အပင်ငရဲ

နိမိတ်အရိပ်တွေလားဟု သူတွေးသည်။ နိမိတ်အရိပ်တွေဆိုလျှင် သည်လိုတောအုပ်ထူထူထဲထဲကြီးကို တစ်ချိန်ချိန်တွင် သူရောက်လေမည်လားဟု တွေးမိကာ သူကြက်သီးတွေ ထလာပြန်သည်။ တောကထူထူနက်နက်၊ တောကောင်ကြီးတွေကလည်း ရှိနေလေတော့ သူပို၍ ထိတ်သွားသည်။

လူက မန်ကျည်းပင်ကြီးအောက်က ဝါးပက်လက် ကုလား ထိုင်ပေါ်တွင်ရောက်နေသည်။ မနက်စာစားပြီးကတည်းက ထို ကုလားထိုင်ပေါ်တွင် ဦးတောကျော်ထိုင်နေခြင်းဖြစ်သည်။ ရာသီ ဥတုကတော့ မနက်နေထွက်လာသည်နှင့် လေပွေရိုက်လိုက်သည့် မီးသွေးဖိုမှ မီးသွေးမီးတွေထတောက်လာသလို ပူလာသည်။ ဦးတောကျော်၏ခြံထဲတွင် သစ်ပင်ကြီးလေးပင်ရှိသည်။

မန်ကျည်းပင်နှစ်ပင်၊ သရက်ပင်တစ်ပင်နှင့် ထနောင်းပင် တစ်ပင်က ဦးတောကျော်၏ခြံကို အေးရိပ်ပေးလျက်ရှိသည်။ မန်ကျည်းပင်က ပိုအေးသည်ဟု ဦးတောကျော်ရွေးချယ်ကာ အပင်ခြေရင်းတွင် ဝါးပက်လက်ကုလားထိုင်ကို ချစေပြီး ထွက် ထိုင်နေခြင်းဖြစ်သည်။

-Ads-
-Ads-

ဝါးစားပွဲလေးပေါ်တွင် ရေနွေးကြမ်းဓာတ်ဘူးနှင့် ရေနွေး ကြမ်းပန်းကန်လုံးလေးတွေ ချထားသည်။ သူ့တိုက်ထဲတွင် အဲကွန်းတပ်ထားသော်လည်း ဦးတောကျော်က သဘာဝလေကို ပို၍ သဘောကျသည်။ သဘာဝအေးရိပ်ကို ပိုနှစ်ခြိုက်သည်။ သဘာဝလေကို ပို၍ခုံမင်သည်။ အဲကွန်းက ထုတ်လွှတ်နေ သည့် လေအေးက သူ့တိုက်ထဲလွှမ်းနေသော်လည်း အဲကွန်းကြောင့်ပင် ပိတ်ထားရသည့် တံခါးပေါက်တွေကြောင့် လူကမွန်းကျပ်သလို ခံစားနေရသည်။

အဲကွန်းက အအေးဓာတ်ကိုသာ ပေးနိုင်သည်။ လူ၏ အသားကို ထိခတ်ပွတ်တိုက်သွားသည့် လေ၏ ထိတွေ့မှုအရ သာကို မပေးနိုင်ပေ။ သို့ဖြစ်၍လည်း ဦးတောကျော်က အပြင် ထွက်ပြီး သဘာဝ၏ တုံ့ပြန်မှုအရသာကို ခံစားနေခြင်း ဖြစ်သည်။

နေကတဖြည်းဖြည်းမြင့်တက်လာခြင်းနှင့်အတူ အပူက လည်း လိုက်၍မြင့်တက်နေလေသည်။ လေငြိမ်နေသဖြင့် ပိုပူ သည်ဟု ခံစားနေရသည်။ သို့သော်လည်း ဦးတောကျော် အထဲ ပြန်ဝင်ဖို့ စိတ်မကူးပေ။ လေပြည်လေးတိုက်ခတ်လာမည့် အချိန် ကို သူစောင့်သည်။ ဝါးပက်လက်ကုလားထိုင်ပေါ်တွင် ကျောချ ကာ မျက်လုံးကိုမှေးထားသည်။

ဦးတောကျော်၏စိတ်တွေက ပြေးလျက်ရှိသည်။ ယခု ချိန်ထိ သတင်းပေးပို့ချက် ရောက်မလာသေးသဖြင့် ဝါးစားပွဲလေး ပေါ်တင်ထားသည့် လက်ကိုင်ဖုန်းလေးကို သူလှမ်းလှမ်းကြည့်နေ သည်။ ယခုလို ဖုန်းမျှော်ရသည့်အလုပ်က ဦးတောကျော်အတွက် အလုပ်ပင်ဖြစ်သည်။ သူက ဖုန်းဖြင့်အလုပ်လုပ်သူဆိုတော့ ဖုန်း မျှော်ရသည့်အလုပ်က သူ့ကိုထိန်းချုပ်ထားသည်။

နေကမြင့်မြင့်တက်လာပြီး အပူကမြင့်မြင့်တက်လာတော့ ဦးတောကျော်၏ ဖုန်းမျှော်သည့်ကိစ္စက ပူပင်သောကအသွင်ကို ဆောင်လာသည်။ သူ့ဆီသို့ ဝင်ရောက်လာသင့်ပြီဖြစ်သည့် ဖုန်းက ဝင်လာသင့်သောအချိန်ထက် သုံး၊ လေးနာရီလောက် နောက် ကျနေသည်။ ထိုနောက်ကျနေမှုက သူ့ကို ပူပန်လာစေသည်။ ပူပန်စေမှုနှင့် တွဲဖက်ထားသည့် သူ့အလုပ်က ပြီးမြောက်သွားပြီဆို တော့မှပဲ ငြှိမ်းလိုက်သည့်မီးအိမ်လို တဖြည်းဖြည်းအပူလျော့ကျသွားရသည်။

မန်ကျည်းပင်ကြီး၏အရိပ်က သူ့ကို ကောင်းကောင်းအုံ့ဆိုင်း ထားနိုင်သော်လည်း အရိပ်ထဲရောက်နေသည့် ဦးတောကျော်၏ ရင်ကတော့ ပူလောင်လာနေပြီဖြစ်သည်။ ပူပန်မှုက သူ့ရင်ကို လောင်ကျွမ်းလာနေလေရာ သူ့ရင်တွေလည်း ပူလောင်ခုန်နေ လေသည်။ သူ့မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ မန်ကျည်းပင် ကြီးကို အကိုင်းအလက်ဝေဝေဆာဆာဖြင့် မြင်ရသည်။ မန်ကျည်း ပင်ကြီးတစ်ပင် ယခုလို ဝေဝေဆာဆာ ကြီးထွားနေသည်မှာ သူ့ သက်တမ်း၏ တစ်ဝက်ကျော်ကျော်လောက်ပင် ရှိပေရော့မည်။ ထိုမန်ကျည်းပင်ကြီးသည် ခြံဝယ်ကတည်းကပင် အပင်ကြီး အဖြစ် ပါဝင်လာခြင်းဖြစ်သည်။

ဦးတောကျော်က သူ့လက်ကိုင်ဖုန်းလေးကိုလှမ်းယူလိုက်ပြီး Miss Call များ ဝင်ထားလေသလားဟု စစ်ကြည့်သည်။ သူ့လက်ကိုင်ဖုန်းက တစ်ခါတလေ အသံပျောက်နေတတ်သည်။ အသံ Lock ကျနေသည့် သင်္ကေတကို မတွေ့ရပေ။ သို့သော်လည်း ပူပန်နေသည့် ဦးတောကျော်က သူ့ဖုန်းကို ပြန်စစ်သည်။ ဖုန်းခေါ်သံပွင့်နေသည်ကို စစ်ဆေးပြီးမှ သူစိတ်ချသွားသည်။ ဖုန်းခေါ်သံကို အကျယ်ဆုံးသို့ သူမြှင့်ထားလိုက်သည်။ ကပ်လျက်နံဘေးမှ စားပွဲပေါ်ထားတာကိုပင် ဝေး၍ မကြား လိုက်ရမှာကို သူပူပန်နေသည်။

သူ့ဆီဝင်ရောက်လာရမည့်ဖုန်းကို သူကဆက်သွယ်ကြည့်ရန်မလိုပေ။ သူ့ဆီကိုသာဝင်ရောက် လာရမည့် ဖုန်းဖြစ်သည်။ သူက လှမ်းဆက်သွယ်ရမည့်ဖုန်းမဟုတ်။ သည်တော့သူက ဖုန်းအလာကို သာမျှော်ရမည်ဖြစ်သည်။ ဦးတောကျော်က ဖုန်းကိုကြည့်လိုက်သည်။ ဖုန်းကတော့ ငြိမ်ချက်သား ကောင်းနေသည်။

ဦးတောကျော်၏ ပူပင်သောကသည် ဝါးပက်လက်ကုလားထိုင်လေးကို ဂနာမငြိမ်ဖြစ်စေ သည်။ ကျောခင်းလိုက်၊ ခေါင်းထောင်လိုက်လုပ်လိုက်တိုင်း ဝါးကုလားထိုင်လေးက တကျွတ်ကျွတ် ဖြင့် စုတ်သပ်နေသည်။ ဦးတောကျော် သူ့စိတ်ကိုသူ ဝမ်နင်ပေးလိုက်ကာ မျက်လုံးမှိတ်၍နေလိုက်သည်။ သူ့စိတ်တွေကတော့ ယောက်ယက်ခတ်နေသည်။ လေပြည်ကလေးသုတ်လာတော့ နေသာ ထိုင်သာရှိ သလိုဖြစ်သွားသည်။ သူ့မျက်လုံးတွေပေါ် ရှပ်တိုက်သွားသည့်လေတွေက သူ့ကို မှေးသိပ်နေသလို ဖြစ်နေသည်။

ဖုန်းသံမြည်လာသည်။ သူကမန်းကတန်း ထူးလိုက်သည်။

“ဦးတောကျော်လားခင်ဗျာ”
“အေး … ငါပါ”

ဦးတောကျော်က သူ့ဆီဝင်လာရမည့်ဖုန်းကို ဘယ်လိုထူးရမည်ကို ကျင့်သားရပြီးဖြစ်သည်။ သို့သော်လည်း ဝင်လာသည့်ဖုန်းက သူမျှော်နေသည့်ဖုန်း မဟုတ်ပေ။

“ဟုတ်ကဲ့ ခင်ဗျား၊ အခု ဦးတောကျော်အိမ်မှာ ရှိပါသလားခင်ဗျာ”
“ကျွန်တော်အပြင်ရောက်နေပါတယ်။ ဘာကိစ္စများရှိပါသလဲ”
“ကျွန်တော်တို့ ဦးတောကျော်ဆီက အလှူခံစရာလေးရှိလို့ပါခင်ဗျာ။ ကျွန်တော်တို့လုပ်မယ့် အစီအစဉ်လေးကိုလည်း ရှင်းပြချင်လို့ပါ။ ဦးတောကျော်အိမ်မှာရှိမယ့် အချိန်ကျတော့မှပဲ အေးအေး ဆေးဆေးပြောရတာပေါ့ခင်ဗျာ။ ကျွန်တော်တို့ ဘယ်ချိန်လောက်လာရင် အဆင်ပြေမလဲမသိဘူး ခင်ဗျာ”

ဦးတောကျော် တော်တော်စိတ်ပျက်သွားသည်။ သည်လူက လက်ခံစကားပြောနေလျှင် ဖုန်းထဲ ကနေ ရှည်ရှည်ဝေးဝေးစကားတွေ ပြောနေတော့မည်။ စကားကောင်းနေတုန်း သူ့ဆီဝင်လာရမည့် ဖုန်းလွတ်သွားနိုင်သည်။ သူမြန်မြန်ပြတ်အောင် ဖြတ်မှဖြစ်တော့မည်။

“ဒီနေ့တော့ ကျွန်တော်အိမ်ပြန်ရောက်တာ နောက်ကျလိမ့်မယ်။ ဒီနေ့လုပ်စရာတွေများနေလို့ ဗျာ၊ မနက်ဖြန်မှဆက်လိုက်ပါ”

“ဟုတ်ကဲ့ခင်ဗျာ။ ကျွန်တော်တို့က ကိုယ့်ရပ်ကွက်ထဲက ဦးတောကျော်တို့လို စေတနာရှင်တွေ ကို အားကိုးပါတယ်”

“ကျွန်တော်အလုပ်ရှုပ်နေလို့ပါ။ မနက်ဖြန်မှသာ ဆက်လိုက်တော့ဗျာ”

“ဟုတ်ပါပြီခင်ဗျာ။ ဦးရဲ့အလုပ်ကို အနှောင့်အယှက်ပေးမိသလို ဖြစ်နေပါပြီ။ ဒါဆိုရင် မနက်ဖြန် ကျတော့မှပဲ ဖုန်းထပ်ဆက်လိုက်မယ်။ ဘယ်ချိန်လောက်ဆက်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ”

“ဆက်ချင်တဲ့အချိန်သာဆက်ဗျာ၊ ဒီမှာ အလုပ်ကိစ္စအရေးကြီးနေလို့ ဖုန်းချလိုက်ပြီ”

ဦးတောကျော်က ဖုန်းကို ပိတ်ချလိုက်သည်။ ပါးစပ်ကလည်း ဖုန်းဆက်သူကို ဆဲလိုက်သည်။ လာရမည့်ဖုန်းက လိုအပ်တာထက်နောက်ကျနေလေရာ ဦးတောကျော် ဝါးပက်လက်ကုလားထိုင် ပေါ်တွင် မထိုင်နိုင်တော့ဘဲ လမ်းထလျှောက်သည်။ သူ့လက်ကိုင်ဖုန်းကိုလည်း ခဏခဏကြည့်ကာ လက်ကတဆဆ လုပ်နေသည်။ လေပြည်က ပို၍ကောင်းလာတော့ မန်ကျည်းပင်ကြီးက အကိုင်း အခက်တွေ ယိမ်းထိုးနေသည်။ နေကလည်း ယိမ်းထိုးလိုက်သည့် အကိုင်းတွေကြားကနေ ကျလာလိုက်၊ ပျောက်သွားလိုက်ဖြစ်နေသည်။

အချိန်တွေက တိုးတက်လာသည့် နေနှင့်အတူ ရှေ့ကိုတက်လာသည်။ အပူချိန်က နေမွန်းတည့် လာပြီဖြစ်ကြောင်း သတိပေးလျက်ရှိ လေသည်။ ဦးတောကျော် ဝါးပက်လက်ကုလားထိုင်ပေါ်ပြန်ထိုင် ချလိုက်ပြီး စိတ်ကိုငြိမ်ငြိမ်ထားဖို့ ကြိုးစားသည်။ မျက်လုံးမှိတ်လိုက်တော့ တောကြီးမျက်မည်း ပေါ်လာ သည်။ သစ်ပင်ကြီးတွေက ပြွတ်သိပ်ကျပ်ညပ်ကာ နေပြောက်မတိုးအောင်ရှိနေသည်။ တောကောင် တွေက ထိုတောကြီးမျက်မည်းထဲ ပြေးလွှားနေကြသည်။

သစ်ပင်တစ်ပင်နှင့်တစ်ပင် ကပ်ပေါက်နေပြီး ကိုင်းကြီးတွေ အချင်းချင်းလိမ်ယှက်နေလေရာ မျောက်တွေက ပြေးလွှားဆော့ကစား အော်ဟစ်နေကြသည်။ ဦးတောကျော် မျက်လုံးဖွင့်လိုက်သည်။ သူ့အပေါ်တွင် အုပ်မိုးထားသည့် မန်ကျည်းပင်ကြီးက လေသင့်ရာယိမ်းလျက်ရှိသည်။ သူက မျက်လုံး ကို ပွတ်ကြည့်လိုက်သည်။ စောစောက အိပ်မက်လိုလိုမြင်လိုက်သည့် တောနက်ကြီး မဟုတ်တာ သေချာသွားသည်။ ဖုန်းသံမြည်လာသည်။ ဖုန်းပေါ်ကနံပါတ်ကို သူကြည့်လိုက်သည်။ သူစောင့် နေသည့် ဖုန်းနံပါတ်မဟုတ်။ သူပြန်ပိတ်လိုက်သည်။

ဖုန်းသံကထပ်ပေါ်လာသည်။ သူကြည့်လိုက်တော့ စောစောကနံပါတ်ပဲဖြစ်နေသည်။ သူစိတ် ပျက်လက်ပျက်နှင့် ထားလိုက်သည်။ သတ်မှတ်ချိန်လွန်သွားတော့ ဖုန်းသံပျောက်သွားသည်။ ဖုန်းသံ က ထပ်ပေါ်လာသည်။ နံပါတ်ကလည်း စောစောကနှစ်ခါခေါ်ထားသည့် နံပါတ်ဖြစ်နေသည်။ တစ်ခုခုကိစ္စရှိတာပဲဖြစ်မည်ဟု တွေးကာ သူထူးလိုက်သည်။

“ဆရာ ကျွန်တော်တို့ လမ်းကြောင်းပေါ် ရောက်သွားပါပြီ။ စိတ်ချရပြီဆိုတော့ ဆရာ့ကို ဆက်လိုက်တာ”

“မင်းတို့နောက်ကျလှချည်လားကွ၊ ငါမနက်ကတည်းက ဖုန်းမျှော်နေတာ”

“ဟုတ်တယ် ဆရာ ၊ ကျွန်တော်တို့ အလုပ်နည်းနည်းရှုပ်နေလို့ ရှင်းနေရတာ။ အခုတော့ပြီးပါပြီ။ ဆရာစိတ်ချလက်ချနေလိုက်တော့ဆရာ”

“မင်းဖုန်းကဘာဖြစ်နေတာလဲ”

“ဘက်ထရီဒေါင်းသွားလို့ဆရာ၊ ဒါနဲ့ ဖုန်းရတဲ့နေရာရောက်တော့မှ လှမ်းဆက်လိုက်ရတာ”

“အေး …. မင်းတို့အဆင်ပြေတယ်ဆိုရင် ပြီးတာပဲကွာ။ ကိစ္စပြီးရင်တော့ ဖုန်းပြန်ဆက်လိုက်ဦး”

“ဟုတ်ကဲ့ ဆရာ၊ စိတ်ချပါ”

အခုမှပဲ ကိုတောကျော်၏ ရင်အပူတွေ သက်ပြင်းနှင့်အတူ ထွက်သွားနိုင်တော့သည်။ ဝါးပက် လက်ကုလားထိုင်၏ လက်ရန်းနှစ်ဖက်ကို လက်တင်လိုက်ကာ ကျောကိုခင်းလိုက်သည်။ မန်ကျည်းပင် ကြီးကို မော့ကြည့်ရင်း လက်ထဲတွင်ကိုင်ထားသည့် လက်ကိုင်ဖုန်းကို ဝါးစားပွဲလေးပေါ် ပစ်တင်လိုက် သည်။

×××××

ဦးတောကျော်ကား မန်ကျည်းပင်အောက်က ဝါးပက်လက်ကုလားထိုင်ပေါ်တွင် မျက်လုံးမှိတ် ၍ သက်ပြင်းပူများ မှုတ်ထုတ်ကာ မန်ကျည်းပင်အောက်ကလေပြည်ကို အားပါးတရ ရှူသွင်းလိုက် သည်။ လူကလန်းဆန်းသွားသည်။ မန်ကျည်းကိုင်းတွေကိုကြည့်ကာ လေတွေကို ရှူသွင်းလိုက်တော့ မန်ကျည်းရွက်တွေက ထုတ်လွှတ်လိုက်သည့် အောက်ဆီဂျင်တွေ သူ့အဆုတ်ထဲ တန်းတန်းမတ်မတ် ရောက်သွားသလို ခံစားလိုက်ရသည်။

ဦးတောကျော်သည် မျက်လုံးကို မှေးစင်းလိုက်ကာ ကျေနပ်စွာပြုံးလိုက်သည်။ သူ့တိုက်ထဲတွင် အဲကွန်းတွေက တစ်အိမ်လုံးဖွင့်ထားလေရာ အေးစက်၍နေသည်။ အေးစက်မွန်းကျပ်သည့် အိမ်ထဲ တွင် သူမနေတတ်ပေ။ မိန်းမနှင့် ကလေးတွေက ပူဆာလွန်း၍သာ အဲကွန်းရှစ်လုံးဝယ်ပြီး တစ်အိမ် လုံးတပ်ထားပေးခဲ့သည်။ သူကိုယ်တိုင်ကတော့ အဲကွန်းလေးနှင့် ကျင့်သားကောင်းကောင်း မရသေး ပေ။ ပြင်ပလေနှင့်သာ သူကအသက်ရှူရတာဝသည်။

သူမျှော်နေသည့် ဖုန်းလာပြီးပြီဖြစ်၍ ဦတောကျော် စိတ်အေးသွားပြီဖြစ်သည်။ ဝါးပက်လက် ကုလားထိုင်ပေါ်တွင် ဇိမ်ကျကျမှေး၍ လေပြည်၏ တိုက်ခတ်မှုအရသာကို ခံစားရန်သာရှိတော့သည်။ သူ့မျက်လုံးမှိတ်လိုက်တော့ စောစောကပေါ်လာသည့်တောအုပ်ကြီး ပေါ်လာပြန်သည်။ ထိုတော အုပ်ကြီးက သစ်ပင်ကြီးတွေ ထူထပ်စွာပေါက်နေသည့် တောကြီးဖြစ်သည်။ သူတစ်ခါမျှ မမြင်ဖူးသည့် တောကြီးလည်းဖြစ်သည်။

သူ့မျက်လုံးဖွင့်လိုက်တော့ တောအုပ်ကြီးက ဖျတ်ခနဲပျောက်သွားပြီး မန်ကျည်းပင်ကြီးက ထီးထီးကြီးပေါ်လာသည်။ အိပ်မက်မက်နေခြင်းမဟုတ်တာတော့ သေချာသည်။ အိပ်မက်ဆိုတာကအိပ်ပျော်နေချိန်မှာပဲ မက်လေ့ရှိသည်။ သူကအိပ်ပျော်နေတာ လည်း မဟုတ်ပါဘဲ အိပ်မက်လို မက်မြင်နေတာက ထူးဆန်းသည်။ မျက်လုံးမှိတ်လိုက်လျှင် ကိုယ်မြင်ဖူးတာ၊ ကိုယ်တွေ့ဖူးတာပဲ မြင်လာလေ့ရှိသည်။ ယခုမြင်ရသည့် တောအုပ်ကြီးက သူတစ်ခါမျှ မတွေ့ဖူးသည့် တောအုပ်ကြီး ဖြစ်နေသည်။

သူမျက်လုံးကို ပြန်မှိတ်လိုက်သည်။ စောစောကသူတွေ့ လိုက်သည့် တောအုပ်ကို စိတ်ကူးဖြင့် ပြန်ခေါ်ကြည့်သည်။ တောအုပ်ကြီးက ချက်ချင်းရောက်လာသည်။ စပါးကြီးမြွေတစ်ကောင်က တောကောင်တစ်ကောင်ကို ဖြည်းဖြည်းချင်းဝါးမျိုနေသည်ကို သူတွေ့ရသည်။ Discobery လိုင်းတွင် ထုတ်လွှင့်သည့် ပြကွက် တွေကို သူကြည့်ဖူးသည်။ ယခုသူမြင်ရနေတာက သူကိုယ်တိုင် နံဘေးတွင် ကပ်ပြီးရပ်ကြည့်နေသလို မြင်ရခြင်းဖြစ်သည်။ မြွေ၏ခန္ဓာကိုယ် တွန့်ကာတောကောင်ကို ဆွဲသွင်းနေတာကို သူထင်းထင်းကြီးမြင်နေရ သည်။ စပါးကြီးမြွေက သူ့ကိုစိုက်ကြည့်နေ တာကို မြင်ရတော့ သူလန့်ပြီးမျက်လုံးဖွင့်လိုက်သည်။ မန်ကျည်း ပင်ကြီးက သူ့ကိုအုံ့ဆိုင်း၍ ငုံ့ကြည့်နေလေသည်။

အိပ်မက်လည်းမဟုတ်၊ စိတ်ကူးလည်းမဟုတ်နဲ့ တော် တော်ထူးဆန်းတာပဲဟု ဦးတောကျော်က စဉ်းစားနေသည်။ သူမြင် ရသည့် မြင်ကွင်းတွေက ရုပ်ရှင်ထဲတွင် မြင်ရတာမျိုးမဟုတ်တာ ကလည်း ထူးခြားနေသည်။ စပါးကြီးမြွေ၏ မျက်လုံးကို သူမြင်လာသည်။ သူကြက်သီးထသွားသည်။ သူကမျက်လုံးမှိတ်ပြီး အနားယူချင်သည်။ သို့သော် သူ့မျက်လုံးမှိတ်ရမှာကို လန့်နေသည်။

နိမိတ်အရိပ်တွေလားဟု သူတွေးသည်။ နိမိတ်အရိပ်တွေဆိုလျှင် သည်လိုတောအုပ်ထူထူထဲထဲကြီးကို တစ်ချိန်ချိန်တွင် သူရောက်လေမည်လားဟု တွေးမိကာ သူကြက်သီးတွေထလာပြန်သည်။ တောကထူထူနက်နက်၊ တောကောင်ကြီးတွေကလည်း ရှိနေလေတော့ သူပို၍ထိတ်သွားသည်။

“ဒီလိုတောမျိုးထဲကတော့ ရောက်စရာမရှိပါဘူး။ ငါမှ တောထဲမသွားတာပဲ။ ဘယ်လိုရောက်စရာရှိမှာလဲ၊ ထင်ရာမြင်ရာတွေ လျှောက်မြင်နေတာပါ။ ရုပ်ရှင်ထဲတွေ့တာပဲနေမှာ။ ကြာတော့ငါမေ့နေတာ လည်းဖြစ်ချင်ဖြစ်မှာပေါ့”

ဦးတောကျော်က သူဘာသာသူပြန်စိစစ်ကာ ဖြေလိုက်သည်။ သူ့မျက်လုံးကို အသာအယာမှေးလိုက်သည်။ သူ့မျက်လုံး ထဲတွင် မန်ကျည်းပင်ကြီး ပေါ်လာသည်။ အရွက်တွေထူထပ်ပြီး အကိုင်းများစွာဖြင့် အုံ့ဆိုင်းနေသည့် သူ့မန်ကျည်းပင်ကြီးက လေယူရာယိမ်း၍ ကိုင်းချင်းပွတ်တိုက်ရိုက်ခတ်နေသည်။ သူမျက်လုံးဖွင့်ကြည့်လိုက်တော့ မန်ကျည်းပင်ကြီးကိုပဲ မြင်ရသည်။

သူ့မျက်လုံးတွေ စင်းလာသည်။ လေပြည်ကလေးကလည်း သူ့ကိုချော့သိပ်လျက်ရှိသည်။ မှေးခနဲ မှေးခနဲ ဖြစ်သွားသည်။ မှေးခနဲဖြစ်လိုက်၊ လန့်နိုးသလိုဖြစ်လိုက်၊ မျက်လုံးဖွင့်ပြီး မန်ကျည်းပင်ကြီးကို ကြည့်လိုက်နှင့် သူအိပ်ပျော်သွားသည်။ အုံ့ဆိုင်းနေသည့် မန်ကျည်းပင်ကြီးသည် သူအိပ်ပျော်နေခိုက် မြေကြီးအောက်သို့ကိုင်း၍ ကျလာသည်။ အပေါ်သို့ ထောင်တက်နေသည့်ကိုင်းများ နံဘေးသို့ဖြာထွက်နေသည့် ကိုင်းများမှာအောက်သို့ ကွေးညွတ်ဝင်လာပြီး စုစည်းလိုက်သလို ဖြစ်လာသည်။ ဦးတောကျော်ကတော့ ဝါးပက်လက်ကုလားထိုင် ပေါ်တွင် လေပြည်ကလေး၏ ချော့သိပ်မှုဖြင့် အိပ်ပျော်လျက်ရှိလေသည်။

မန်ကျည်းပင်ကြီးကတော့ ခါးကိုကိုင်း၍ မြေကြီးပေါ်ကို ငုံ့ဆင်းလာလျက်ရှိသည်။ စုစည်းလိုက်သည့် မန်ကျည်းခက်၊ မန်ကျည်းရွက်တွေက ဦးတောကျော်၏ ဝါးပက်လက်ကုလားထိုင် လေးကို အဖုံးတစ်ခုဖြင့် ဖုံးအုပ်သလို အုပ်လိုက်သည်။ အဖုံးကို ကျုံ့ကျုံ့လိုက်သလို ကျစ်ဝင်လာရာအရွက်တွေ၊ အကိုင်းတွေ အချင်းချင်းပွတ်တိုက်သံကို ကြားလာရသည်။ ဦးတောကျော်က တော့အိပ်၍ ကောင်းနေတုန်းဖြစ်သည်။

ဦးတောကျော်၏ မိန်းမက အိမ်ထဲကနေထွက်လာသည်။ မန်ကျည်းပင်ကြီး၏အောက် ရောက်နေသည့် ခင်ပွန်းကို မန်ကျည်းကိုင်းတွေက ဖုံးအုပ်ပိကျနေသည်ကို မြင်သွားပြီး ငိုသံပါအောင်အော်ကာ ပုံကျသွားသည်။ မိခင်ဖြစ်သူ၏ အော်သံ ကြား၍ သားကြီးက ထွက်ပြေးလာသည်။ မိခင်က ပုံလျက်သား လဲနေပြီး ဖခင်ကို မန်ကျည်းပင်ကြီးက ဝါးမျိုထားသည်ကို တွေ့လိုက်ရသည်။

ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိသည့် သားကြီးက အိမ်ဖော်ကိုလှမ်းခေါ်ပြီး မိခင်ကို အိမ်ထဲသွင်းသည်။ ဓားတစ်ချောင်းကိုင်ကာ ထွက်လာသည့် သားကြီးမှာ မန်ကျည်းပင်နားမကပ်ရဲဘဲ နံဘေးကနေ အဖေ့ကို အော်ခေါ်နေသည်။ သားကြီး၏ အော်သံ က ပဲ့တင်ထပ်ကာ ဟိန်း၍ထွက်လာသည်။ ထိုအသံကြောင့် ဦးတောကျော်လန့်နိုးသွားသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ မန်ကျည်းပင်ကြီးက လေပြည်သုတ်ရာတိမ်း၍ ယိမ်းနေလေသည်။

ဦးတောကျော်၏ နဖူးတွင်ချွေးစေးများ ပြန်နေသည်။ သည်တစ်ခါမြင်လိုက်ရတာကတော့ အိပ်မက်ဆိုတာကို သူသိသည်။ သည်နေ့မှာ ဘယ်လိုကြောင့်သည်လိုနိမိတ်တွေ၊ အိပ်မက်တွေ လာမက်နေသလဲမသိ၊ သူစိတ်ထဲမွန်းကျပ်သွားသည်။ ပြီးတော့ သူမြင်လိုက်ရတာတွေကလည်း မဖြစ်နိုင်တာတွေချည်း ဖြစ်နေသည်။ အိပ်မက်ထဲကလို မန်ကျည်းပင်ကြီးက လူလိုရှင်သန်လာပြီး လူလိုဒုက္ခပေးလာသည်ဆိုတာက လုံးဝမဖြစ်နိုင်သည့် ကိစ္စဖြစ်လေသည်။

နိမိတ်လိုလိုပုံရိပ်တွေကလည်း လုံးဝမဖြစ်နိုင်ပေ။ ထိုတော အုပ်ကြီးမျိုးကို သူဘယ်တော့မှ တွေ့စရာအကြောင်း မရှိပေ။ သူ သစ်လုံးတွေ လုပ်လာတာကြာလှပြီ။ ယခုလိုတောမျိုးကို သူမမြင်ဖူးပေ။ တကယ်လို့ရှိခဲ့ရင်လည်း၊ သူရောက်ခဲ့လျှင်လည်း နိမိတ်ထဲကလို ကြောက်နေစရာမလိုပေ။ သည်လောက်ထူထပ်သည့် သစ်ပင်အုပ်ကြီးမျိုးမှာ သူ့အတွက် ငွေတွင်းကြီးသာဖြစ်သည်။ ထိတ်လန့်ကြောက်ရွံ့စရာ နေရာမဟုတ်ပေ။ သည်နိမိတ်ကတော့ သူ့အတွက်ကောင်းသည့်နိမိတ်ဟု ဦးတောကျော်က တွေးသည်။

တောတွေတောတွေ၊ သစ်ပင်ကြီးတွေဆိုတာက သူတို့ လက်ချက်ကြောင့် ကောက်ပင်ရိတ်လှီးလိုက်သလို ကုန်ကုန်သွား ပြီဖြစ်သည်။ အပင်ကြီးတွေကို သူတို့မမြင်ရတော့တာပင် ကြာပြီ။ နိမိတ်ပုံထဲက အပင်ကြီးမျိုးတွေ ဆိုတာကလည်း သူတို့အတွက် ပန်းချီရေးပြထားတာလားဟု မေးစရာရှိနေသည်။ သူတို့ခုတ်ရ သည့် သစ်ပင်တွေ၊ သူတို့ထုတ် သည့် သစ်လုံးတွေက တဖြည်းဖြည်းငယ်လာနေပြီဖြစ်သည်။

ဇောချွေးတွေပြန်နေသည့် ဦးတောကျော်မှာ မျက်လုံးကို ပင် မပိတ်ရဲအောင်ဖြစ်နေသည်။ ဖုန်းက မြည်လာပြန်သည်။ ဖုန်းနံပါတ်ကိုကြည့်တော့ သူ့လူတွေဆီက ဖုန်းနံပါတ် မဟုတ်တာတွေ့သည်။ သူထူးလိုက်သည်။

“ဦးတောကျော်ပါလား ခင်ဗျား”
“ဟုတ်ပါတယ်”

“ကျွန်တော်တို့သစ်ပင်စိုက်တဲ့အဖွဲ့ပါ ခင်ဗျာ။ ဒီလကုန်ရင် ကျွန်တော်တို့သစ်ပင် ငါးသောင်းစိုက်မယ့် အစီအစဉ်တစ်ခုလုပ်နေပါတယ်။ ဦးတောကျော်အနေနဲ့ သစ်ပင်တစ်ထောင်ဖိုးလောက် ကျွန်တော်တို့ကို ပံ့ပိုးပေးနိုင်မလားလို့ အကူအညီတောင်းတာ ပါခင်ဗျား}

“ခင်ဗျားတို့က ဘယ်မှာစိုက်မှာလဲ။ ဘာပင်တွေ စိုက်မှာလဲ”

“အပင်ငါးသောင်းဆိုတော့ နေရာတော်တော်များများမှာ စိုက်မှာပါ ခင်ဗျား။ အပင်တွေကတော့ စုံလို့ပါပဲ။ သူ့နေရာနဲ့ သူပေါ့ခင်ဗျား”

“ကျွန်တော် ပြန်ဆက်လိုက်မယ်လေ”

“ဟုတ်ကဲ့ခင်ဗျား။ ခုဖုန်းနံပါတ်ကို ဆက်လို့ရပါတယ်။ ကျွန်တော့်နာမည် ကိုသစ်ကောင်းပါခင်ဗျား”

“ဟုတ်ကဲ့”

ဦးတောကျော်ဖုန်းကို ပိတ်လိုက်သည်။ ဝါးစားပွဲလေးပေါ် ဖုန်းတင်လိုက်တော့ ဖုန်းကမြည်လာသည်။ သူလှမ်းယူပြီးကြည့်လိုက်တော့ သူတပည့်ဆီကဖြစ်နေသည်။

“အေး…ပြော”
“ဆရာ သစ်လုံးကားချောက်ထဲကျသွားလို့”
“ဘာ-ဟေ့ကောင် ပြန်ပြောစမ်း”
“ကျွန်တော်တို့ သစ်လုံးတင်ကား ချောက်ထဲကျသွားလို့ ဆရာ၊ ကားရော လူပါ တစ်စစီဖြစ်သွားတယ်”

“ဟေ့ကောင် မင်းကြားတာသေချာရဲ့လား”
“ကျွန်တော်ကိုယ်တိုင်လိုက်ကြည့်တာ ဆရာ”
ဦးတောကျော်၏ လက်ကိုင်ဖုန်းကလေး ပြုတ်ကျသွားသည်။

“ဟဲလို ဟဲလို ဆရာကြားလား ဆရာ”

လက်ကိုင်ဖုန်းကလေးက အသံတွေထွက်နေသည်။ ဦးတောကျော်ကတော့ မျက်လုံးကို လက်ဝါးဖြင့် ပိတ်လိုက်သည်။ ထူထဲသည့်တောအုပ်ကြီး ပေါ်လာသည်။ အကြီးဆုံးအပင်ကြီး တစ်ပင်လဲကျလာသည်။ တောကောင်ကိုမျိုလက်စ စပါးကြီးမြွေပေါ်ပိကျလာသည်။ စပါးကြီးမြွေက သစ်ပင်ပိနေသည့် အောက်ကနေ တွန့်လိမ်နေသည်။ မျိုလက်စ တောကောင်ကား မြွေ၏ပါးစပ်တွင် တစ်နေလေသည်။

ဦးတောကျော် မျက်လုံးကို ပြန်ဖွင့်လိုက်သည်။ ဖုန်းကတော့ ခေါ်သံတွေ ထွက်နေတုန်းပင်။ သူဖုန်းကို ကောက်ကိုင်ပြီးနားထောင်လိုက်သည်။

“ဟဲလို…ပြော”
“ဆရာ..ခုကျွန်တော်ဘာဆက်လုပ်ရမလဲလို့ ဆရာ့ကိုမေးတာ”
“ဘာဆက်လုပ်ရမလဲ။ မင်းပြောတော့ တစ်စစီဖြစ်သွားပြီဆို”
“ဟုတ်”
“တစ်စစီဖြစ်မှတော့ ဘာဆက်လုပ်လို့ ရမှာလဲကွ”

“ဒါပေမဲ့ ဒီအတိုင်းထားလို့တော့ မရဘူးလေဆရာ၊ ပြဿနာတွေတက်လိမ့်မယ်”

“ပြဿနာမတက်အောင် မင်းကဘာလုပ်လို့ရမှာလဲ”
“အဲဒါ ဆရာ့ကိုမေးတာ”
“ထားလိုက်ကွာ၊ ငါဖုန်းပြန်ဆက်မယ်”
“ဟုတ်…ဆရာ”

ဖုန်းကိုပိတ်ပြီး ဝါးစားပွဲပေါ်ပစ်တင်လိုက်သည်။ ဦးတော ကျော်၏ခေါင်းတွေ ထူပူလာသည်။ သူ့မျက်လုံးကို လက်ဝါးဖြင့် ပိတ်လိုက်တော့ မန်ကျည်းပင်ကြီးက သူ့အပေါ် ဝပ်ကျလာသည်။ သူအလန့်တကြားဖြင့် မျက်လုံးကို ပိတ်လိုက်သည်။ သူ့မျက်လုံးကို လက်ဝါးနှင့်သာမက ဇွတ်မှိတ်၍ ပိတ်လိုက်တော့ မြင်ကွင်းက ပိန်းပိတ်အောင် မှောင်ကျသွားသည်။ သူဘာကိုမှ မမြင်ရတော့။ လန့်ပြီးမျက်လုံးကိုဖွင့်လိုက်တော့ မှောင်နေသည်။

“လာကြဦးဟ…ဒီကိုလာကြဦး”

ဦးတောကျော်၏အော်သံကြောင့် သားကြီးက ထွက်ပြေးလာသည့် မျက်နှာကို လက်ဝါးဖြင့် ပိတ်၍အော်နေသော သူတို့ အဖေနားကပ်လာသည်။

“အဖေ ဘာဖြစ်တာလဲ”
“ငါ့မျက်လုံး…ငါ့မျက်လုံးသွားပြီ”

“အဖေဘာဖြစ်တာလဲ ဘာနဲ့ခိုက်မိတာလဲ။ ဘာဝင်သွားတာလဲ”
“ဘာမှမခိုက်ဘူး ဘာမှမဝင်ဘူး။ ဒီလိုပဲ ကန်းသွားတာ”
“ဗျာ…ကျွန်တော်ကြည့်ဦးမယ်။ အဖေ့လက်တွေ ဖယ်လိုက်ဦး”
“မရတော့ဘူး။ ကန်းပြီ။ လက်ဖယ်လည်း ကန်းပြီ”
“ကျွန်တော်ကြည့်ဦးမယ်လေ အဖေ။ လက်ဖယ်လိုက်”

ဦးတောကျော်က သူ့လက်ဖဝါးကို မျက်နှာတွင် အသေကပ်ထားသည်။ သားကြီးက ခွာတော့သူက အသေပိတ်ထားသည်။ သားကြီးက ဇွတ်ခွာလိုက်ပြီး လက်နှစ်ဖက်ကို ဖမ်းထားလိုက်သည်။ ဦးတောကျော်က ခေါင်းကိုငုံ့ကာမျက်လုံးကို စုံမှိတ် ထားသည်။

“အဖေမျက်လုံးကို ဇွတ်မှိတ်မထားနဲ့လေဖွင့်ကြည့်လိုက်ဦး”
“မရဘူး…ကန်းပြီ။ ငါကန်းပြီ”

ဦးတောကျော်၏ မိန်းမကလည်း အိမ်ထဲကနေ ထွက်ပြေးလာသည်။
“ကိုတောကျော် မျက်လုံးဖွင့်ဦးလေ။ ဒါမှမြင်ရမှာပေါ့”
“ငါကန်းသွားပြီ”

“မျက်လုံးမဖွင့်ဘဲနဲ့ ကန်းပြီချည်းလုပ်နေတာ။ ရှင့် မျက်လုံးဖွင့်လိုက်လေ”

ဦးတောကျော်၏ မိန်းမက ဦးတောကျော်ခေါင်းကိုမော့စေကာ မျက်လုံးတွေကို ဆွဲဖွင့်သည်။ ဦးတောကျော်ကတော့ ဇွတ်မှိတ်ထားကာ ကန်းပြီဟုသာ အော်နေလေသည်။ မိန်းမ ကလည်း မျက်လုံးကို ဇွတ်ဆွဲဖွင့်သည်။ နောက်တော့ ဦးတောကျော်မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူ့မိန်းမနှင့်သူ့သားကိုတွေ့သည်။ သူ့မျက်လုံးကိုပွတ်ပြီး ထပ်ကြည့်သည်။ သူ့မျက်လုံးက အားလုံးကို ထင်ထင်ရှားရှားမြင်နေရသည်။

“ကိုတောကျော်၊ ရှင်ဘာအိပ်မက်ဆိုးတွေ မက်နေတာလဲ။”
“အိပ်မက်မက်နေတာ မဟုတ်ဘူးကွ။ ငါ့ရေတစ်ခွက် တိုက်စမ်း”
သားကြီးက ရေးနွေးငှဲ့လိုက်သည်။
“ရေအေးပေး။ ရေနွေးသောက်လို့ မရဘူး”
သားကြီးက အိမ်ထဲဝင်သွားပြီး ရေခဲသေတ္တာထဲမှ ရေတစ်ဘူးကို ဆွဲလာကာ ဖန်ခွက်ယူ၍ထွက်လာသည်။ ကိုတောကျော်မှာ ရေအေးအေးကိုသောက်လိုက်တော့မှ ရင်ထဲက နည်းနည်းအေးသွားသည်။

“သစ်ကား ချောက်ထဲကျသွားလို့တဲ့”
“ရှင်….”
“သေသွားလို့လား အဖေရာ”
“ကားရော လူပါတစ်စစီဖြစ်သွားတာတဲ့။ ပြဿနာတွေတော့စပြီ။ ဒုက္ခတွေက လာနေပြီ” မိန်းမနှင့် သားကြီးကပါ ငြိမ်ကျသွားသည်။

“ဒီကိစ္စက ရှင်းရမှာတွေ အများကြီးပဲ”

ဦးတောကျော်က ပက်လက်ကုလားထိုင်ပေါ် ကျောချ လိုက်ပြီ။ လေးပင်စွာ ပြောလိုက်သည်။ မန်ကျည်းပင်ကြီးကို မော့ကြည့်ရင်း ဦးတောကျော်စိတ်တွေ လှုပ်ရှားလာသည်။ ဦးတောကျော်မှာ မန်ကျည်းပင်ကို ကြည့်ရင်းကြည့်ရင်း ထိတ် လန့်လာပြီး အိမ်ထဲ ဝင်ပြေးသည်။ အဲကွန်းများဖြင့် အေးစိမ့်နေသည့် ဦးတောကျော်၏ အိမ်ထဲတွင် ဦးတောကျော်မှာ ချွေးစေးတွေပြန်ပြီး လဲကျသွားလေသည်။

ဦးတောကျော်၏အိမ်ထဲတွင် ဆူညံသွားလေသည်။ ဦးတောကျော်ပြန်လည် သတိလည်လာရေးအတွက် ဝိုင်းလုပ်ပေးကြသည်။ ဆရာဝန်ခေါ်ပြီး ကုသလိုက်ရသည်။ ဦးတောကျော်ကား သတိပြန်လည်လာသည်။ ထိုနောက်ပိုင်းမှ စတင်ကာ ဦးတောကျော်တစ်ယောက် အပင်ကြီးများကို ကြောက်သောစိတ္တဇရောဂါ စွဲကပ်သွားလေသည်။

သို့သော် သူ့အိမ်ခြံဝင်းထဲရှိ သစ်ပင်ကြီးလေးပင်ကိုတော့ သူကခုတ်လှဲခြင်းမရှိပေ။ ကြောက်ကြောက်နှင့်ပင် ဆက်ထားလေသည်။ တစ်ခါတစ်ရံ ထိုသစ်ပင်ကြီးများကို ဦးတောကျော်ထိုင်၍ ကန်တော့နေသည်ကို အိမ်သားတွေက တွေ့ရလေသည်။

-Ads-
-Ads-