နန်းတော်ရှေ့ဆရာတင်၏ ဝါဒသီချင်းများထဲမှ ကျေးရွာဝါဒ

“နန်းတော်ရှေ့ဆရာတင်” ဟုဆိုလျှင် အနုပညာဝင်စားသူအားလုံးက စွယ်စုံအနုပညာရှင်အဖြစ် ရှုမြင်လက်ခံကြသည်။ စာပေ၊ ဂီတ၊ ဇာတ်သဘင်စသည့် အနုပညာရပ်ဝန်းများ၌ စံပြုရသည့်ပညာရှင်ကြီးလည်းဖြစ်သည်။ ယနေ့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ဇာတ် သဘင်လောက၌ ကျင်လည်ကျက်စားနေကြသူတိုင်းသည် နန်းတော်ရှေ့ဆရာတင်၏ ကျေးဇူးတရားနှင့် မကင်းကြ။

ဆရာတင်၏ တရား၊ ဓမ္မ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ တေး သီချင်းများသည် သူဖြတ်သန်းရာ၊ သူ့ခေတ်သူ့အခါကို သူကျွမ်းကျင်ရာအနုပညာဖြင့် သူရှုမြင်တတ်သလို ကမ္ပည်းရေးထိုးခဲ့ခြင်းဖြစ်သည်။ ဥပမာ-ဓမ္မစကြာ၊ ပဉ္စင်းအမ၊ သိကြားသာသနာ၊ အံတော်ကြိုး၊ အောင်နိမိတ်၊ သီတာရတနာ၊ စံဖဲ၊ ဆင်ကြီးဂဠုန်ချီ၊ ဒုတိယ ပြည်ရွှေဘို၊ ပုလိပ်နဲ့သပိတ်၊ ဖက်ဆစ်သရုပ်၊ ဗိုလ်ချုပ်အလွမ်း၊ ဝံသာနု၊ ပဉ္စသိင်္ခ၊ မင်းဂံဘုတ်၊ မင်းကွန်းခေါင်းလောင်း၊ မြန်မာ့ဂုဏ်ရည်၊ စစ်ကိုင်းတံတား၊ လက်ရည် တစ်ပြင်တည်း၊ သုံးရွေ့လည်၊ အောင်ပင်လယ်၊ သိန်းထီဆုကြီး….စသည့် သီချင်းများ။

ထိုမျှမက ဆရာတင်သည် လက်ရှိသူရောက်ရှိနေသော ခေတ်ကာလ၏ ပကတိ အခြေအနေပေါ်တွင်အခြေပြု၍ လာမည့် ၁၀ စုနှစ်များအတွင်း ပြောင်းလဲဖြစ်ပေါ်လာ နိုင်သည့် ဖြစ်ပေါ်တိုးတက်မှုများအတွက် ဂီတအလင်္ကာများဖြင့် ကြိုတင် နိမိတ်ဖတ်နိုင် စွမ်းရှိသူလည်း ဖြစ်ပြန်သည်။ ဥပမာ-“ကျေးရွာဝါဒ၊သူဌေးဝါဒ၊ အရမ်းသုံးဝါဒ၊ ဗမာ့ဝါဒ” သီချင်းများဖြစ်သည်။ (“ကျွန်တော့်ဝါဒ} ဟူသော သီချင်းတစ်ပုဒ် ရှိသေးသော်လည်း အချို့ က ထိုသီချင်းကို “လူကုမ္ပဏီ” သီချင်းဟု အမည်ပေးထားကြသည်။)

-Ads-
-Ads-

နန်းတော်ရှေ့ဆရာတင်ရေးဖွဲ့ခဲ့သည့် ပုဒ်ရေ ထောင်နှင့်ချီသော သီချင်းများကို လေ့လာကြည့်လျှင် သူ၏ “ပုဂ္ဂလအတ္တ” ကို ရှေ့တန်းတင်၍ ရေးဖွဲ့သော သီချင်းအနည်းငယ် မှလွဲလျှင် ကျန်သည့်တေးသီချင်းများသည် “အမျိုး၊ ဘာသာ၊ သာသနာ၊ နိုင်ငံတော်”တည်း ဟူသော အမျိုးသားရေးလက္ခဏာဆောင်သည့် မိုးကုပ်စက်ဝိုင်းထဲမှာပင် ရှိနေခဲ့သည်။ ကိုလိုနီခေတ် မြန်မာအမျိုးသားများ နိုးကြားစေရန် နိုင်ငံခြားသား တရုတ်၊ ကုလားသူဌေး များကဲ့သို့ စီးပွားရေးဘ၀တိုးတက်စေရန် အားထုတ်သင့်ကြောင်း “သူဌေးဝါဒ” သီချင်းဖြင့် တိုက်တွန်းခဲ့သည်။

ငွေလိုရင်….ငွေရရမယ်၊ ရွှေလိုချင်ရင် ….ရွှေရရမယ်၊ စိန်လိုချင် ရင်….စိန်ရရမယ်ကွယ်၊ လူစိတ်ဓာတ်ဟာ လောကအမြတ်ဆုံး တကယ်၊ _ _ _ _ _ နန်းတော်ရှေ့ကို မေးလာကြရင်၊ သူဌေးဝါဒလို့ ပြောပြလိုက်ပါ့မယ်…. ဟူ၏။

“အရမ်းသုံးဝါဒ” သီချင်းတွင်လည်း….

ဟိုအရင်ငွေတွေရတာ မသိတတ်လို့၊ ဘိလိယက်နဲ့ဟိုတယ်ကိုဝင်၊ နှုတ်ခမ်းနီမ ရယ်က၊ ပန်းဆီသကာ၊ ရယ်ကာချိုရွှင်၊ ဘီယာလိုချင်ရင်၊ ခြွေရံများက အနားကပ်ကာ ဖန်ခွက်ပြင် ဉာဏ်နဲ့မဆင်ခြင်၊ ဂုဏ်လုပ်သည့်အရာ၊ အကုန်လုံးရှိသမျှ ဖြုန်းဖြုန်း၊ ကိုယ့်အိမ်မှာသာဆိုရင်၊ တစ်လစာ စုံသမောင်၊ တစ်ညတာ ကုန်အောင်သုံးခဲ့လေသမျှ ဖြုန်းခဲ့ လေသမျှ၊ မှားလေစွပင်၊ ထာဝစဉ် ကျွန်တော့်နည်း မလိုက်ကြပါနှင့်၊ မိုက်လှတဲ့ ဤအကျင့် ပင်၊ ငွေမရှိလျှင် အောက်အကျဆုံးပင်၊ ဤလူ့ခွင်၊ အရမ်းသုံးကြတဲ့ ဝါဒစိတ်ကိုပြင်…. ဟူ၍ မြန်မာများ “အသုံးနှင့် အဖြုန်း”ကို သိနားလည်ကြစေရန် ရေးဖွဲ့ခဲ့သည်။

“ဗမာ့ဝါဒ” သီချင်းမှာတော့….

ဗမာ့ဝါဒ ကမ္ဘာက သိနေပြီကွယ်၊ ကျွန်ုပ်တို့ရဲ့ ဗမာပြည်ဝယ်၊ ဘုရားဂုဏ်တော်ရယ်၊ တရားဂုဏ်တော်ရယ်၊ သံဃာ့ဂုဏ်တော် အနန္တရယ်၊ တို့တိုင်းပြည် မဖောက်ပြန်နဲ့၊ နောက် တစ်ဖန်၊ ကျောက်သံရွှေငွေတွေ အလွန်ပေါမယ်၊ အမှန်အားတင်းစမ်းပါ၊ ရတနာပုံ ဆိုက်မယ်၊ တစ်ဖန် ဘေးကင်းကြမယ့်၊ တေးသီချင်းတွေရယ်၊ တကယ်နိဗ္ဗာန်တရားကို၊ ငွေနဲ့သွားနိုင်တယ်၊

ဪ….ကောင်းကျိုးပေးတဲ့ ဗမာ့ဝါဒရယ်၊ ကုသိုလ်ကံစီမံ (ဟန်ဟန် ပန်ပန်)၂ ဖြစ်လာရန် အကြောင်းမြင်ပြန်တယ်၊ ကောင်းဖို့မောင်ကြံရွယ်၊ ငါတို့တော့ နောက်ကို လေယာဉ်ပျံဝယ်စီးဦးမယ်၊ တကယ်စိတ်ချပါကွယ်၊ ဒိဋ္ဌလာမယ်၊ ရတနာစိန်ရောင်၊ ရွှေရောင်ငွေရောင်တွေရယ်၊ မဏ္ဍပ်တော် အလှူပေးမယ်၊ ဗမာ့ဝါဒ ဆရာ နန်းတော်ရှေ့ (အတွေ့)၂ စာဆိုပါတယ်။

ဟူသော တေးစာသားများဖြင့် မြန်မာတိုင်းရင်းသားများ၏ ဥပဓိရုပ်ကို ဖော်ကျူး ထားသလို အနာဂတ်တွင် မြန်မာတွေ လေယာဉ်ပျံပင် ဝယ်ယူစီးနင်းနိုင်ကြမည်ဟု ကြိုတင် ဟောကိန်းထုတ်ခဲ့ပြန်သေးသည်။

နန်းတော်ရှေ့ဆရာတင်၏ တေးသီချင်းများထဲတွင် ဝါဒသီချင်း လေးပုဒ်ပါဝင် သည့်အနက် “ကျေးရွာဝါဒ” နှင့် “သူဌေးဝါဒ” သီချင်းနှစ်ပုဒ်ကိုသာ မကြာခဏ နားဆင်ခွင့် ရရှိတတ်သည်။ ကျေးရွာဝါဒသီချင်းသည် ဆရာတင်၏ ဝါဒသီချင်းများတွင် ထူးခြားသော နိမိတ်သီချင်း၊ အနာဂတ်အိပ်မက် သီချင်းဖြစ်သည်။

တတိယမြန်မာနိုင်ငံတော်နှင့် ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျအား ဂုဏ်ပြုမော်ကွန်းရေးထိုးကာ မင်းတရား ကြီး၏ နိုင်ငံတော်ပြုပြင် တည်ဆောက်ရေးဆိုင်ရာ အကျိုးဆက်ရလဒ်များကို မကြာမီတွင် မြန်မာပြည်သူတို့ ခံစားကြရတော့မည့်အကြောင်း၊ မြန်မာ့ကျေးလက်လူထု၏ နေ့စဉ် လူမှု ဘ၀များ ဖွံ့ဖြိုးတိုးတက်လာတော့မည့်အကြောင်း၊ ကျေးရွာများတွင် ဓာတ်မီးရောင်များ ထိန်ထိန်ညီးကာ၊ ဆေးပေးခန်းများ၊ စာသင်ကျောင်းများ ပေါ်ထွက်လာခြင်းနှင့်အတူ ပြုပြင်ရေးနှင့် ကုသိုလ်ရေးလုပ်ငန်းများဖြင့် စည်ကားဂုဏ်မြင့်လာတော့မည့်အကြောင်း အနာဂတ်ကာလကို မျှော်တွေး၍ရေးဖွဲ့ထားခြင်းဖြစ်သည်။ ဖွဲ့စည်းထားသည့် ဂီတသံတွေက ခံ့ညား၍ “ကြွ”နေသည့် ဇာတိမာန်တက်ကြွဖွယ်၊ ကြက်သီးမွေးညင်းထဖွယ် စာသားနှင့် တီးကွက်များဖြင့် ရက်ယှက်ထားသည့် အမျိုးသားရေးတေးဂီတတစ်ပုဒ်လည်းဖြစ်သည်။

သီချင်းအစကို “ခြေဆင်း” ပုံသဏ္ဌာန်ဖြင့် နိဒါန်းပျိုးထားသော်လည်း သီချင်း၏အဆုံးပိုဒ်ကို စည်တော်ရွမ်းသံဖြင့် ခံ့ညားစွာအနားသတ်ထားသဖြင့် နားဆင်ရသည်မှာ အလွန်ပင် ကြည်နူးအားတက်ဖွယ် ဖြစ်ရသည်။

မောင်တို့ရွာကို….ယောင်လို့တောင် မလာချင်ဘူးတဲ့ (ကညာခင်)၂ ဆိုတဲ့ စကားရယ်. …မှား….မှားလိမ့်မဗျာ၊ အရင်ကရောက်ပြီးမို့….ဟိုအရင်ကရောက်ပြီးမို့….(နောက်ချေးနဲ့ အိုင်ဗွက်အလယ်မှာ)၂ ကျွန်မတို့ စတိုင်ပျက်ပါတယ် ဆိုလို့….ငိုတော့မလိုနေတာများ. . ..

(တစ်ခေါက်လောက် ကြွခဲ့စမ်းပါ၊ ကျုပ်နှမများကို ဖိတ်ကြားချင်ပါတယ်ခင်ဗျာ၊ တိမ်ဝါရောင် တိမ်တောင်တွေ စိမ်းစိမ်းစို ပျိုတို့ရွာ)၂ ခုများတော့ မြို့ကြီးလို ဓာတ်မီး ရောင်ထိန်၊ ကုသိုလ်ဖြစ်ဆေးရုံ ပွဲနဲ့လမ်းနဲ့သာသာယာယာ၊ စာသင်ကျောင်းတွေနဲ့၊ ရှေးကနဲ့မတူပါ၊ ကျေးရွာဝါဒ ပြောင်းလဲလိုက်ကြပေါ့ခင်ဗျာ၊

(နိုင်ငံအကျိုးများကိုသာ၊ အားလုံးရွက်ဆောင်ပါမယ်ခင်ဗျာ၊ ပြုပြင်ရေးလုပ်တဲ့ရွာ၊ အမျိုးသားအတွက်ဆို မငြိုငြင်ပါ)၂ ကောင်းချီးသင်္ခါ၊ ရွှေတေဇာ၊ ဘုန်းမိုးစွေရွာ၊ သွန်းဖြိုး လေတာ၊ ဦးအောင်ဇေယျ၊ ယင်းပထမကနေတာ၊ မုဆိုးဖိုခေါ် ရွာကလေးပါခင်ဗျာ၊ အမျိုး သားများ၊ တိုးပွားစရာ၊ နိုးကြားကာ အောင်မြင်ဆောင်ရွက်လာ၊ ဇာတိကမ္ဘာသိ၊ ပါရမီရှင် တောင် ထွက်ခဲ့ဖူးတဲ့ရွာကလေးပါ။

အောင်မြန်မာ၊ အောင်တေဇာ၊ အောင်ရာနိမိတ်ကယ်၊ သွန်းဘိသိက်ဖြာ၊ အောင်ရပ်ကယ်သာသလေ့၊ အောင်ရာတည့်မယွင်း၊ ရိုင်းပင်းကာ ကူညီပေး၊ ဆရာတင် နန်းတော်ရှေ့ကဗျာ၊ သွင်းဆိုတဲ့စာ ×××××× ဟူ၍ မြန်မာ့ဂုဏ်ရည်ကို ရေးဖွဲ့ဖော်ကျူးထားသည်။

နန်းတော်ရှေ့ဆရာတင်၏ “ဝါဒသီချင်း” လေးပုဒ်တွင် ဤ “ကျေးရွာဝါဒ” သီချင်းက အဘယ့်ကြောင့် အကျော်ကြားဆုံးဖြစ်သည်ကို စာရှုသူများအနေဖြင့် အဆိုကျော် ကိုအံ့ကြီး သီဆိုထားသော မူရင်းသီချင်းကိုဖြစ်စေ၊ မြန်မာ့ဆိုင်းပညာရှင် ပစ်တိုင်းထောင် ပြန်လည်သီဆိုထားသော သီချင်းကိုပင်ဖြစ်စေ၊ ရှာဖွေခံစားနားဆင်ကြည့်ကြစေချင် သည်။မှော်ဝန်းကြည်မြတ် (၂၅-၁၂-၂၀၁၇)စာကြွင်း-“ဗမာ့ဝါဒ၊ သူဌေးဝါဒ” နှင့် “ကျေးရွာဝါဒ” သီချင်းများကို နန်းတော်ရှေ့ ဆရာတင်ကိုယ်တိုင် သီဆိုခဲ့ပြီး “အရမ်းသုံးဝါဒ” သီချင်းကို “ဥဩဘသောင်” သီဆိုခဲ့ ကြောင်း၊ နောင်အခါတွင် သားဖြစ်သူ မင်းသား ရွှေနန်းတင်က “ဗမာ့ဝါဒ” သီချင်း၊ ကိုအံ့ကြီးက “ကျေးရွာဝါဒ” သီချင်းကိုလည်းကောင်း ပြန်လည်သီဆို ဓာတ်ပြားသွင်းခဲ့ကြောင်း မှတ်သားခဲ့ရပါသည်။ စာကိုး- (၁) ဦးဝင်းမြင့်(စာနိုင်ငံ)၏ “နန်းတော်ရှေ့၏ တေးပေါင်းစုံ” စာအုပ်။ (၂) မေမြို့မိုးကြည်၏ “နယ်ချဲ့ဖက်ဆစ် ဆန့်ကျင်ရေး ဇာတိမာန်တေးသီချင်းများ” စာအုပ်။

-Ads-
-Ads-