စိတ်ကြိုက်မြန်မာစာ စာမေးပွဲလမ်းညွှန်

ဦးအောင်ဆန်းတင့် (ကံ့ကော်ရနံ့ မြန်မာစာ)

မင်္ဂလာပါတပည့်တို့

တက္ကသိုလ်ဝင်စာမေးပွဲအတွက် “စိတ်ကြိုက်မြန်မာစာမေးခွန်းလွှာ” ဆိုင်ရာ သိကောင်းစရာများဖြစ်ပါသည်။ စိတ်ကြိုက်မြန်မာစာဘာသာရပ်တွင် “မြန်မာဝတ္ထုတိုနှင့် မြန်မာပြဇာတ် လက်ရွေးစင်၊ သံဝရပျို့၊ မြန်မာကဗျာဖွဲ့နည်းနှင့် မြန်မာစာပေသမိုင်း”ဟူ၍ စာအုပ်လေးအုပ် ပြဋ္ဌာန်းထားပါသည်။

စိတ်ကြိုက်မြန်မာစာမေးခွန်းလွှာတွင် မေးခွန်းကြီးလေးပုဒ်ပါဝင်ပါသည်။ မေးခွန်းနံပါတ် (၁)တွင် (က)နှင့် (ခ) ဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ မေးခွန်းနံပါတ် ၁။ (က)တွင် မြန်မာဝတ္ထုတို နှစ်ပုဒ်မေးပြီး တစ်ပုဒ်ဖြေရသည်။ ပေးမှတ် ၁၀ မှတ်ဖြစ်သည်။ မေးခွန်းနံပါတ် ၁။ (ခ)တွင် မြန်မာပြဇာတ် နှစ်ပုဒ်မေးပြီး တစ်ပုဒ်ဖြေရသည်။ ပေးမှတ်မှာ ၁၅ မှတ်ဖြစ်သည်။

မေးခွန်း ၁။ (က)တွင် မြန်မာဝတ္ထုတို ၁၁ ပုဒ်ကို ပြဋ္ဌာန်းထားပါသည်။ ထိုဝတ္ထုတို ၁၁ ပုဒ်ကို ကျေကျေညက်ညက်ဖတ်ပြီး ဝတ္ထုအာဘော်၊ ဇာတ်လမ်းဖန်တီးပုံ၊ ဇာတ်ဆောင်ဖန်တီးပုံ၊ နောက်ခံဖန်တီးပုံ၊ အရေးအဖွဲ့၊ ရသနှင့် အသိအမြင်တို့ကို လေ့လာထားသင့်ပါသည်။

သာဓကအနေဖြင့် အမျိုးသားပညာဝန် ဦးဖိုးကျား၏ မောင်ဘစီဝတ္ထုတိုမှ “မောင်ဘစီ၏ ရိုးသားသည့် စိတ်ထား၊ ကြိုးစားသည့်စရိုက်”ကို လေ့လာပြင်ဆင်ထားပါ။ မေးခွန်း ၁။(ခ)တွင် မြန်မာပြဇာတ်သုံးပုဒ်ကို ပြဋ္ဌာန်းထားပါသည်။ ပြဇာတ်သုံးပုဒ်၏ အာဘော်၊ ဇာတ်လမ်းဖန်တီးပုံ၊ ဇာတ်ဆောင်ဖန်တီးပုံ၊ နောက်ခံနှင့် ပြဇာတ်အရေးအဖွဲ့တို့ကို လေ့လာထားသင့်ပါသည်။

သာဓကအနေဖြင့် “အာဇာနည် မိခင်ပြဇာတ်”မှ အာဇာနည်မိခင်တစ်ဦး၏ စိတ်ဓာတ်ကို လေ့လာပြင်ဆင်ထားပါ။

မေးခွန်းနံပါတ်(၂)တွင် (က)နှင့် (ခ)ဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ မေးခွန်းနံပါတ် (၂)သည် သံဝရပျို့မေးခွန်းဖြစ်သည်။ မူရင်းပျို့ အပိုဒ် ၁ မှ ၇၁ အထိကို ပြဋ္ဌာန်းထားသည်။ မေးခွန်းနံပါတ် ၂။(က)တွင် သံဝရပျို့စာကိုယ်လာ စာပိုဒ်များကိုရှင်းပြခြင်းဖြစ်သည်။ မေးခွန်း ၂။ (က)တွင် “အောက်ပါတို့မှနှစ်ခုကို သံဝရပျို့အရ ရှင်းပြပါ”ဟုမေးပြီး မေးခွန်းပိုဒ်ခွဲ လေးခုပေးထားသည်။ ပေးမှတ်မှာ ၁၀ မှတ်ဖြစ်သည်။ ထို့ကြောင့် တစ်ပုဒ်ကိုငါးမှတ်ဖြစ်ပြီး နှစ်ပုဒ်ကို ၁၀ မှတ်ဖြစ်သည်။

သံဝရပျို့မှ ပျို့စာကိုယ်တစ်ပိုဒ်ချင်းကိုခြုံ၍ နားလည်အောင်လေ့လာပြီး ကောင်းနိုးရာရာဥပမာအလင်္ကာအဖွဲ့များ၊ ရူပကအလင်္ကာအဖွဲ့များ၊ စကားပုံဆိုရိုးအဖွဲ့များ၏အဓိပ္ပာယ်ကို အသေးစိတ်နားလည်ရန် လိုအပ်ပါသည်။

သာဓကအနေဖြင့် “ရွှေစက်နှစ်ပါး၊ ဖဝါးတော်အောက်၊ ကြာပင်ပေါက်သို့၊ လက်မြှောက်ဦးတင်၊ မြဲလှချင်”ဟူသော ဥပမာအလင်္ကာ၊ “ထုတ်ချင်းယဉ်ကြား၊ လွန်းလျှင်သွားသို့” ဟူသော ဥပမာအလင်္ကာ၊ “တစ်ယောက်ချမ်းသာ၊ ကိုယ့်ဖို့ရှာ၍၊ သတ္တဝါအပေါင်း ဆင်းရဲကြောင်း”ဟူသော ဆိုရိုးစကား၊ “သစ်သီးသစ်ပွင့်၊ လက်ဆောင်ဖြစ်လျှင်၊ ချစ်ခွင့်လွယ်ကူ၊ မြို့လုံးချူ”ဟူသော အဖွဲ့ကောင်းများကို လေ့လာထားသင့်ပါသည်။

မေးခွန်း ၂။(ခ)တွင် မေးခွန်း နှစ်ပုဒ်မေးပါသည်။ ပေးမှတ်မှာ ၁၅ မှတ်ဖြစ်သည်။ တစ်ပုဒ်ဖြေရမည်။ ဤကဏ္ဍတွင် အခန်းတစ်ခန်းချင်းအလိုက် မိမိအရေးအသားဖြင့် ပြန်၍ရေးနိုင်ရန်နှင့် သံဝရမင်းသား၊ ဆရာအမတ်ကြီး၊ ဗြဟ္မဒတ်မင်းကြီးဟူသော ဇာတ်ဆောင်တစ်ဦးချင်း၏ စိတ်ထား၊ အရည်အချင်း စသည့် အကြောင်းအရာများကို အားထုတ်ထားသင့်ပါသည်။ အထူးသဖြင့် ” ဗြဟ္မဒတ်မင်းကြီး၏ ဂုဏ်ရည်၊ အနှစ်သက်ဆုံးအခန်း၊ ရသမြောက်အဖွဲ့များ၊ ဖခင်နှင့်သားတို့၏ နှစ်လိုဖွယ်ဆက်ဆံရေး၊ ဆရာကောင်းတပည့်ပန်းကောင်းပန်” တို့ကို ပြင်ဆင်လေ့ကျင့်ထားရန် လိုအပ်ပါသည်။

မေးခွန်းနံပါတ် (၃)သည် မြန်မာကဗျာဖွဲ့နည်းမေးခွန်းဖြစ်ပါသည်။ ကဗျာဖွဲ့နည်းများတွင် ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ သံချို၊ တျာချင်း၊ အိုင်ချင်း၊ လွမ်းချင်း၊ တေးထပ်ဟူသော ကဗျာအမျိုးအစားရှစ်မျိုးကို ဖော်ပြထားသည်။ မေးခွန်းနံပါတ်(၃) တွင် (က)နှင့် (ခ)ဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ မေးခွန်းနံပါတ်၃(က)သည် ကဗျာဖွဲ့နည်းဆိုင်ရာများကို မှတ်စုရေးသားဖြေဆိုရန် ဖြစ်သည်။ လေးခုပေးထားပြီး နှစ်ခုဖြေရပါမည်။ ပေးမှတ်မှာ ၁၀ မှတ်ဖြစ်သည်။

မှတ်စုဆိုသောကြောင့် မှတ်သင့်သော အချက်အလက်များပါအောင် ရေးသားဖို့လိုပါသည်။ တစ်ရှည်တစ်လျားကြီး ရေးသားဖို့မလိုပါ။ ငါးမှတ်တန်မျှသာရေးရန်ဖြစ်သည်။ နမူနာအားဖြင့် တြိချိုး၊ လေးချိုး၊ သံချို၊ အိုင်ချင်း၊ တေးထပ်တို့ကို လေ့လာထားသင့်သည်။ မှတ်စုရေးပြီဆိုလျှင် ထိုကဗျာပါ ဝေါဟာရ၏ အဓိပ္ပာယ်ရှိ မရှိ၊ အသုံးပြုပုံ၊ သီဖွဲ့ကြသော စာဆိုများ၊ ကဗျာဖွဲ့နည်းဥပဒေသအကျဉ်းတို့ကို လိုအပ်သလောက်ထည့်သွင်းရေးသားနိုင်သည်။

ကဗျာဆိုင်ရာ ဝေါဟာရများအကြောင်းကိုလည်း ရေးသားခိုင်းနိုင်သည်။ နမူနာအားဖြင့် ပြန်ဂဟပ်ကာရန် (ခြင်္သေ့လည်ပြန်ကာရန်)၊ ကွပ်သိမ်းချက်ကာရန် (ခွာထောက်ကာရန်)၊ ပိုဒ်တွင်းကာရန်နှင့် ပုဒ်ဆုံးကာရန်၊ နဘေထပ်၊ အချီအချ၊ အခံ အအုပ် စသည်ဖြင့် လေ့လာထားသင့်သည်။ ဖြေဆိုရာတွင် ဤဝေါဟာရတို့၏ အဓိပ္ပာယ်ကိုရှင်းပြရန် ကဗျာ၏စာကိုယ်ထဲက နမူနာများထုတ်ပြရန် မည်သည့်ကဗျာမျိုးများတွင် သုံးစွဲတတ်ကြောင်း ဖော်ပြရန်လိုသည်။

မေးခွန်း ၃။ (ခ)တွင် မေးခွန်း တစ်ပုဒ်မေးပါသည်။ ပေးမှတ်မှာ ၁၅ မှတ်ဖြစ်ပါသည်။ ထိုမေးခွန်းတွင် ကဗျာဖွဲ့နည်းနှင့် သက်ဆိုင်ပါသည်။ ကဗျာအမျိုးအစားနှင့် ကာရန်ယူပုံကို သိ၊ မသိ၊ ပြန်လည်ရှင်းပြတတ်၊ မပြတတ်စသည့် မေးခွန်းဖြစ်သည်။ ကဗျာဖွဲ့တတ်၊ မဖွဲ့တတ် စမ်းသပ်ခြင်းသဘောပင်ဖြစ်သည်။

ပြဋ္ဌာန်းစာအုပ်တွင်ပါဝင်သည့် ကဗျာများထဲက ကဗျာစာကိုယ်တစ်ခု သို့မဟုတ် စာကိုယ်တစ်စိတ်တစ်ပိုင်းကို ပေးထားလိမ့်မည်။ သို့သော် ကဗျာပုံစံပေါ်နေအောင် ပါဒများကို ဆစ်ပိုင်းခွဲခြားပြသထားမည်မဟုတ်ဘဲ ပြားလိုက်ကြီး၊ အလျားလိုက်ကြီး ဆက်ရေးထားလိမ့်မည်။ ထို့ကြောင့် ပေးထားသည့်ကဗျာကို အသံသွင်းပြီး ဖတ်ကြည့်ဖို့လိုသည်။ ထိုအခါ အသံကြောင့် အဆစ်ပိုင်းများ၊ အခံအအုပ်များ ကြားယောင်လာလိမ့်မည်။ မျက်စိဖြင့်လည်း ကာရန်ကို ရှာကြည့်နိုင်သည်။ ကဗျာ၏ ပုံပန်းသဏ္ဌာန်ပေါ်လာပြီး ကဗျာအမျိုးအစားကိုလည်း သိလာလိမ့်မည်။

ကဗျာအမျိုးအမည်သိလျှင် ပါဒခွဲဝေပုံ၊ ကာရန်ယူပုံများကို ရှင်းပြနိုင်မည်။ ကာရန်ယူပုံကို သင်္ကေတနှင့်ပြဖြစ်အောင်ပြပါ။ မိမိပြထားသော ကာရန်သင်္ကေတများကို စကားဖြင့်လည်း ရှင်းပြရန်လို သည်။ ဖြေဆိုရာတွင်အချက်အလက်ပြည့်စုံရမည့်အပြင် အဆစ်အပိုင်းကျကျရှင်းပြတတ်ဖို့လည်းလိုသည်။ သင်္ကေတများကို (ဖျက်ရာ၊ ပြင်ရာမရှိ)ရှင်းလင်းတိကျအောင်ပြနိုင်ရန် အထူးဂရုပြုပါ။ ကာရန်သင်္ကေတများကို တတ်နိုင်သမျှ ခွဲခြားသုံးပြသင့်သည်။

မေးခွန်းနံပါတ် (၄)သည် မြန်မာစာပေသမိုင်းပြဋ္ဌာန်းစာများကို မေးသည့်မေးခွန်းဖြစ်သည်။ မြန်မာစာပေသမိုင်းတွင်ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ်စာပေသမိုင်းတို့ကို ပြဋ္ဌာန်းထားသည်။ မေးခွန်း ၄။(က)သည် မြန်မာစာပေသမိုင်း ဓမ္မဓိဋ္ဌာန် မေးခွန်များဖြစ်သည်။ ရှစ်ခုမေးထားပြီး ငါးခုဖြေရပါသည်။ ပေးမှတ်မှာ ၁၀ မှတ်ဖြစ်ပါသည်။ ခေတ်နှစ်ခေတ်၏ စာပေဆိုင်ရာအချက်အလက်များကိုမေးပါသည်။ ခေတ်တစ်ခုချင်း ပေါ်ထွန်းလာသော စာပေအမျိုးအစားများ၊ ထိုကာလတို့၏ သဘောလက္ခဏာများပေါ်လာရခြင်း အကြောင်းရင်းများ၊ စာပေတစ်မျိုးတွင် ထင်ရှားသော စာရေးသူများ၊ ထူးခြားမှု စသည်တို့ကို တစ်ခုချင်းအသေးစိတ်လေ့လာထားဖို့လိုပါသည်။

မေးခွန်းနံပါတ် ၄။(ခ)သည် မြန်မာစာပေသမိုင်းနှင့် ပတ်သက်ပြီး ခြုံငုံဆွေးနွေးရသည့် မေးခွန်းဖြစ်သည်။ ဤမေးခွန်းတွင် ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ်နှစ်ခေတ်မှ စာပေအခြေအနေများကို မေးမြန်းခြင်းဖြစ်သည်။ နှစ်ပုဒ်မေး၍ တစ်ပုဒ်ဖြေရသော မေးခွန်းဖြစ်သည်။ ပေးမှတ်မှာ ၁၅ မှတ် ဖြစ်ပါသည်။ မြန်မာစာပေသမိုင်းကို လေ့လာသောအခါ ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ်အခြေအနေများကိုအကြောင်းပြုပြီး ဝတ္ထုစကားပြေ၊ သုတစကားပြေ၊ ပြဇာတ်၊ ကဗျာဟူ၍ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်လာပုံကို တွေ့ရပေမည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသေးစိတ်အချက်အလက်များကို မှတ်သားရန်နှင့် ကဏ္ဍအလိုက်ခြုံငုံဆွေးနွေးနိုင်ရန် အားထုတ်ထားသင့်ပါသည်။

သာဓကအားဖြင့် ကုန်းဘောင်ခေတ်ဗုဒ္ဓစာပေအခြေခံသော ဝတ္ထုစကားပြေ သို့မဟုတ် ကိုလိုနီခေတ်စကားပြေ အထွထွေအကြောင်းကိုတင်ပြပါ။ ကုန်းဘောင်ခေတ်မဟာဂီတသီချင်းများအကြောင်း သို့မဟုတ် ကိုလိုနီခေတ်သမိုင်းနောက်ခံဝတ္ထုများအကြောင်းကိုဆွေးနွေးပါ ဟူသောမေးခွန်းမျိုးကို လေ့ကျင့်ထားစေလိုပါသည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စိတ်ကြိုက်မြန်မာစာဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများသည် ယခုဆွေးနွေးခဲ့သည့် အချက်အလက်များကို အာရုံပြုပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် နိုင်ငံပိုင်သတင်းစာပါ ကျောင်းသင်ခန်းစာများကို ကျေကျေညက်ညက်လေ့လာထားလျှင် စာမေးပွဲတွင် မေးခွန်းအံဝင်ခွင်ကျဖြေဆိုနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ ပျော်ရွှင်အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေ။