ဝိုင်ဘီအက်စ်ယာဉ်လိုင်းအချို့ပေါ်တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုများ ပိုမိုအတင့်ရဲခြိမ်းခြောက်ရန်ပြုမှုများ လုပ်ဆောင်လာ

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၃

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ၀ိုင်ဘီအက်စ်ယာဉ်လိုင်းအချို့ပေါ်တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်သူများက ခရီးသည်များအပေါ် ခြိမ်းခြောက်ရန်ပြုမှုများ ပိုမိုအတင့်ရဲစွာ လုပ်ဆောင်နေကြပြီး ပုံမှားရိုက်သည့်ပုံစံမျိုးဖြင့် ကျူးလွန်မှုများပင်ရှိလာကြောင်း ခါးပိုက်နှိုက်ခံရမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ခရီးသည်များထံမှ သိရသည်။

‘လှည်ကူးနဲ့ စံပြဈေးကိုပြေးဆွဲနေတဲ့ ၀ိုင်ဘီအက်စ်(၁)ယာဉ်လိုင်းပေါ်မှာ အဖွဲ့လိုက်ခါးပိုက်နှိုက်ခံရတာပါ။ အစက မပြောသေးဘူး။ မှတ်ပုံတင်ပါလို့ ပြန်တောင်းတော့ ခါးပိုက်နှိုက်က ခေါင်းကိုထုရိုက်ကာ မျက်နှာကိုတံတွေးနဲ့ထွေးပြီး ရန်ဖြစ်သလိုပုံစံလုပ်တယ်’ဟု ဒဂုံမြို့သစ် (အရှေ့ပိုင်း)တွင် နေထိုင်သူကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ခရီးသည် မထက်ထက်က ပြောဆိုသည်။

-Ads-
-Ads-

အနည်းဆုံး သုံးဦးထက်မနည်းပါဝင်သည့် အုပ်စုဖွဲ့ခါးပိုက်နှိုက်သူများသည် ရုံးဆင်း၊ ရုံးတက်ချိန်များတွင်သာမက ခရီးသည် နည်းပါးသည့်အချိန်မျိုးတွင်ပါ ကျူးလွန်လာကြပြီး လူမိသွားချိန်တွင်လည်း ပိုမိုအတင့်ရဲကာ ခရီးသည်အပေါ် အုပ်စုလိုက် ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းများ၊ အသင့်ပါလာသည့် လက်နက်ဖြင့် တိုက်ခိုက်ခြင်းများ၊ အခြားသူများ ၀င်ရောက်မကူညီစေရန် လင်မယားချင်းရန်ဖြစ်သည့်ပုံစံမျိုး ပုံမှားရိုက်မှုများရှိလာကြောင်း သိရသည်။

‘ကျွန်တော် ဖေဖော်ဝါရီ ၇ ရက်က ကျောင်းကပြန်လာတာ နေ့ခင်းပိုင်းကြီး အမျိုးသမီးတစ်ဦးကို ကားပေါ်မှာ ထုထောင်း နေတာမြင်တော့ ကျွန်တော်က လှမ်းတားတယ်။ အစက လင်မယားချင်းရန်ဖြစ်တဲ့ပုံစံမျိုးလုပ်နေတာ။ ကျွန်တော် ၀င်ပြောတော့ ကျွန်တော့်ကိုလည်း လာထိုးတယ်။ ရဲစခန်းမောင်းခိုင်းပြီးတော့ ကျွန်တော်လည်း ပြန်ထိုးတာပေါ့’ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၀ိုင်ဘီအက်စ်(၁)ယာဉ်လိုင်းဖြစ်စဉ်တွင် ၀င်ရောက်ကူညီခဲ့သည့် ကိုကောင်းစည်သူက ပြောဆိုသည်။

ခရီးသည်များမှာ ကိုယ်တိုင်ခါးပိုက်နှိုက်ခံနေရလျှင်ဖြစ်စေ၊ အခြားသူတစ်ဦး ခါးပိုက်နှိုက်ခံနေရလျှင်ဖြစ်စေ သိရှိသော်လည်း ခါးပိုက်နှိုက်များ ပြန်လည်ရန်ပြုမည်ကိုစိုးရိမ်သဖြင့် အော်ဟစ်အကူအညီမတောင်းဘဲ ငြိမ်ခံနေရသည့်အခြေအနေများ ရှိနေသောကြောင့် ပြည်သူများအနေဖြင့် ၀ိုင်းဝန်းကူညီကြရန်လိုအပ်ကြောင်း သိရသည်။

ခါးပိုက်နှိုက်ခံရပါက ရုတ်တရက်တုံ့ပြန်လိုက်ခြင်းထက် အခြေအနေကိုကြည့်၍ ဘေးပတ်ဝန်းကျင်ကို အကူအညီ တောင်းတတ်ရန် လိုအပ်ပြီး တစ်ဦးတည်းအကူအညီပေးခြင်းမျိုးထက် အများဝိုင်းဝန်း၍ ညီညီညွတ်ညွတ်ကူညီပေးရန် လိုကြောင်း ကိုကောင်းစည်သူက ပြောဆိုသည်။

ခါးပိုက်နှိုက်သူအများစုမှာ အမျိုးသမီးများအပေါ် ပစ်မှတ်ထားကာ အများအမြင်တွင် လင်မယားချင်းစကားများ ရန်ဖြစ်ဟန် ဖြင့် ရိုက်နှက်ခြိမ်းခြောက်ခြင်းမျိုးပြုလုပ်လေ့ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ဖူးသည့် ပြည်သူများထံမှ သိရသည်။

အုပ်စုဖွဲ့ခါးပိုက်နှိုက်သူများအနေဖြင့် ယာဉ်မောင်းများ၊ ခရီးသည်များကို ကိုယ်ထိလက်ရောက်တိုက်ခိုက်သည်အထိ အတင့် ရဲလာသည့်ဖြစ်စဉ်များ ရှိလာခြင်းကြောင့် ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုအရသာမက လင်းယုန်စီမံချက်အရပါ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သိန်းအေးက ပြောဆိုသည်။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများတွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုများ အများဆုံးဖြစ်ပွားလေ့ရှိပြီး ၀ိုင်ဘီအက်စ်ယာဉ်လိုင်းများပေါ်မှ အုပ်စုဖွဲ့ ခါးပိုက်နှိုက်သူများ၏ အတင့်ရဲစွာ လုပ်ဆောင်နေမှုများကို သက်ဆိုင်ရာတာဝန် ရှိသူအစိုးရနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဖော်ထုတ်ဖမ်းဆီးပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တွင်းခရီးသွားပြည်သူတို့က ပြောဆိုသည်။

-Ads-
-Ads-