ရွှေမင်းသမီးနှင့်လူလိမ် ရုပ်သံဇာတ်လမ်းတွဲ မတ် ၂၃ရက်တွင် စတင်ထုတ်လွှင့်ပြသသွားမည်

ဓာတ်ပုံ - ယဉ်မျိုးသူ

ရန်ကုန်၊ ဖေဖော်ဝါရီ-၂

ရွှေမင်းသမီးနှင့်လူလိမ်ရုပ်သံဇာတ်လမ်းတွဲကို မတ် ၂၃ ရက်တွင် စတင်၍မြ၀တီရုပ်မြင်သံကြား MWD Documentary မှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါရုပ်သံဇာတ်လမ်းတွဲထုတ်လွှင့်ပြသမည့်အကြောင်းနှင့်ပတ်သက်၍ ဖဖော်ဝါရီ ၁ရက် မွန်းလွဲ ၂နာရီက Royal၊ ဟိုတယ်၌ ပြုလုပ်သော မီဒီယာမိတ်ဆက်ပွဲတွင် ဖော်ပြပါရုပ်သံဇာတ်လမ်းတွဲ၏ ဒါရိုက်တာချိုဝတ်ရည်က ပြောဆိုသည်။

“ကျွန်မက ဒီရုပ်သံဇာတ်လမ်းတွဲကို Japanese Drama ဇာတ်လမ်းတွဲလိုမျိုး ပေါ့ပေါ့ပါးပါးလေး ဖန်တီးပုံဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာပါတဲ့ ဇာတ်ကောင်တွေကို သရုပ်ဆောင်အဖြစ်တွဲမမြင်တော့ဘဲ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေအဖြစ်မြင်လာအောင် အထူးပုံဖော်ရိုက်ကူးထားပါတယ်။ ပရိသတ်ကို အတင်းကလိထိုးရယ်မောခိုင်းတာမျိုး လုံးဝမဟုတ်ဘဲ ဇာတ်လမ်း၊ ဇာတ်ကောင် ကာရိုက်တာကြောင့် ရယ်မောရမယ့် ဇာတ်လမ်းတွဲမျိုးပဲဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ပထမဆုံးဒါရိုက်တာအဖြစ် ပုံဖော်ထားတဲ့ ဇာတ်လမ်းတွဲလေးကို ပရိတ်သတ်တွေ ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်။ အားပေးကြပါဦး”ဟု ၎င်းက ပြောဆိုသည်။ အကယ်ဒမီယွန်းယွန်းကလည်း ပရိသတ်များကို “မနေ့ကဖြစ်သည်”ရုပ်သံဇာတ်လမ်းတွဲတွင် သူမအနေဖြင့် စိတ္တဇဆန်ဆန်ဇာတ်ကောင်အဖြစ်သရုပ်ဆောင်ခဲ့ရပြီး ယခု ရွှေမင်းသမီးနှင့်လူလိမ် အချစ်ဟာသဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း ပြောဆိုသည်။

-Ads-
-Ads-

ပထမဆုံးဒါရိုက်တာအဖြစ် ခြေလှမ်းစတင်လာသည့် ချိုဝတ်ရည်သည် ၀တ္ထုဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ရွှေမင်းသမီးနှင့်လူလိမ်ရုပ်သံဇာတ်လမ်းတွဲမှာ အချစ်ဟာသဇာတ်လမ်းမျိုးဖြစ်ပြီး အပိုင်း ၂၄ ပိုင်းပါဝင်ကာ အချိန်သုံးလခန့် ကြာမြင့်မည်ဖြစ်ကြောင်းသိရပြီး ထိုရုပ်သံဇာတ်လမ်းတွဲတွင် ဇေယျ၊ အကယ်ဒမီယွန်းယွန်း၊ ရဲမွန်နှင့် သရုပ်ဆောင်သစ်များပါဝင်ကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့ ပရိသတ်နဲ့ အဆက်အသွယ်ပြတ်တာ သုံး၊ လေးနှစ်လောက်ရှိပြီ။ Presenter အဖြစ်နဲ့ပဲ ပရိသတ်တွေမြင်တွေ့နေရတယ်။ အခုတော့ ဒီရုပ်သံဇာတ်လမ်းတွဲမှာ လူလိမ်ကာရိုက်တာအဖြစ်နဲ့ ပရိသတ်တွေ မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းက ပျော်ဖို့ကောင်းတဲ့ အချစ်ဟာသဇာတ်လမ်းလေးပါ။ အားပေးကြပါဦး”ဟု သရုပ်ဆောင်ဇေယျက ပြောဆိုသည်။

-Ads-
-Ads-