နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်ကုပညာဌာန၊ ဆေးတက္ကသိုလ်(၁)မှ ဒေါက်တာမောင်မောင်ခိုင်နှင့်တွေ့ဆုံခြင်း

ဆေးလိပ်၊ အရက်အပါအဝင် လိင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားနိုင်သည့် လည်ချောင်းကင်ဆာအကြောင်း

လူ့ပတ်ဝန်းကျင်၏ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံများ ပြောင်းလဲခေတ်မီလာသည်နှင့်အမျှ လူ့ခန္ဓာကိုယ်တွင် အမျိုးမျိုးသော ကင်ဆာရောဂါများဖြစ်ပေါ်လာကြသည်။ အမျိုးမျိုးသော ကင်ဆာရောဂါများထဲတွင် လည်ချောင်းကင်ဆာဖြစ်ပွားမှုသည်လည်း များလာသည်ဟု သိရှိရသည်။

လည်ချောင်းကင်ဆာရောဂါကို ဖြစ်စေသောအကြောင်းရင်းများ၌ လိင်မှတစ်ဆင့်ကူးစက်ပြီး ဖြစ်ပွားသည့် လည်ချောင်းကင်ဆာသည်လည်း သတိထားစရာဖြစ်လာသည်။ သို့ဖြစ်၍ လည်ချောင်းကင်ဆာနှင့်ပတ်သက်၍ ဖြစ်ပွားသည့်အကြောင်းရင်းများကို နား၊ နှာချောင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်ကုပညာဌာန၊ ဆေးတက္ကသိုလ်(၁)ဒေါက်တာမောင်မောင်ခိုင်နှင့် တွေ့ဆုံမေးမြန်းမှုများကို စံတော်ချိန်က ဖော်ပြလိုက်ပါသည် –

-Ads-
-Ads-

မေး – လည်ချောင်းကင်ဆာဖြစ်ပွားမှုအခြေအနေကို သိပါရစေ။

ဖြေ – လည်ချောင်းကင်ဆာဟာ အဖြစ်များလာတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းရောဂါများထဲမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်ခုဖြစ်လာပါတယ်။ ရန်ကုန်က နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံမှာ တစ်နှစ်ကို အယောက် ၁၀၀ ကနေ ၁၅၀ ကြားကိုရှိပါတယ်။ ဆရာတို့ရဲ့ ဦးခေါင်းနဲ့လည်ချောင်းဆေးရုံမှာပင် အဖြစ်များတာကို တွေ့ရပါတယ်။

မေး – ဟုတ်ကဲ့ပါ ဆရာ။ လည်ချောင်းကင်ဆာက ဘယ်လိုလူမျိုးတွေမှာ အဖြစ်များတာ တွေ့ရပါသလဲ။

ဖြေ – နံပါတ်(၁)အဖြစ်များတဲ့သူတွေက ဆေးလိပ်သောက်သုံးသူများဖြစ်ပါတယ်။ အရက်သောက်သုံးသူတွေမှာလည်း အဖြစ်များတာကိုတွေ့ရပါတယ်။ ဒါကြောင့် အမျိုးသားတွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။ အသက်အရွယ်အားဖြင့် အသက်က (၅၀)နဲ့(၆၀)အရွယ်များမှာအဖြစ်များတာကို တွေ့ရပါတယ်။

အရွယ်ငယ်တဲ့သူတွေမှာလည်း လည်ချောင်းကင်ဆာဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အသက်ကြီးတဲ့သူတွေလောက်တော့မများဘူး။ ဆေးရုံမှာအသက်(၂၅) နှစ်နဲ့ အသက်(၃၀) အရွယ်တွေမှာလည်း လည်ချောင်းကင်ဆာဖြစ်တာတွေ့ရတယ်။ ကလေးတွေမှာ လည်ချောင်းကင်ဆာဖြစ်ဖို့ ခဲယဉ်းပါတယ်။

မေး – ဘယ်လိုအခြေအနေမျိုးတွေကြောင့် လည်ချောင်းကင်ဆာ ဖြစ်စေပါသလဲ။

ဖြေ – တခြားကတော့ ကင်ဆာရယ်။ Virus Infection တွေကြောင့်ဖြစ်တာဖြစ်ပါတယ်။ Human Papilloma Virus ကြောင့်ဖြစ်တတ်တဲ့ လည်ချောင်းကင်ဆာလည်းရှိပါတယ်။ ဒီဗိုင်းရပ်စ်အမျိုးအစားကတော့ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့အမျိုးအစားချင်းတော့တူတယ်။ အမျိုးကွဲ ခြင်းမတူဘူး။ နံပါတ်တွေတော့ကွာတယ်။ ခေါင်းစဉ်ကြီး Human Papilloma Virus ကတော့တူတယ်။ နောက်မှာဖြစ်တဲ့ နံပါတ်စဉ်တွေလိုပဲ ကွာတာဖြစ်တယ်။

လည်ချောင်းကင်ဆာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုကလည်း လိင်မှတစ်ဆင့်ကူးစက်ခြင်းဖြစ်ပါတယ်။ အမျိုးသမီးမှာဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်အတွက်ကတော့ ကာကွယ်ဆေးရှိတယ်။ လည်ပင်းကျတော့ ဒီလိုမျိုးကာကွယ်ဆေးမရှိသေးဘူး။

မေး – လိင်ကနေတစ်ဆင့် ကူးစက်တာဆိုတော့ ဘယ်လိုမျိုးပါလဲဆရာ။

ဖြေ – သူကလည်း လိင်ကနေတစ်ဆင့် Human Papilloma Virus တွေကြောင့် ဖြစ်တတ်တယ်။ ကူးစက်တာကတော့ ထုံးစံအတိုင်းပဲပေါ့။ ပါးစပ်နဲ့လိင်ဆက်ဆံခြင်းစတဲ့ သဘာဝလွန်လိင်ဆက်ဆံမှုတွေကို အသုံးပြုခြင်းကြောင့်ဖြစ်စေတတ်ပါတယ်။ သူများနိုင်ငံမှာတော့ International Research တွေလုပ်ကြတယ်။ ဒီနိုင်ငံ ဆေးရုံတွေမှာတော့ အကြောင်းရင်းကို စစ်ဆေးစမ်းသပ်တာမျိုးမရှိဘူးလို့ ပြောချင်တယ်။ ပိုက်ဆံလည်း မသုံးနိုင်ကြဘူး။ လိင်ကနေတစ်ဆင့်ကူးစက်တဲ့ လည်ချောင်းကင်ဆာကို မြန်မာပြည်အနေနဲ့တော့ Research မလုပ်ထားဘူး။

မေး – လည်ချောင်းကင်ဆာဖြစ်ပြီဆိုရင် ဘယ်လိုလက္ခဏာမျိုးတွေ ဖြစ်ပေါ်ပါသလဲ။

ဖြေ – လည်ချောင်းမှာ အပိုင်းသုံးပိုင်းရှိပါတယ်။ အသံအိုး Vocal Cord ရှိတယ်။ သူ့ရဲ့အပေါ်ပိုင်းကို Supragludtic လို့ခေါ်တယ်။ သူ့ရဲ့အောက်ပိုင်း Subgludtic လို့ခေါ်တယ်။ သုံးပိုင်းခွဲထားတယ်။ ဒီအပေါ်မှာမူတည်ပြီးလာတဲ့ လက္ခဏာတွေလည်း မတူပါဘူး။

အသံအိုး Vocal Cord မှာဖြစ်တဲ့ ကင်ဆာကျတော့ လက္ခဏာက အသံဝင်လာတယ်။ နံပါတ် ၂ – အသံအိုးရဲ့အပေါ်မှာဖြစ်တဲ့ Supragludtic မှာဖြစ်ရင် မျိုချတဲ့အခါမှာနာတယ်။ နောက်တစ်ခါ လည်ပင်းအကျိတ်ထွက်လာတဲ့ လက္ခဏာဖြစ်တယ်။ နောက်တစ်ခါ အသံအိုး Vocal Cord အောက် Subgludtic ဖြစ်တဲ့ လက္ခဏာကတော့ အသက်ရှူကျပ်ခြင်းပုံစံနဲ့လာပါတယ်။ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး လက္ခဏာပေါ်လာခြင်းဖြစ်ပါတယ်။ လည်ပင်းအကျိတ်ကို အကြမ်းဖျင်းတော့ အပိုင်းတွေ ခွဲထားတယ်။ Level တွေက ၁၊ ၃၊ ၄ ရှိပါတယ်။

လည်ပင်းရဲ့ဘေးဘက်တွေမှာ အကျိတ်တွေ ထွက်လာမယ်ဆိုရင် မပေါ့ပါနဲ့။ နားလည်တဲ့ဆရာဝန်တွေကို ပြရမယ်။ ဘယ်လိုအကျိတ်မျိုးလဲ။ Infection ကြောင့်ဖြစ်တဲ့ အကျိတ်လား။ ကင်ဆာကြောင့်ဖြစ်တဲ့ အကျိတ်လားဆိုတာ စောစောစီးစီးပြရင် ပိုကောင်းပါတယ်။ ရှာပြီးတော့ကုရင် ပိုကောင်းတယ်။ အသက်အရွယ်ကလည်းအဖြစ်များတဲ့အရွယ်။ ယောင်္ကျားလည်းဖြစ်တယ်ဆိုရင် စောစောစီးစီး စမ်းသပ်သင့်တယ်။

မေး – Human Papilloma ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လည်ပင်းကင်ဆာက ဘယ်အရွယ်မှာဖြစ်တာမျိုး တွေ့ရတတ်ပါသလဲ။

ဖြေ – များသောအားဖြင့် အသက်အရွယ် ၃၀ ၊ ၄၀၊ ၅၀ ဒီအရွယ်တွေမှာ ဖြစ်တာများပါတယ်။

မေး – ပြည်သူလူထုက ဆေးလိပ်၊ အရက်ကြောင့်ဖြစ်တာကိုတော့ လူတော်တော်များများသိနေကြတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းကိုရော ဘယ်လိုမျိုး ရှောင်ကြဉ်ရပါမလဲ။

ဖြေ – ကျွန်တော်တို့နိုင်ငံအနေနဲ့ လိင်ပညာပေးကို အသက်အရွယ်ငယ်စဉ်မှာကတည်းက ကျောင်းသင်ခန်းစာထဲမှာထည့်ပြီး သင်ကြားပေးရင် ကောင်းလိမ့်ထင်ပါတယ်။ သို့သော် မြန်မာနိုင်ငံက ဘာသာရေးလည်းရှိတယ်။ ယဉ်ကျေးမှုလည်းရှိတယ်။ သင်ပုံသင်နည်းကတော့ သူများနိုင်ငံလို ကူးချလို့တော့ မရဘူးပေါ့။

မေး – လည်ချောင်းကင်ဆာက စတင်ဖြစ်ပွားချိန်မှစပြီး ဘယ်လောက်အကြာမှာ ပေါ်ပေါက်လာပါသလဲ။

ဖြေ – ဥပမာ – အသံအိုးမှာဖြစ်ပြီဆိုရင် အနာဖြစ်ပြီဆိုကတည်းက ပုံမှန်အသံမဟုတ်တော့ဘူး။ လူတချို့က အသံနာတယ်လို့ပဲ သတိထားမိကြတယ်။ အော်လိုက်လို့၊ စကားများများပြောလို့၊ ရေခဲရေသောက်လို့၊ ဘာမဟုတ်တဲ့ နှာစေးချောင်းဆိုးဖြစ်လို့ နာတာပဲဆိုပြီး ထင်တတ်ကြတယ်။

သတိထားသင့်တာက ပုံမှန်အသံမဟုတ်တော့ဘဲ တစ်ပတ်ထက်ကျော်သွားပြီဆိုရင် သတိထားဖို့ကောင်းတယ်။ ရိုးရိုးအအေးမိတာတို့၊ အော်မိလိုက်တာတို့ကြောင့်ဆိုရင် တစ်ပတ်လောက်နေရင် ပြန်ကောင်းသွားမှာပါ။ အနာကြောင့်ဖြစ်တယ်ဆိုရင်တော့ မကောင်းနိုင်ပါဘူး။ တစ်ပတ်ကျော်ကြာသွားရင် နည်းနည်းသတိထားဖို့ကောင်းပြီ။

မေး – ရောဂါစဖြစ်ပြီးဆိုတာနဲ့ လည်ပင်းမှာ အကျိတ်ပေါ်လာတာလား။

ဖြေ – ဖြစ်တဲ့နေရာပေါ်မူတည်ပြီး အသံအိုးမှာဖြစ်တာမျိုးဆိုရင် အသံပြောင်းတာကနေ စပြီးဖြစ်တယ်။ သူ့ရဲ့အပေါ်ပိုင်း Supragludtic မှာဖြစ်ရင်တော့ တစ်နေမယ်၊ နင်နေမယ်။ တစ်ခုခု ခုနေသလို မရှင်းဘူး။ ဒါပေမဲ့ လူတွေက သတိမထားမိတော့ သိပ်မသိသာဘူး။ ဘယ်အချိန်ကျမှ သတိထားမိသလဲဆိုတော့ လည်ပင်းမှာ အကျိတ်ပေါ်လာမှ သတိထားမိလာတယ်။ ဆပ်ပြာတိုက်ရင်းနဲ့ လည်ပင်းပွတ်မိရင်းကမှစသဖြင့် အကျိတ်ပေါ်လာမှ သတိထားမိတာဖြစ်တယ်။

မေး – ယနေ့ခေတ် စားသောက်မှုပုံစံကလည်း လည်ချောင်းကင်ဆာကို ဖြစ်စေပါသလား။

ဖြေ – အစားအသောက်အနေအထိုင် ပြောင်းလဲလာခြင်းကိုပြောရမယ်ဆိုရင် ဆိုးဆေးတွေပါတဲ့ အစားအစာတွေကြောင့်ဖြစ်လာပါတယ်။ ဆိုးဆေးကလည်း ကင်ဆာဖြစ်စေတဲ့အကြောင်းအရင်းထဲမှာပါတယ်။ ဘယ်လောက်အတိုင်းအတာအထိပါသလဲဆိုတာ လေ့လာမထား၊ သုတေသန မလုပ်ထားတဲ့အတွက် မပြောနိုင်ဘူး။

မေး – လည်ချောင်းကင်ဆာဖြစ်ပွားမှုနှုန်း များလာတယ်ဆိုတော့ ဘယ်လိုကာကွယ်နေထိုင်ရမလဲ။

ဖြေ – ဆေးလိပ်သောက်တဲ့သူ ဆေးလိပ်ဖြတ်လိုက်ပါ။ အရက်သောက်တဲ့သူအရက်ဖြတ်ပါ။ ဒါတွေကတော့ အဓိကအကြောင်းအရာဖြစ်ပါတယ်။ Virus Infection မဖြစ်အောင် လိင်ပညာပေးကျန်းမာရေးတော့ ရှိဖို့လိုတယ်။

အာဟာရပြည့်ဝမယ့် အစားအစာတွေကို စားမယ်။ ဆိုးဆေးတွေပါမယ့်အစားအစာကို မစားဘူး။ ဒါတွေကိုကာကွယ်မယ်။ သင့်လျော်တဲ့ ကျန်းမာရေးလေ့ကျင့်ခန်းတွေကိုလုပ်မယ်။ လွယ်လွယ်ကူကူနဲ့လုပ်လို့ရတဲ့ လေ့ကျင့်ခန်းမျိုးကို မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် ကာကွယ်ပြီးသားဖြစ်မှာပါ။

မေး – ကွမ်းယာစားခြင်းကြောင့်ရော လည်ချောင်းကင်ဆာဖြစ်ပွားနိုင်ပါသလား။

ဖြေ – ကွမ်းယာထဲမှာထည့်တဲ့ဆေးရွက်ကြီးက အဓိကလို့ထင်ပါတယ်။ သူ့ကြောင့်ဖြစ်တာက ပါးစောင်ကင်ဆာ၊ ပါးစပ်ကင်ဆာ၊ အစာရေမျိုကင်ဆာမျိုးတို့ကို ဖြစ်စေတာများပါတယ်။ မဖြစ်ဘူးလို့ ပြောတာမဟုတ်ဘူး။ အဓိကဖြစ်တာတွေသည် ပါးစပ်ထဲမှာနဲ့ အစာရေပြွန်မှာဖြစ်တဲ့ကင်ဆာတွေက ကွမ်းယာစားခြင်းကြောင့် ပိုအဖြစ်များတယ်။

မေး – လည်ချောင်းကင်ဆာဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘယ်လိုများဖြည့်စွက်ပြောကြားချင်ပါသလဲ။

ဖြေ – အသံဝင်တဲ့နေရာမှာ အအေးမိ၊ နှာဆေး၊ ချောင်းဆိုး၊ ဖျားနာလို့လည်း ဖြစ်နိုင်တဲ့အတွက် တစ်ပတ်၊ ၁၀ ရက်တော့ စောင့်ကြည့်ရမယ်။ ဖြစ်ပွားချိန်ပိုကြာလာရင်၊ လည်ပင်းမှာပြသပြီး ကုသမှုခံယူရင် လူ့သက်တမ်းစေ့နေနိုင်သွားမှာ ဖြစ်ပါတယ်။

-Ads-
-Ads-