မိုးချုန်းသံနှင့် လျှပ်စီးလျှပ်ပန်းများ

ရှေးရှေးအခါတုန်းက မယ်ကမ္ဘာမြေဟာ အလွန်လှပတဲ့ အပျိုစင်ကလေးတစ်ယောက် ဖြစ်ပါသတဲ့။ သူ့ဆံပင်ရှည်တွေဟာ နက်မှောင်ပြီး ချောမွေ့တောက်ပပြောင်လက်နေတယ်။ သူ့မျက်လုံးတွေကလည်း လရောင်ကင်းတဲ့ညတွေလို မည်းနက်နေတယ်။ ဖိတ်ဖိတ်တောက်ပြီး ပြောင်လက်နေတယ်။ အသားအရည် ကတော့ ဝင်းမှည့်နေတဲ့ ဂျုံခင်းလို ရွှေရောင်တောက်ပနေတယ်။

ဒါကြောင့် ရွာထဲမှာရှိကြတဲ့ ယောက်ျားလေးတွေဟာ မယ်ကမ္ဘာမြေကိုချစ်ကြတယ်။ လက်ထပ်ပေါင်းသင်းလိုကြတယ်။ သို့ပေမယ့် မယ်ကမ္ဘာက သူတို့ကိုရယ်မောပြပြီး သူ့နောက်လိုက် ဖမ်းဖို့ကြံတိုင်း လွတ်ပြေးသွားတယ်။ သူက အပြေးကလည်း မြန်လှတဲ့မိန်းမပျိုလေးဖြစ်လေတော့ သူ့ကိုတစ်ယောက်မှ ဖမ်းမမိပါဘူး။

အခုဆိုရင် သူ့ကိုချစ်ရေးဆိုတဲ့ ယောင်္ကျားလေးတစ်ယောက်ရှိနေတယ်။ နာမည်က “လက်ရှ်မင်း”ပါတဲ့။ သူက အပျိုစင် မယ်ကမ္ဘာမြေကို သူ့အသက်ထက်တောင် ပိုပြီးချစ်တယ် လို့ဆိုတယ်။ လက်ရှမင်းဟာ အပျိုစင်မယ်ကမ္ဘာမြေရဲ့ ဖခင်အိမ် ကိုသွားပြီး သမီးဖြစ်သူနှင့် သူ့အားလက်ထပ်ပေးစားဖို့တောင်း ပန်သတဲ့။ ဖခင်ဖြစ်သူက သူ့ကိုသည်လို ပြောပါတယ်။ အကယ်၍ လက်ရှမင်းဟာ သူတို့ရဲ့ အိမ်မှာ ၁၂ နှစ် ကျွန်အဖြစ်လုပ်ကိုင်ပေး မည်ဆိုရင် သူ့သမီးအပျိုစင်ကို သတို့သမီးအဖြစ် လက်ထပ်ခွင့် ပေးပါမယ်တဲ့။

ဒါနဲ့လက်ရှမင်းဟာ မိန်းမပျိုလေးနှင့် သူ့အဖေအိမ်မှာ အစေအပါးဖြစ်လာပါတယ်။ သူဟာ သူတို့ခိုင်းသမျှ ဝမ်းပန်း တသာနှင့် နာခံပြီး ကောင်းစွာလုပ်ဆောင်ပေးတယ်။ သို့နှင့် ၁၂ နှစ်ကာလတိုင်ကြာခဲ့ပါတယ်။ နောက်ဆုံးမှာ တော့ လက်ရှမင်းဟာ သူ့သခင်ထံ ရောက်လာပြီး ပြောပါတယ်။

“ကျွန်တော်ဟာ သခင်တို့ရဲ့ အိမ်မှာ ၁၂ နှစ် ကျွန်အဖြစ်လုပ်ပေး ခဲ့ပြီးဖြစ်ပါတယ်။ သခင်ခင်ဗျာ….အခုကျွန်တော်က မိမိ နေရပ်အိမ်ကို ပြန်ပါတော့တယ်။ သခင်ကတိပေး ထားတဲ့အတိုင်း အဖိုးအခအဖြစ်….ပေးပါတော့”

သူ့သခင်က ပြန်ပြောတယ်။ “သခင်ဟာ အလွန်ကောင်းမွန် တဲ့ အစေအပါးတစ်ယောက် ဖြစ်ခဲ့တယ်။ ရိုးသားတယ်။ တက်တက်ကြွကြွ လုပ်ကိုင်ပေးခဲ့တယ်။ မင်းကိုဆုကောင်းကောင်းချရမယ်”လို့ ပြောပြောဆိုဆို သခင်ဖြစ်သူက အိမ် အတွင်းခန်းထဲက မြေအိုးတစ်လုံးထုတ်လာတယ်။ သည်အိုးက အဖုံးကို အကျပ်ပိတ်ထားတယ်။

“သည်အိုးကိုယူပြီးသွားတော့ ငါ့သား၊ အိုးထဲမှာ ငါ့ရဲ့သွေးတွေအပြည့်ပါတယ်။ အိုးကို မင်းအိမ် မရောက်မချင်းမဖွင့်ပါနဲ့။ ငါ့စကားကို နားထောင်ပါ။ တို့နဲ့မင်း နေခဲ့တဲ့ နှစ်တွေတုန်း ကလိုပဲ ငါ့စကား ကိုနားထောင်ပြီး လိုက်နာမယ်ဆိုရင် အားလုံး အဆင်ပြေသွားလိမ့်မယ်”လို့ သူ့သခင်ကပြောတယ်။

လက်ရှ်မင်းကလည်း ပျော်ပျော်ရွှင်ရွှင်နှင့် သူ့သခင်ဆီက အိုးကိုယူလိုက်တယ်။ နားထောင်ပါမယ်လို့လည်း ကတိပေးလိုက် တယ်။ အိုးကိုခေါင်းပေါ်မှာရွက်ပြီး သူ့ရဲ့အိမ်ဆီသို့ ပြန်မယ့်ခရီးကို စတင်လိုက်တော့တယ်။

ခရီးကတော့ဝေးတယ်။ တောလမ်းခရီးကို လက်ရှ်မင်း တစ်ယောက်တည်း ဖြတ်ရမယ်။ အားရဝမ်းသာစွာပဲပြန်ခဲ့တယ်။ အိုးထဲမှာ ဘာတွေပါလိမ့်မလဲလို့ သူတွေးတောနေမိတယ်။ သူ့သခင်ပြောတဲ့ အတိုင်း သွေးတွေပါလိမ့်မလားလို့။ ထူးဆန်းတဲ့ အိုးကို ဖွင့်ဖို့စိတ်ကူးမိတယ်။ အိုးကို အလျှင်အမြန်ကြည့်လိုက်တယ်။ သို့ပေမယ့် သူ့သခင်ကိုပေးခဲ့တဲ့ ကတိစကားကို သတိရ လိုက်တယ်။ သူ့ရဲ့ဆန္ဒကိုထိန်းလိုက်ရင်း ဆက်ပြီးခရီးနှင်ခဲ့တယ်။ “ညမတိုင်ခင်တော့ ငါ့အိမ်ကိုပြန်ရောက်မှာပါ”လို့ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ “အိမ်ရောက်ရင် အိုးကိုဖွင့်ရမယ်။ ၁၂ နှစ်လုံးလုံး ငါ့သခင်ရဲ့စကားကို နားထောင်ခဲ့ပြီးပြီ။ ဒီတော့ သိပ်မှမကြာတော့ဘဲ နည်းနည်းအချိန်စောင့်ရမှာကို ငါးနားထောင်နိုင်ပါတယ်”လို့ ဆိုမိတယ်။

သူခရီးဆက်လာခဲ့တယ်။ နေဟာအတော်မြင့်လာပြီ။ လက်ရှ်မင်းအတော်ပူလာပြီ။ နည်းနည်းလည်းမောလာပြီ။ အိုးက ပိုလေးလာသလားလို့ ထင်မိတယ်။ ခြေလှမ်းတိုင်းလှမ်းတိုင်း ပိုလေးလာသလိုပဲ။ အိုးထဲကလည်း ထူးခြားတဲ့အသံတွေကြား နေရတယ်လို့ ထင်မိတယ်။ သူချစ်တဲ့အပျိုစင်မိန်းကလေးဟာ အိုးထဲမှာရှိမလားလို့ ထင်မိတယ်။ အဖုံးကို နည်းနည်းလေးဖွင့်ပြီး အထဲကိုခဏလေးလောက်ကြည့်ချင်တဲ့စိတ်ဟာ ရွစိရွစိဖြစ်လာ တယ်။ ဒါပေမဲ့….”မဖြစ်သေးဘူး….မဖြစ်သေးဘူး” လို့ တွေးလိုက်ပြီး “မကြာခင် ငါ့အိမ်ရောက်တော့မှာပဲ၊ ဒီတော့ သိရတော့မှာပဲ”လို့ သူ့ကိုယ်သူပြောလိုက်တယ်။

တောနက်ထဲက သူဟာခြေလှမ်းကျဲကျဲနှင့် မြန်မြန် လျှောက်လာလိုက်တယ်။ လမ်းခရီးမှာ သူ့ဘေးမှာတွေ့ရတဲ့ ငှက်ကလေးတွေ၊ ရှဥ့်ကလေးတွေကို လျှောက်ကြည့်နေလိုက် တယ်။ ခေါင်းပေါ် မှာရွက်လာခဲ့တဲ့မြေအိုးကို မေ့ဖို့ကြိုးစား လိုက်တယ်။ ဒါပေမဲ့ သူ့စိတ်ဟာ မြေအိုးဆီပဲ တစ်ကြိမ်ပြီး၊ တစ်ကြိမ်ရောက်နေတယ်။ အထဲမှာ ဘာပါပါလိမ့်မလဲလို့ မှန်းဆမိတယ်။ သူချစ်တဲ့မိန်းမပျိုလေးပါမယ် ဆိုတာသေချာတယ်….သိပ်သေချာတယ်လို့ ထင်မိတယ်။

ညနေစောင်းလာတဲ့အခါ သူ့အိမ်နှင့် သိပ်နီးလာပြီလို့ သူ့ကိုယ်သူအားပေးစကားပြောမိတယ်။ အခုဆိုရင် သိပ်မကြာ တော့ဘူး။ ရောက်တော့မှာလို့ သူ့ဘာသာပြောမိတယ်။ ဒါပေမဲ့ သူ့စိတ်ဟာမငြိမ်ဘူး။ “အန္တရာယ်မရှိလောက်တာ သေချာပါတယ်”လို့တွေးမိတယ်။ “ငါ….ဒီပိတ်ထားတဲ့ အဖုံးကို ရုတ်တရက် ဖွင့်ကြည့်လိုက်မယ်….” ဆိုတဲ့ သိချင်လွန်းတဲ့စပ်စုတဲ့စိတ်ဟာ သူ့ကိုလောင်မြိုက်နေတယ်။

နောက်ဆုံးတော့ သူဟာသည်းမခံတော့ဘဲ ပေါက်ထွက် သွားတယ်။ သူဟာသစ်တုံးတစ်တုံးပေါ်မှာ ထိုင်လိုက်ပြီး သူ့ခေါင်း ပေါ်ကအိုးကို သူ့ရှေ့မှာချလိုက်တယ်။ သည်အခါမှာ အိုးထဲက မိန်းကလေးတစ်ယောက်ရဲ့ ရယ်မောသံကိုကြားလိုက်ရတယ်။ နောက်တိုးတိုးလေးလေသံနှင့် စကားပြောသံ၊ နောက် သက်ပြင်း ချသံတွေကို ဖြည်းဖြည်းသာသာကလည်း ကြားနေရတယ်လို့ ထင်မိတယ်။ သူ့နှလုံးခုန်သံဟာ မြန်လာပါတယ်။ “ငါအိုးကို ဖွင့်ကို ဖွင့်ရမယ်”လို့ သူ့ကိုယ်သူ တိုးတိုးလေးပြောလိုက်တယ်။

“နည်းနည်းလေး….နည်းနည်းလေး ….ချောင်းကြည့်လို့ရရုံလေး….”ဆိုပြီး လက်ရှ်မင်းဟာ အိုးမှာပိတ်ထားတဲ့ အဖုံးကိုဖွင့်လိုက်တယ်။ သို့ပေမဲ့….သူသည်လိုခဏလေးဖွင့် လိုက်စဉ်မှာပဲ သူမျက်နှာကိုထိပြီး တစ်စုံတစ်ခုဟာ ပျံထွက်သွားတယ်။ သူကိုယ်သူ ဘာဖြစ်သွားသလဲဆိုတာ မသိနိုင်ခင်လေးမှာပဲ သူချစ်နေတဲ့မိန်းကလေးရဲ့ပုံသဏ္ဌာန်ဟာ အိုးထဲကအလင်းရောင် တောက်ပစွာနှင့် လွတ်ထွက်သွားတော့တယ်။

မိန်းကလေးပုံရိပ်ဟာ ကောင်းကင်ကို အလင်းရောင် ပစ်လွှတ်လိုက်တယ်။ ငွေရောင်တောက်နေတဲ့ လျှပ်နွှယ်လျှပ်ပန်းလိုပဲ သူ့ပုံဟာ ဖြာထွက်နေတယ်။ လက်ရှ်မင်းဆီက အမြဲတမ်း ထွက်ခွာသွားတော့တယ်။ မိန်းကလေးဟာ လျှပ်စီးအသွင် ပြောင်း သွားပါတော့တယ်။ လက်ရှ်မင်းဟာ မိန်းကလေးကို ဘယ်တော့မှ လက်ထပ်ဖို့မဖြစ်နိုင်တော့ပါဘူး။ သည်လိုနှင့်ပဲ သူဟာ သူကတိမတည် အမိန့်မနာခံမှုကို ခံစားရပါတော့တယ်။

“ပြန်လာခဲ့ပါ…. ပြန်လာခဲ့ပါ….”လို့ တောထဲမှာ တစ်ယောက်တည်း အော်ဟစ်နေလေရဲ့။ သည်နောက် သူဟာ သူ့ရဲ့ လေးနှင့်မြားကိုယူပြီး ကောင်းကင်ထဲကို ပစ်လွှတ်လိုက်တယ်။

မြားဟာ လျှပ်စစ်နှင့်ထိပြီး တိမ်တွေထဲမှာ မိုးချုန်းသံတွေ ဖြစ်လာတယ်။

သို့ပေမဲ့ မိန်းကလေးဟာ ရယ်မောလိုက်ရင်း ဖြူဖွေးတဲ့ သွားတွေကိုပြရင်း ပျံသွားတယ်။ လက်ရှ်မင်းဟာ ရွှေရောင် တောက်နေတဲ့ လျှပ်ပန်းလျှပ်နွှယ်တွေဟာ တိမ်တွေကို ဖြတ် တောက်ပြီးသွားနေတာကိုပဲ တွေ့ရတော့တယ်….။

“မိုးချုန်းသံတွေကို လူတွေကြားနေရတယ်။ လက်ရှ်မင်းရဲ့ မြားတွေနဲ့ လျှပ်ပန်းတွေထိခိုက်မိတဲ့ အသံတွေပေါ့။ မှောင်ထဲမှာ မိုးမုန်တိုင်းကျနေရင် ရွှေရောင်တောက်နေတဲ့ လျှပ်ပန်းတွေကို မြင်နိုင်ပါတယ်။ မိန်းကလေးဟာ လှပနေတယ်။ ဒါပေမဲ့ ဘယ်သူမှ သူ့ကိုဖမ်းလို့မရတော့ဘူး။ ကောင်းကင်ထက်မှအလင်းတွေ ထိခိုက်ဖြစ်ပေါ်နေတယ်။ လက်ရှ်မင်းရဲ့မြားပစ်သံတွေ ကြားနေရ လိမ့်မယ်။ ဒါပေမဲ့ အချည်းနှီးပါပဲ။ သူချစ်တဲ့မိန်းကလေးကို ဘယ်တော့မှ မရနိုင်တော့ပါဘူး….”

(အိန္ဒိယရဲ့ ရှေးဟောင်းပူရဏ်ကျမ်းတွေမှာ အင်ဒရာ နတ်ဟာ မိုးနှင့်မုန်တိုင်းကို သူ့ရဲ့ဝဇီရာရုဓနှင့် ဖြစ်ပေါ်စေတယ်လို့ ဆိုတယ်။ သည်ပုံပြင်က အိန္ဒိယနတ်ပုံပြင်တွေထဲက ရိုးရာတစ်ပုဒ် ဖြစ်သလို တောင်တန်းဒေသရှိ အာသံသားတွေရဲ့ ပုံပြင်တစ်ပုဒ် လည်းဖြစ်တယ်။)

Shanta Rameshwar Rao ၏ How Thunder and Lighting were Made ကိုပြန်ဆိုသည်။