မြန်မာ့စိတ်ရင်း

( ၁ )

နွေဦးဆိုပေမယ့် ဦးခေါင်းပေါ်တည့်တည့်ရောက်နေသော နေအပူရှိန်က နွေကို သစ္စာရှိနေသည်။ ဆိုင်ကယ်စီးနေသည်မို့ ဖြတ်သန်းလာသော လေနုအေးအေးလေးကို ကျေးဇူးတင်နေမိသည်။ တစ်ချက်တစ်ချက် ထိုလေနုအေးတွေကြားထဲမှာ လေပူတချို့ ရောယှက်နေတတ်သည်။

မိမိနေထိုင်ရာညောင်ပင်သာနှင့် အတန်အသင့်ဝေးသောရွာမှ အမေ၏ညီမ ကျန်းမာ ရေးမကောင်းသဖြင့် ဒီလမ်းခရီးကို နှစ်ရက်ခြားတစ်ခါလောက် ရောက်ဖြစ်နေသည်။ ခါတိုင်းရက်တွေမှာတော့ ညနေခင်းလူနာပါးသည့် ည ၇ နာရီကျော်မှ သွားဖြစ်သည် ။

တစ်နေ့က ထိုရွာမှ ဆွေမျိုးများနှင့် စကားကောင်းနေသဖြင့် အတော်နှင့်မပြန်ဖြစ်။ ပြန်လာချိန်ထက် နောက်ကျနေသောသားဖြစ်သူအတွက် စိုးရိမ်စိတ်တွေနှင့် အဖေသည် ထိုရွာသို့ လိုက်လာသည်။ အဖေစိုးရိမ်မည်ဆိုလည်း စိုးရိမ်စရာ။ ယခင်က ဒီလမ်းခရီးသည် ဓားပြတွေအလွန်ပေါသည်ဟု အမေပြောဖူးသည် ။ ဒီခေတ်မှာမရှိတော့ပါဘူးလို့ ပြောလို့ရ သော်လည်း ဖခင်တစ်ယောက်၏မေတ္တာတရားကိုအခြေခံတဲ့ စိုးရိမ်စိတ်ကိုတော့ သူနားလည်ပါသည်။

ဒါကြောင့်လည်း အဖေစိတ်မပူရအောင် အပူရှိန်ပြင်းသည့် နွေဦးရာသီ၏မွန်းတည့်နေရောင်အောက်မှာ လူနာပါးသောအချိန် ထွက်လာရသည်။

“ဝူးဝူး ….ချပ်”
“ဝူးဝူး ….ချပ်”

တစ်ချက်တစ်ချက် တိမ်ဝင်သွားသော ဆိုင်ကယ်စက်သံကြောင့် ချုပ်ကိုဆွဲလိုက်ရသည်။ ထင်သည့်အတိုင်းပါပဲ ဆိုင်ကယ်ဆီပြတ်ပါတော့မည်။ ချုပ်ဆွဲပြီးစီးလျှင်တောင် အနီးဆုံးရွာကို မရောက်နိုင်။ မိနစ်၂၀ လောက် တွန်းရလိမ့်မည်။ ဆိုင်ကယ်ရပ်သွားတော့ နောက်ကညီငယ်က “အစ်ကိုရှူးပေါက်မလို့လား” ဆေးအိတ်လေးကိုင်ရင်း မေးရှာသည်။

“ဆိုင်ကယ်ဆီပြတ်သွားလို့” ခပ်ပြုံးပြုံးလေး ပြောလိုက်တော့ “အစ်ကိုကတော့လုပ်ပြီ။ ဆိုင်ကယ်ဆီပဲပြတ်နေတာပဲ” ဆိုပြီး ဆိုင်ကယ်ပေါ်မှ လေးကန်စွာဆင်းလိုက်သည်။ သူဆိုင်ကယ်တွန်းရတော့မည်ဆိုတာ သိလိုက်သဖြင့် စိတ်ညစ်သွားဟန်ကို ဟန်ပင် မဆောင်နိုင်ရှာတော့။ သူက ဆိုင်ကယ်လေးကိုတွန်း၊ ကိုယ်ကဆေးအိတ်လေးဆွဲပြီး ဖုန်ထူထူလမ်းတစ်လျှောက် ညီအစ်ကိုနှစ်ယောက်အဖြစ်က သနားစရာ။

ခဏကြာတော့ အနားမှာဆိုင်ကယ်တစ်စီးလာရပ်ပြီး “ဘာဖြစ်တာလဲ၊ ဆိုင်ကယ်ပျက်တာလား” မေးသည်။

“မဟုတ်ဘူးအစ်ကို၊ ဆီပြတ်တာပါ။ အဲဒါ အစ်ကို့ဆိုင်ကယ်က ဆီနည်းနည်းလောက်ပေးလို့ရမလား”

ညီငယ်က ဝမ်းသာအားရပြောတော့ “ရှေ့ကရွာရောက်တော့မှာပါ။ ဆိုင်ကယ်နဲ့ဆို မကြာပါဘူး။ ဒီကစောင့်နေလိုက်လေ။ ကျုပ်ဝယ်ပြီး လာပို့ပေးမယ်လေ”ဟု ချက်ချင်းပင် ပြန်ပြောသည်။

ညီငယ်ဖြစ်သူက မိမိဘက်ကိုလှည့်ကြည့်လိုက်သည်။ သူ့အကြည့်ကို ကျွန်တော်သိသည် နားလည်သည်။ သို့သော် ကျွန်တော်မသိသလိုနှင့် ထိုသူကို ပိုက်ဆံ ကျပ် ၁၀၀၀ ထုတ်ပေးလိုက်ပါသည်။ “ခဏပါဗျာ။ ဟိုသစ်ပင်ရိပ်ကနေသာ စောင့်နေလိုက်ပါ။ အရမ်းပူလို့ပြောတာ” ဆိုပြီးဝူးခနဲထွက်သွားလေသည်။

( ၂ )

သစ်ပင်ရိပ်ကိုရောက်တော့ ညီငယ်က”အစ်ကိုကလည်း ဘာလို့ထုတ်ပေးလိုက်တာလဲ။ ဘာလဲ မမှတ်သေးဘူးလား” မကျေမနပ်ပြောသည်။

“ဒီမယ်ညီလေး၊ မင်းပြောတာ အစ်ကိုနားလည်တယ်။ အရင်တစ်ခါလိုဖြစ်မှာ မင်းစိုးရိမ်နေတာမဟုတ်လား”

“ဟုတ်တယ်လေ။ အစ်ကိုကလည်း အရင်တစ်ခါတုန်းကလည်း ဒီလိုပြောပြီး ငွေကျပ် ၁၀၀၀ မသွားတာပဲမဟုတ်လား” အသံတွေပင် ကျယ်လာသည်။

“အဲဒီလိုမစဉ်းစားရဘူး။ ညီလေးအခု အစ်ကိုတို့ ဒုက္ခရောက်နေတယ်။ သူ့ကို အစ်ကိုတို့ကတားပြီး အကူအညီတောင်းတာမဟုတ်ဘူး။ သူ့အသိစိတ်နဲ့သူ ဆိုင်ကယ်ရပ်ပြီး ကူညီပေးမယ်ပြောတာလေ။ အစ်ကိုက အဲဒီစိတ်ဓာတ်ကို လေးစားတာ သူတစ်ပါးကို ကူညီချင်တဲ့စိတ်ဟာ မွန်မြတ်တဲ့စိတ်ထားပဲညီလေး။ အစ်ကိုတို့က အရင်တစ်ခါခံထားရတာမို့ နောက်တစ်ခါထပ်ပြီး မခံရအောင်ဆိုပြီး သူ့ရဲ့ကူညီမှုကိုငြင်းမယ်ဆိုရင် သူ့ရဲ့မွန်မြတ်တဲ့စိတ်ထားကို စော်ကားရာရောက်သွားမှာပေါ့။ လူတစ်ယောက်ဟာ မိုးမွှန်အောင်ဆဲနေမှ ရိုင်းတယ်၊ ယဉ်ကျေးမှုမရှိဘူးလို့ ခေါ်တာမဟုတ်ဘူး။ သူတစ်ပါးရဲ့ မွန်မြတ်တဲ့စိတ်ထားကို အသိအမှတ်မပြုဘဲ စော်ကားတယ်ဆိုတာလည်း ယဉ်ကျေးမှု မရှိဘူးလို့ ခေါ်တာပဲ။ ညီလေး အစ်ကိုတို့ဘက်က ဆုံးရှုံးတယ်ဆိုရင် ငွေကျပ် ၁၀၀၀ နဲ့ အချိန်လေးပါ။ အစ်ကိုတို့ဘက်က ငြင်းလိုက်လို့ သူ့စိတ်ထဲမှာလူတွေ ကူညီပေးတာတောင် မယုံသင်္ကာနဲ့ နောက်ဘယ်တော့မှ မကူညီတော့ဘူးဆိုတဲ့ အတွေးဝင်သွားရင် သူ့ရဲ့မွန်မြတ်တဲ့ စိတ်ထားလေး ဆုံးရှုံးသွားမှာ။ ကဲပါလာ….အခုတော့ ဖုန်းလိုင်းမိနေတာ အင်တာနက်သုံးရင်း စောင့်ကြတာပေါ့” ဟုပြောရင်း သစ်ပင်အောက်မှာ ထိုင်ချလိုက်သည်။

ဟိုအဝေးက ရိုးပြတ်တွေကို မီးရှို့နေရာမှ ထွက်ပေါ်လာသော မီးခိုးငွေ့တွေကို ကြည့်နေရင် တစ်ချိန်က ယခုလိုအဖြစ်အပျက်မျိုးကို မြင်ယောင်လာသည်။

( ၃ )

ထိုနေ့က ယခုလိုပင် ဆိုင်ကယ်ဆီပြတ်သည်။ ရောက်လာသည့် ဆိုင်ကယ်တစ်စီးကိုတားပြီး ဆီဝယ်ပေးဖို့ အကူအညီတောင်းသည်။ ငွေကျပ် ၁၀၀၀ နှင့် ထိုသူသည် ထိုနေ့က ပေါ်မလာတော့။ မိမိတို့သာ အချိန်ကုန်၊ ငွေဆုံးဖြစ်ခဲ့ရသည်။ တစ်ခါကြုံဖူးထားပြီမို့ တပည့်က သိပ်စိတ်မပါလှ ငယ်ရွယ်သူပီပီ အ,တယ်လို့ အထင်မခံချင်ဘူးထင်သည်။

အချိန်တွေက တရွေ့ရွေ့နှင့်ကုန်ဆုံးခဲ့သည်။ အနီးဆုံးရွာနှင့် အသွားအပြန်ဆို လျှင် ၁၅ မိနစ်နှင့်ရောက်သည့်ခရီးက မိနစ်၂၀အထိ ရောက်မလာ။

“ကဲကွာ….တွန်းသွားကြစို့” ထိုင်ရာမှ ထရင်းပြောလိုက်တော့ “ဟွန်း….သူမပြောဘူးလား။ အခုတော့မှတ်ပလားဆိုတဲ့ အောင်နိုင်သူ ပုံစံမျိုးနဲ့ထပြီး ဆိုင်ကယ်ကိုတွန်းသည်။ စတွန်းပြီး ခြေလှမ်းငါးလှမ်းလောက်ရောက်တော့ ရှေ့ဆီမှ ဆီပုလင်းကိုကိုင်ပြီး မပြေးရုံတစ်မည်ခြေလှမ်းများဖြင့် ကျွန်တော်တို့ထံလာနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ကျွန်တော်တို့ အနားရောက်တော့ နဖူးပေါ်က ချွေးစလေးတွေကို လက်ဖြင့်ခါချရင်း “အားနာလိုက်တာဗျာ၊ ကြာသွားတယ်။ ဆီဝယ်ပြီးပြန်လာတော့ ကျုပ်ဆိုင်ကယ် ဘီးပေါက်သွားတယ်ဗျ။ အဲဒါ ဆီဆိုင်ကို ပြန်ပြီးဆိုင်ကယ်ငှားရမှာလည်း ရှိ၊ မရှိ မသေချာလို့ ခပ်မြန်မြန်လမ်းလျှောက်ပြီး လာပို့တာ” ယူလာသည့် ဆီကိုဆိုင်ကယ်ထဲထည့်ရင်း ပြောသည်။

ဒီတစ်ခါတော့ တပည့်လေးကို အောင်နိုင်သူတစ်ယောက်ရဲ့ အပြုံးမျိုးနဲ့ ကျွန်တော်ကြည့်နေလိုက်သည် ။ ဆိုင်ကယ်ကို သုံးယောက်စီးရင်း စကားတွေ ပြောဖြစ်ခဲ့ကြသည်။ သူ့ဆိုင်ကယ်နားရောက်တော့ ဆိုင်ကယ်အရှိန်သတ်ရင်း “ကဲအခုဘယ်လိုလုပ်မလဲ” သူ့ကို မေးတော့ “ရွာနဲ့နီးပါတယ်။ ကျုပ်တွန်းသွားလိုက်မယ်။ ဒါပေမဲ့ ဘီးဖာဖို့ ပိုက်ဆံပါမလာဘူး။ ပိုက်ဆံကျပ် ၅၀၀ လောက်တော့ ပေးထားခဲ့ပါဦး။ အားတော့နာပါတယ်” မဝံ့မရဲလေးပြောရှာသည်။

ကျွန်တော်က ငွေ ကျပ် ၃၀၀၀ ထုတ်ပေးတော့ “၅၀၀ တန်မပါဘူးလား” မေးသည်။ မပါဘူးဆိုတော့မှ ၁၀၀၀ ယူထားပြီး ၂၀၀၀ ပြန်ပေးသည် ။

သူ့ကိုနှုတ်ဆက်ပြီး ကျွန်တော်တို့ဆက်လက် ခရီးဆက်ခဲ့ကြသည်။ သူ့နာမည်ပင် မမေးမိတော့။သူ့နာမည်ကို ကျွန်တော်မသိပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ သူ့ကို မေ့ပျောက်နိုင်မည်မဟုတ်ပါ။

ဤလောက ကမ္ဘာကြီးထဲမှာ လူတွေအပေါ် လိမ်ညာလှည့်ဖြားပြီးကောက်ကျစ်တတ်သူတွေရှိသလို မေတ္တာတရားရင်မှာထားလို့ ဒုက္ခရောက်နေသူကို ကူညီတတ်တဲ့ မွန်မြတ်စိတ်ထားပိုင်ဆိုင်သူတွေလည်း ရှိနေသေးတယ်ဆိုတာကို သက်သေပြသွားတဲ့ သူတစ်ယောက်ကို မေ့နိုင်ပါမည်တဲ့လား။