၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် လမ်းညွှန်

ဦးသိန်းဇော်(မြန်မာစာ) ရန်ကုန်တက္ကသိုလ်

တက္ကသိုလ်ဝင်စာမေးပွဲအတွက် မြန်မာစာ ဘာသာရပ်မှာ ပြဋ္ဌာန်းချက်စာအုပ်တွေကတော့ မြန်မာကဗျာလက်ရွေးစင်၊ မြန်မာစကားပြေလက်ရွေးစင်၊ ရေသည်ပြဇာတ်၊ မြန်မာသဒ္ဒါအတွဲ (၂)အခန်း(၆)တို့ဖြစ်ကြတယ်။ မေးခွန်းပုံစံအရ ၁။ (က) မှာ မြန်မာသဒ္ဒါမှတ်စု ငါးခုမေးမှာဖြစ်တယ်။ (၁)စာအမျိုးမျိုး၊ (၂)သဏ္ဌာန်ပြောင်းအက္ခရာ၊ (၃)ဝါစင်္ဂ၊ (၄)ဋ္ဌာန်၊ ကရိုဏ်း၊ ပယတ်၊ (၅)ပါဋ္ဌ်ဆင့်ရေးနည်း၊ ဖတ်နည်းတို့ပဲဖြစ်တယ်။ အဲဒီထဲက နှစ်မျိုးလောက်ကို အပိုင်ကျက်မှတ်လေ့လာထားရင် (၅)မှတ်အပိုင်ရပြီပေါ့။

ဥပမာ။ ။ ပေစာပုရပိုက်စာ၊ အုတ်ခွက်စာ၊ ခေါင်းလောင်းစာ၊ ကျောက်စာ၊ ဋ္ဌာန်၊ ကရိုဏ်း၊ ပယတ်၊ မလှုပ်ရှားနိုင်သော စကားသံဖြစ် အင်္ဂါစကားသံဖြစ်အင်္ဂါ သရရွတ်ဆိုမှု။

ဝါစင်္ဂအပိုင်းမှာဆိုရင် နာမ်၊ နာမ်စား၊ နာမဝိသေသန၊ ကြိယာ၊ ကြိယာဝိသေသန၊ ဝိဘတ်၊ သမ္ဗန္ဓ၊ ပစ္စည်း၊ ဝါကျအထိကြည့်ထားမှ စိတ်ချရမယ်။

-Ads-
-Ads-

၁။(ခ) ဝါစင်္ဂဆိုင်ရာမှ သဒ္ဒါနားလည်မှုဆိုင်ရာမေးခွန်းဖြစ်တယ်။ (၄)မှတ်အပိုင်ရဖို့ နားလည်အောင် လေ့လာထားဖို့လိုမယ်။ နာမ်အနက်အဓိပ္ပာယ်လေးမျိုး၊ ဖွဲ့စည်းတည်ဆောက်ပုံအရ လေးမျိုးစသဖြင့် ခွဲခြားနားလည်ဖို့လိုမယ်။

ဥပမာ။ ။ အောက်ပါတို့မှ လေးခုကို ရွေးချယ်၍အနက်အဓိပ္ပာယ်အရ မည်သည့်ကြိရိယာဖြစ်ကြောင်း ဖော်ပြပါ။

(၁၀)နှစ်မြောက်၊ အားလုံး၊ မည်မျှ၊ သုံးခု၊ ယင်း။

အောက်ပါတို့မှ လေးခုကိုရွေးချယ်၍ အနက်အဓိပ္ပာယ်အရ မည်သည့်ကြိယာဖြစ်ကြောင်း ဖော်ပြပါ။

စား၊ နှိမ်နင်း၊ တိုက်ခတ်၊ ပျော်၊ တည်ရှိ။

ဖြေနည်းပုံစံ

၁။(ခ) (၁၀)နှစ်မြောက်-အစဉ်ပြသင်္ချာနာမဝိသေသနအားလုံး- ပမာဏပြသင်္ချာနာမဝိသေသနမည်မျှ-အမေးနာမဝိသေသနသုံးခု-အရေအတွက်ပြသင်္ချာနာမဝိသေသန

၁။(ဂ) သဒ္ဒါကျွမ်းကျင်မှုဆိုင်ရာမေးခွန်းဖြစ်တယ်။ (၆)မှတ်အပိုင်ရမှာဖြစ်တယ်။ ငါးခုမေးပြီး သုံးခုဖြေရမှာဖြစ်တယ်။ နာမ်ကနေ ပစ္စည်းအထိ ဝါစင်္ဂစကားလုံးတွေပေးထားပြီး ဝါကျဖွဲ့ပေးရမှာဖြစ်တယ်။

ဥပမာ။ ။ အောက်ပါတို့မှ သုံးခု ကိုကြိယာထောက်ပစ္စည်းအဖြစ် ၀ါကျတွင် သုံးပြပါ။

ကြည့်၊ ပေး၊ နိုင်၊ ထား၊ မိ

အဖြေပုံစံ ၁။ (ဂ) ကြည့်။ ။ မေမေပေးလိုက်သော မုန့်ကိုစားကြည့်ပါ။

နိုင် ။ ။ ကျော်ကျော်သည်ဆန်အိတ်ကို မ နိုင်သည်။

ထား။ ။ဆရာပေးလိုက်သော သင်္ချာပုစ္ဆာများကို တွက်ထားပါ။

၁။ (ဂ) အောက်ပါသမ္ဗန္ဓတို့မှ သုံးခုကိုရွေးချယ်၍ ဝါကျတွင် သုံးပြပါ။ မည်သည့်သမ္ဗန္ဓဖြစ်ကြောင်း ဖော်ပြပါ။

သဖြင့်၊ ထက်၊ လျက်၊ သကဲ့သို့၊ ၍

အဖြေပုံစံ ၁။ (ဂ) မောင်မောင်သည်အလွန်အပြေးမြန်သဖြင့် ပထမဆုကိုရရှိခဲ့တယ်။(အကြောင်းပြသမ္ဗန္ဓ)

အောင်အောင်စာကြိုးစားသည်ထက် ကျွန်တော်ကပိုကြိုးစားပါသည်။(နှိုင်းယှဉ်ပြသမ္ဗန္ဓ)

ကြောင်တစ်ကောင်သည်ရေအိုးစင်အနီး၌ ဝပ်လျက် ကြွက်ကိုချောင်းနေသည်။(တစ်ပြိုင်နက်ပြသမန္ဓ)

(မှတ်ချက်။      ။ သုံးခုသာဖြေဆိုရမှာဖြစ်တယ်။)

၂။ (က) ကတော့ ခက်ဆစ်(ဝေါဟာရ)အနက်ဖွင့်ဖြစ်တယ်။

ကဗျာ၊ စကားပြေ၊ ရေသည်ပြဇာတ်ပြဋ္ဌာန်းစာအုပ်ထဲက ရှစ်ခုမေးမယ်။ ငါးခုဖြေရမယ်။ စာအုပ်သုံးအုပ်ထဲက နှစ်အုပ်ကိုအပိုင်ကျက်ရင်ရတယ်။ တိတိကျကျဖြေဖို့လိုပါမယ်။ အဓိပ္ပာယ်နှစ်ခုပါရင် နှစ်ခုစလုံးရေးရမယ်။ သုံးခုပါရင်လည်း သုံးခုစလုံးရေးရပါမယ်။

ဥပမာ။ ။ စတေး = (ယုံကြည်ချက်အတွက်)အဆုံးရှုံးခံ၍ ဆောင်ရွက်သည်။ အသက်စွန့်သည်။

မုချ = မလွဲ၊ ဧကန်။

ညောင်စောင်း = ခြေလေးချောင်းတပ်သော အိပ်စင်။ ခုတင်။

ချက်ကောင်း = အခွင့်ကောင်း။ အခါကောင်း။ အလုပ်အကြံအောင်နိုင်ဖွယ်အကြောင်းထိ ရောက်သည့်အချက်။

စစ်ပေါက်ပေါက် = ချွေချွေတာတာ။ စစ်စစ်စီစီစေ့စပ်စွာ။

နော်ဇာကုံး = (နော်ဇာပန်းပွင့်ပုံများဖြင့် အသွယ်အကုံးပြုလုပ်ထားသည့်)လည်ဆွဲတစ်မျိုး။

အထက်ပါအတိုင်း တိတိကျကျဖြေဆိုမှသာလျှင်အမှတ်ပြည့်ရပါမည်။

မှတ်ချက် ။      ။ ငါးခုသာဖြေရန်။ (ညီမျှခြင်း =)ထိုးဖြေရန်။

၂။ (ခ) မှာတော့ ဒီခေတ်မှာ အသုံးများတဲ့ ဝေါဟာရ(ခက်ဆစ်)
တွေကို ဝါကျဖွဲ့ခိုင်းတာ။ ရှစ်ခုပေးပြီး (ငါးခု)ဝါကျဖွဲ့ရမယ်။

ဥပမာ ။ ။ ဂါရ၀ ။ ။ ဆရာများကို တပည့်များက ဂါရ၀တရားဖြင့် ရိုသေလေးစားကြသည်။

ဥပုသ် ။ ။ ဘွားဘွားသည် ဥပုသ်နေ့တိုင်း ဥပုသ် စောင့်လေ့ရှိသည်။

ဥပါယ်။ ။ ဘုရင့်နောင်သည် စစ်ဥပါယ် ကျွမ်းကျင်သူဖြစ်သည်။

ဖျင် ။ ။ ရှေးခေတ်လူငယ်တို့သည် ဖျင်ပင်နီကို အမြတ်တနိုးဝတ်ဆင်ကြသည်။

လောကဓံ။ ။ လူသားတို့သည် လောကဓံတရား ကြုံလျှင် ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားရမည်။

၂။(ဂ) ကတော့ အလင်္ကာမေးခွန်းဖြစ်တယ်။ (၁၀)မှတ်

အပိုင်ရမယ့်မေးခွန်းဖြစ်တယ်။ “ဥပမာ”ဆိုရင် ခိုင်းနှိုင်း၊ “ရူပက”ဆိုရင် ထပ်တူပြု၊ “၀င်္က၀ုတ္တိ”ဆိုရင် တိုက်ရိုက်မရေး သွယ်ဝိုက်ရေး၊ အလွန်အကြူးရေးဖွဲ့လျှင် “အတိသယ”၊ အသံတွေပါလာရင် “မြည်သံစွဲ”အဲဒီလိုတိတိကျကျကျက်မှတ်ပြီးရေးသားဖို့လိုမယ်။

ဥပမာ။ ။

ကျူငွေတုံးအလား(ဥပမာအလင်္ကာ)

ဤအလင်္ကာကို “သောနုတ္တရမုဆိုးနှင့် ဆဒ္ဒန်ဆင်မင်း” စကားပြေတွင် ဆဒ္ဒန်ဆင်မင်းက မိမိ၏နှာမောင်းကိုပင့်ပေးရန် မုဆိုးအားပြောဆိုပုံနှင့် ဆက်စပ်၍ သုံးနှုန်းထားပါသည်။

ဆဒ္ဒန်ဆင်မင်း၏ နှာမောင်းဖြူဖွေးပျော့ပျောင်းပုံ (အနှိုင်းခံ)ကို ကျူငွေတုံး၏ ဖြူဖွေးပျော့ပျောင်းပုံ(အနှိုင်း)နှင့် ခိုင်းနှိုင်းရေးဖွဲ့ထားသောကြောင့် ဥပမာအလင်္ကာမြောက်ပါသည်။

ဗုန်းဗုန်းမြေသို့ကျ (မြည်သံစွဲအလင်္ကာ)

ဤအလင်္ကာကို “သောနုတ္တရမုဆိုးနှင့် ဆဒ္ဒန်ဆင်မင်း”စကားပြေတွင် ဆဒ္ဒန်ဆင်မင်း၏ စွယ်တော်မြတ်အစုံမြေသို့ကျသံနှင့် ဆက်စပ်၍ သုံးနှုန်းထားပါသည်။

ဆဒ္ဒန်ဆင်မင်း၏ စွယ်တော်မြတ်အစုံမြေသို့ကျသံ “ဗုန်းဗုန်း” ဟူသော မြည်သံကို ထည့်သွင်းရေးဖွဲ့ထားသောကြောင့် မြည်သံစွဲအလင်္ကာမြောက်ပါသည်။

ဆွေကောင်းလုံ့လ(ရူပကအလင်္ကာ)

ဤအလင်္ကာကို “သူရဲကောင်းသုံးယောက်နှင့် ခရီးသည်”ကဗျာတွင် ခရီးသည်ယောင်္ကျားက လုံ့လသည် လူတို့၏မိတ်ဆွေကောင်းဖြစ်ကြောင်း ပြောပုံနှင့်ဆက်စပ်၍ သုံးနှုန်းထားပါသည်။

ကောင်းကျိုးပြုနိုင်သော မိတ်ဆွေကောင်း(အနှိုင်းခံ)နှင့် လုံ့လ(အနှိုင်း)တို့ကို ဂုဏ်ရည်တူချင်းထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။

ချစ်အမွေ(ဝင်္ကဝုတ္တိအလင်္ကာ)

ဤအလင်္ကာကို “နှင်းကိုမြင်ခိုက်”ကဗျာတွင် သာယာလှပသော မြန်မာနိုင်ငံမှာ အဘိုးအဘွားတို့အသက်သွေးပေးဆပ်ကာ ကာကွယ်တည်ဆောက်ခဲ့ရပုံနှင့်ဆက်စပ်၍ သုံးနှုန်းထားပါသည်။

“တရားမျှတလွတ်လပ်ခြင်း”ဟု တိုက်ရိုက်မရေးဘဲ “ချစ်အမွေ”ဟု သွယ်ဝိုက်ရေးဖွဲ့ထားသောကြောင့် ၀င်္က၀ုတ္တိအလင်္ကာမြောက်ပါသည်။

မြူဆံလောက်သေး(အတိသယဝုတ္တိအလင်္ကာ) ဤအလင်္ကာကို “ရေသည်ပြဇာတ်”တွင် ဥဒယမင်းကြီးက ရေသည်ယောင်္ကျား၏ ငွေကြေးပမာဏသေးငယ်ပုံကိုဖော်ပြရာ၌ သုံးနှုန်းထားပါသည်။

“ငွေလေးရွေးပမာဏသေးငယ်ပုံ”ကို သာမန်မျှမရေးဘဲ “မြူဆံလောက်သေး”ဟု အလွန်အကြူးရေးဖွဲ့ထားသောကြောင့် အတိသယဝုတ္တိအလင်္ကာမြောက်ပါသည်။

၃။ (က) ကတော့ကဗျာမေးခွန်းတို့ဖြစ်တယ်။ ကဗျာလက်ရွေးစင်စာအုပ်ထဲက ရှစ်ခုမေးတယ်။ ငါးခုဖြေရမယ်။ ပြောင်းလဲလာတဲ့မေးခွန်းပုံစံနှင့် လေ့လာရမယ်။

ဥပမာ ။ ။ (၁)အချုပ်တန်းဆရာဖေသည် ရှမ်းပြည်မှ မည်သူ့ထံတွင် ခိုလှုံခဲ့သနည်း။

အချုပ်တန်းဆရာဖေသည် ရှမ်းပြည်မှ ညောင်ရမ်းမင်းသားထံတွင် ခိုလှုံခဲ့ပါတယ်။

(၂) တောင်သူကြီးသည် မည်မျှခွန်အားကြီးမားသနည်း။ တောင်သူကြီးသည် ဆင်ပြောင်ငါးစီးတမျှ ခွန်အားကြီးမားပါသည်။

(၃) လေးမောင့်စံကျောင်းကို မည်သည့်ပန်းများဖြင့် တံတိုင်းအဖြစ်ကာရံထားသနည်း။ လေမောင့်စံကျောင်းကို သော်ကပန်းများဖြင့် တံတိုင်းအဖြစ် ကာရံထားပါသည်။

ပြောင်းလဲလာတဲ့မေးခွန်းပုံစံများမှာခေတ်၊ စာဆို၊ ထုတ်နုတ်ချက်၊ ဇာတိ၊ ထင်ရှားသောစာအုပ် စသည့်မေးခွန်းများပင်မဟုတ်တော့ဘဲ ကဗျာထဲက အကြောင်းအရာများကိုပင် စေ့စပ်သေချာစွာလေ့လာထားရန်လိုပါတယ်။ ဒါမှသာ ၃။(က) အတွက် ငါးမှတ်အပြည့်ရရှိမယ်။

၃။ (ခ) ကတော့ ကဗျာမေးခွန်းရှည်ဖြစ်ပါတယ်။ နှစ်ပုဒ်မေးတစ်ပုဒ်ဖြေရမယ်။ ရှေ့ပိုင်းကဗျာ ရှစ်ပုဒ်ထဲကငါးပုဒ်ကို ပိုင်နိုင်စွာကျက်မှတ်ထားရင် တစ်ပုဒ်ဖြေဆိုနိုင်မယ်။ ၂၀၁၆ ခုနှစ်မေးခွန်းတုန်းကတော့ နောက်ပိုင်း ရှစ်ပုဒ်ထဲကပဲ နှစ်ပုဒ်မေးသွားတယ်။ ဒါကြောင့်ပုံသေသတ်မှတ်ပြီး ကျက်လို့မဖြစ်ဘူး။ အဓိကပြောချင်တာကတော့ ကဗျာပုဒ်ရှည်ဖြေရင် ကဗျာစာသားတွေကို မှန်ကန်စွာရေးပြီး စကားပြေကျနစွာ ဖြေဆိုရင်ငါးမှတ်၊ ခြောက်မှတ်အထိရနိုင်တယ်။ နိဒါန်းနဲ့ နိဂုံးများမှာ မေးခွန်းရဲ့ဆိုလိုချက်အရ ခေတ်၊ စာဆိုအမည်၊ ထုတ်နုတ်ချက်၊ ရည်ရွယ်ချက်တို့ကို ထည့်ရေးဖို့လိုမယ်။

ဥပမာ။ ။ “ဘုန်းနှင့်ကံနှင့်ရွှေသဇင်”ကဗျာတွင် သဇင်ပန်းသည် မြတ်ပန်းတော်ဝင်ဖြစ်ကြောင်းကို စာဆိုက မည်သို့ချီးကျူးဖွဲ့ဆိုထားသနည်း။

“ရွှေနှင့်ယိုးမှားပန်းစံကား”ကဗျာတွင် စာဆိုသည် ရှေးမြန်မာအမျိုးသမီးတို့၏ ကိုယ်ကျင့်သိက္ခာနှင့် မေတ္တာတရားကို မည်သို့ရေးဖွဲ့ထားသနည်း။

“မြင်စိုင်းရွှေပြည်”ကဗျာမှ မြင်စိုင်းသားတို့၏ ဇာတိမာန်စိတ်ဓာတ်သည် ဂုဏ်ယူအားကျဖွယ်ဖြစ်ကြောင်းလေ့လာတင်ပြပါ။ “နွေဦးကာလမြူထသောအခါ”ကဗျာတွင် ထန်းတက်သမားတို့၏ဘ၀ကို မည်သို့သရုပ်ဖော်ထားသနည်း။

ဒုတိယပိုင်းမှာတော့ တောင်သူကြီး၊ အကျွန်တို့လယ်၊ သင်သေသွားသော်၊ သူရဲကောင်း၊ နှင်းကိုမြင်ခိုက်တို့ကြည့်ပါ။

၎။(က) ကတော့စကားပြေမေးခွန်းတို့ဖြစ်တယ်။ စကားပြေလက်ရွေးစင်ထဲက မိတ်ဆက်အပိုင်း(က)တင်မဟုတ်ဘဲ စကားပြေထဲက အကြောင်းအရာတွေပါ မေးလာပြီ။ ဒါကြောင့်စကားပြေပုဒ်ရင်းတွေလည်း စေ့စေ့စပ်စပ်ဖတ်ဖို့ လိုပါတယ်။ ရှစ်ခုမေး ငါးခုဖြေရမယ်။ ငါးမှတ်အပြည့်ရမယ့် မေးခွန်းပါ။ အပိုင်ရအောင်ယူပါ။

ဥပမာ။ ။
(၁) အင်းဝနေပြည်တော်ကို မည်သည့် မင်းက မင်းနေပြည်တော်အဖြစ်ရွေးချယ်ခဲ့သနည်း။

အင်းဝနေပြည်တော်ကို သတိုးမင်းဖျားက မင်းနေပြည်တော်အဖြစ်ရွေးချယ်ခဲ့သည်။

(၂) ပညာ၏ ရန်သူကြီးဆိုသည်မှာ အဘယ်နည်း။

ပညာ၏ ရန်သူကြီးဆိုသည်မှာ မာန်မာနဖြစ်ပါသည်။

(၃) အာရှလူငယ်တို့ ဗေဒါဆည်သောကန်ကိုဖော်ပြပါ။

အာရှလူငယ်တို့ ဗေဒါဆည်သောကန်မှာ ဝက်သည်းကန်ဖြစ်ပါသည်။

(၄) သူကြီးဦးအောင်ဒွန်း၏ ကျောပြင်ရှိအရုပ်ကို မည်သို့ခေါ်နည်း။

သူကြီးဦးအောင်ဒွန်း၏ ကျောပြင်ရှိအရုပ်ကို အရုပ်ကားဟုခေါ်သည်။

(၅) မောင်လူအေးအလုပ်လုပ်သည့်အရွယ်တွင် မည်သည်ကိုကြောက်ရသနည်း။

မောင်လူအေး အလုပ်လုပ်သည့်အရွယ်တွင် တာဝန်ဝါးခြမ်းကို ကြောက်ရပါသည်။

ဤသို့မေးခွန်းတို့ဖြေလျှင်မေးခွန်းကိုပြန်ကောက်၍ ဖြေဆိုရမည်။

၎။ (ခ) ကတော့ စကားပြေမေးခွန်းရှည်ဖြစ်တယ်။ ရသပိုင်း၊ သုတပိုင်းဆိုပြီးခွဲမေးလေ့ရှိတယ်။ အကြောင်းအရာပိုင်း၊ အရေးအသားပိုင်းဆိုပြီးလည်း ခွဲမေးလေ့ရှိတယ်။ နှစ်ပုဒ်မေးမယ်။ တစ်ပုဒ်ဖြေရမယ်။

ဥပမာ။ ။
(၁) “မိဖုရားဖွားစော”၏ အလှူမှတ်တမ်းတင်ပုံနှင့် စိတ်ထားကိုပေါ်လွင်အောင်ဖြေဆိုပါ။

(၂) “မိခင်သောက”မှ မဒ္ဒီဒေဝီ၏ သောကခံစားမှုကို ပေါ်လွင်အောင်ရေးဖွဲ့ပါ။

(၃) “သောနုတ္တရမုဆိုးနှင့် ဆဒ္ဒန်ဆင်မင်း”စကားပြေတွင် သူတော်ကောင်းစရိုက်ကိုပေါ်အောင်မည်သို့ ရေးသားထားသနည်း။

(၄) “ပညာသင်ခါမရှက်ရာ”စကားပြေမှ လိုက်နာဖွယ်ရာများကို တင်ပြပါ။

(၅) မိတဆိုးရှင်ပြုစကားပြေမှ ခံစားရသောရသများကို စိတ်ဝင်စားဖွယ်ရေးသားတင်ပြပါ။

ဒုတိယပိုင်းစကားပြေပုဒ်ရှည်တွေကတော့ နိဗ္ဗာန်ဆော်၊ အိမ်ရှေ့ကိုယ်တော်ကြီး မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း၊ နေ၀င်မြင်သည်ဝရွှေပြည်တို့ကို အဓိကထားကျက်မှတ်ထားကြပါ။

၅။ (က) ကတော့ ရေသည်ပြဇာတ်စကားစပ်။ အရေးကြီးတဲ့မေးခွန်းဖြစ်တယ်။ ရမှတ်အပြည့်ရမယ့် မေးခွန်းဖြစ်တယ်။ ဖြေနည်းပုံစံကို တိကျစွာဖြေဖို့လိုမယ်။ တစ်ပုဒ်တည်းမေး၊ တစ်ပုဒ်တည်းဖြေရမယ်။ ရွေးချယ်စရာမရှိပါဘူး။

ဥပမာ။ ။
၅။ (က) စကားစပ်နှင့်တကွဖြေပါ။

“ဘိန်းစားဆေးငတ်၊ ဆေးမပြတ်သည့်နှယ်၊ တပ်မက်ခြင်းတဏှာ၊ အားကြီးပါဘိ၊ မဟာကုသိုလ်၊ ငါရွှေကိုယ်မှာ၊ အလိုတော်အား၊ ပါရမီပွားစေတော့၊ ဆင်းရဲသားဆို၊ သည်ပုဂ္ဂိုလ်လည်း၊ အလိုပြည့်စုံ၊ မင်းတို့မှာသာ၊ လူ့ပြည်ရွာမှာ၊ ချမ်းသာမှုကုံတော့မည်”

၅။ (က)အဖြေပုံစံ “ဘိန်းစားဆေးငတ်….ချမ်းသာမှု ကုံတော့မည်”

ပေးထားသောစာပိုဒ်သည် စာဆိုကျော်စလေဦးပုည၏ “ရေသည်ပြဇာတ်”တွင် အခန်း(၅)၊ “ရေသည်ယောင်္ကျားနှင့် ဥဒယမင်းကြီးတို့တွေ့ဆုံခန်း”မှ ကောက်နုတ်ချက်ဖြစ်ပါသည်။

ထိုစကားစုသည်
ဥဒယမင်းကြီးက
ရေသည်ယောက်ျားကို မိန့်ဆိုသော စကားဖြစ်သည်။
ဗာရာဏသီမြို့ နန်းတော်ထဲတွင်
ရေသည်ယောက်ျားနှင့် ဥဒယမင်းကြီးတို့ တွေ့ဆုံချိန်၌
ဥဒယမင်းကြီးက ငွေတစ်ကုဋေပေးကာ တားမြစ်သော်လည်း ရေသည်
ယောက်ျားက
သူ့ငွေလေးရွေးကို တပ်မက်နေသောကြောင့် အိမ်ရှေ့အရာပေးကာ
ငွေလေးရွေးကို
သွားမယူရန် မိန့်ဆိုသောစကားဖြစ်သည်။

ဥဒယမင်းကြီးမိန့်ဆိုပုံမှာ “ဆေးငတ်သောဘိန်းစားသည် ဆေးမပြတ်သကဲ့သို့ သင်သည်လည်း ပဲဝက်ငွေအသပြာကို စွဲလမ်းတပ်မက်မှုအားကြီးလွန်းလှပါသည်။ ငါကိုယ်တော်တွင်လည်း မဟာကုသိုလ်တော်ရစေ။ ငါကိုယ်တော်၏အလိုဆန္ဒတော်အတိုင်း ဒါနပါရမီဖြည့်ဆည်းပြီးသားလည်းဖြစ်စေ။ အသင်ဆင်းရဲသားတွင် လည်း အလိုဆန္ဒပြည့်စုံစေ။ သို့သော် ဤလူ့ပြည်တွင် ဘုရင်မင်းမြတ်တို့သာလျှင် ချမ်းသာမှု ပြည့်ဝပေတော့မည်”ဟူ၍ဖြစ်ပါသည်။

အဲဒီလို စကားစပ်ငါးချက်နှင့်တကွ တိတိကျကျဖြေဖို့လိုပါမယ်။ အရေးကြီးတဲ့စာပိုဒ်တွေကတော့ အပိုဒ် ၅၊ ၇၊ ၉၊ ၁၁၊ ၁၄၊ ၁၅၊ ၁၈၊ ၂၀၊ ၂၂၊ ၃၃၊ ၃၄။ ဒါတွေကို အပိုင်ထားကျက်မှတ်လေ့ကျင့်ထားကြပေတော့။

၅။ (ခ) ကတော့ ရေသည်ပြဇာတ်ရဲ့ အကြောင်းအရာနဲ့ စရိုက်ကိုမေးမှာ ဖြစ်တယ်။ နှစ်ပုဒ်မေးမယ်။ တစ်ပုဒ်ဖြေရမယ်။ ရှစ်မှတ်ပါ။
ဥပမာ-

(၁) ရေသည်မိန်းမဆင်းရဲချို့တဲ့ပုံ (ရေသည်မိန်းမ၀တ်စားဆင်ယင်ပုံနှင့်ပုံပန်းသွင်ပြင်)

(၂) ရေသည်ယောက်ျားနှင့် ရေသည်မိန်းမတွေ့ဆုံကြပုံ (လက်ထပ်ရေးတိုင်ပင်ကြပုံ)

(၃) ရေသည်ယောက်ျား ငွေလေးရွေးကို တပ်မက်တွယ်တာပုံ

(၄) အိမ်ရှေ့မင်းက ဥဒယမင်းကြီးအား လုပ်ကြံရန်ကြံစည်ပုံ (စိတ်ကောင်းနှင့် စိတ်ယုတ်အားပြိုင်ပုံ)

(၅) အိမ်ရှေ့မင်းနှင့် အိမ်ရှေ့မိဖုရားတို့ တောထွက်ရန် ပြောဆိုကြပုံ အဲဒီအပုဒ်တွေကို အဓိကထားပြီး ကျက်မှတ်လေ့လာထားရင်

၅။(ခ)အတွက် ရှစ်မှတ်ဖိုး ကွက်တိ ဖြေဆိုနိုင်မှာပါ။

၆။ စာစီစာကုံးမေးခွန်းမှာ ပုံကြမ်းနှင့်အတူ ရေးသားတတ်ဖို့လိုတယ်။ မိမိကျက်မှတ်ထားတဲ့ စာစီစာကုံးကို ချရေးတဲ့ပုံစံမဖြစ်စေဘဲ မေးခွန်းကပုံကြမ်းအချက်အလက်နဲ့အညီ နိဒါန်း၊ စာကိုယ်၊ နိဂုံးဆိုတဲ့ အင်္ဂါကြီး သုံးရပ်နဲ့ပြည့်စုံအောင်ရေးရမယ်။

အရေးကြီးတဲ့ စာစီစာကုံးခေါင်းစဉ်တွေကတော့ ၁။ သင်္ကြန်တွင်း ကုသိုလ်ပွဲ ၂။ သည်းခံစိတ်မြတ် ၊၃။ ပြည်ထောင်စုစိတ်ဓာတ်နှင့် ငြိမ်းချမ်းရေး၊ ၄။ ရိုင်းပင်းကူညီလိုစိတ်၊ ၅။ ညီညွတ်ခြင်းသည်အင်အား၊ ၆။ အရုဏ်ဦး၊ ၇။ တပေါင်းသာခေါင်လများနောင်၊ ၈။ကျောင်းစာကြည့်တိုက်၊ ၉။ ပညာရဲရင့်ပွဲလယ်တင့်စတဲ့ခေါင်းစဉ်တွေကို ကြိုတင်ပြင်ဆင်ထားရင် အောင်ပွဲဝင်ပြီး ဂုဏ်ထူးပန်းကို ဆွတ်ခူးနိုင်ပြီပေါ့။

 

-Ads-
-Ads-