်ကြောင့် MMA ကစားသမားဘ၀မှ အနားယူခဲ့သည်။

ထို့ကြောင့် လစ်လပ်နေသည့် MMA လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် အောင်လအင်န်ဆန်းနှင့် အလက်ဇန္ဒား မာချာဒိုတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အောင်လအင်န်ဆန်းသည် လက်ရှိတွင် MMA မစ်ဒယ် ၀ိတ်တန်းချန်ပီယံခါးပတ် ရရှိထားသဖြင့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ် ထပ်မံရရှိခဲ့ပါက ချန်ပီယံခါးပတ်နှစ်ခုရရှိသည့် MMA ကစားသမားဖြစ်လာ မည်ဖြစ်သည်။ မာချာဒိုသည် MMA ပြိုင်ပွဲတစ်လျှောက် ၁၀ ပွဲကစား၊ ရှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးထားပြီး အောင်လအင်န်ဆန်းက MMA ပြိုင်ပွဲတစ်လျှောက် ၃၁ ပွဲယှဉ်ပြိုင်ထားပြီး ၂၁ ပွဲနိုင်၊ ၁၀ ပွဲရှုံးနိမ့်ထားသည်။

-Ads-
-Ads-