အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေး ၁၉ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအား တင်သွင်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်းအရ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့ကို ပျက်ပြားသည့်သဘောဆောင်သော ဆန္ဒပြပွဲများကို ငွေပေးခြင်းဖြစ်စေ၊ ပစ္စည်းလက်ဆောင်ပေးခြင်းဖြစ်စေ ခိုင်းသူများအား ပြစ်မှုထင်ရှားပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းပါရှိသည်။

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်-

မေး – ငြိမ်းစုစီဥပဒေကို ပြင်ဆင်ရတဲ့ရည်ရွယ်ချက်ကို သိချင်ပါတယ်။

ဖြေ – ပြင်ဆင်တာက ပုဒ်မ-၄ ကို ပြင်တယ်။ ပုဒ်မ-၄ မှာ အခြေခံဥပဒေပုဒ်မ-၃၅၄ ရဲ့စာသားသုံးကြောင်း ထည့်ထားတယ်။ ဘာလဲဆိုတော့ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင့်လျှင်ဆိုတဲ့ ဒီစာကြောင်းတွေ အတိအကျကို ပြန်ထည့်ထားတာ။ ဘာကြောင့်ထည့်ထားသလဲဆိုတော့ ဒီဥပဒေကို စပြင်တယ်။ ၂၀၁၆ ခုနှစ်ကပေါ့။ အခု နှစ်နှစ်တာကာလအတွင်း ဒီဥပဒေကို ပြန်သုံးသပ်တော့ ဒီဥပဒေမှာ တချို့အချက်လေးတွေ ပြင်ဖို့လိုတယ်လို့ ကျွန်တော်တို့တွေ့တယ်။ အဓိကကတော့ ပုဒ်မ-၄ ပါပဲ။

မေး – ဘယ်အချက်တွေကို အဓိက ပြင်ဆင်မှာလဲ။

ဖြေ – ပုဒ်မ-၄(ဃ)ကို တစ်ချက်ပြင်လိုက်တယ်။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့အခါမှာ အရင်တုန်းကဥပဒေမှာ လူဦးရေ၊ နေရာ၊ ခန့်မှန်းလူဦးရေ၊ သွားမယ့်အစီအစဉ် စတဲ့အချက်တွေနဲ့ သတ်မှတ်ထားတယ်။ အခုတော့ ခန့်မှန်းကုန်ကျစရိတ်နဲ့ Sponsor ပေးတဲ့လူ၊ အဖွဲ့အစည်းကို တည့်ပေးရမယ်လို့ ပြင်ထားတာလေးရှိတယ်။

မေး – ဘာကြောင့် အဲဒီအချက်ကို ဖြည့်စွက်ပြင်ရတာလဲ သိချင်ပါတယ်။

ဖြေ – ဘာကြောင့် ဒါကိုပြင်လဲလို့ပြောရရင် ကျွန်တော်တို့ဥပဒေကို Review ပြန်လုပ်တဲ့အခါမှာ ဘာသွားတွေ့လဲဆိုတော့ အခုဆန္ဒထုတ်ဖော်တဲ့ကိစ္စတွေ အနယ်နယ်အရပ်ရပ်မှာရှိတယ်။ တချို့ဆို နေပြည်တော်မှာတောင် ဆန္ဒထုတ်ဖော်တာတွေရှိတယ်။ အခု ရန်ကုန်မှာလည်း ဆန္ဒထုတ်ဖော်တာတွေရှိတယ်။ ဆန္ဒထုတ်ဖော်တဲ့လူဦးရေ၊ အုပ်စုကြီးကို Sponsor ပေးတယ်။ ကျပ်သုံးထောင်ပေးတယ်၊ ငါးထောင်ပေးတယ်၊ တစ်သောင်းပေးတယ်ဆိုတဲ့သတင်းမျိုးတွေ ကြားလာရတယ်။ ကြားရတော့ ဒီသတင်းမျိုးဟာ ဟုတ်နိုင်လောက်တဲ့ အနေအထားလည်းရှိတယ်။ ပြန်သုံးသပ်ကြတော့ တချို့ဟာတွေက မှန်ကန်တာတွေ ရှိတယ်။ ဒီအချက်ကိုထည့်မှဖြစ်တော့မယ်ဆိုပြီးတော့ ပုဒ်မ-၄(ဃ)ကို ကျွန်တော်တို့ ပြင်လိုက်တာဖြစ်ပါတယ်။ နောက်တစ်ခုက ပုဒ်မ-၁၈ ကို အစားထိုးပြီးတော့မှ တစ်ခုပြဋ္ဌာန်းလိုက်တဲ့ ပုဒ်မတစ်ခုထပ်တိုးသွားတာပေါ့။ အစက ပုဒ်မက ၂၈ ခုရှိတယ်။ အခု၂၉ ခုရှိသွားတာပေါ့။ ကျန်တာတော့ ထွေထွေထူးထူးမရှိဘူး။ ကျွန်တော်တို့ အစိုးရသစ်တက်ပြီး လွှတ်တော်ကော်မတီတွေဖွဲ့ပြီးနောက် ဥပဒေကြမ်းကော်မတီကနေ ငြိမ်းစုစီဥပဒေတို့၊ ရပ်/ကျေးဥပဒေတို့ အဲဒီဥပဒေမှာ ဖြေလျှော့ဖို့ အမျိုးမျိုးကြိုးစားခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက အုပ်ချုပ်ခဲ့တဲ့အစိုးရနဲ့ ကျွန်တော်တို့ NLD အစိုးရတက်လာတဲ့အခါမှာ တော်တော်များများက ဖြေလျှော့ပေးဖို့လည်း ယူဆတယ်။ ကျွန်တော်တို့လည်း အရင်တုန်းက ဆန္ဒပြခဲ့ကြတာပဲ။ အဲဒီတော့ ဆန္ဒပြတဲ့သူတွေအတွက် ဘယ်လိုဖြေလျှော့ရမလဲဆိုတာ ကျွန်တော်တို့ စဉ်းစားတာ။

မေး – ဒီလိုပြင်လိုက်တာက ဖြေလျှော့ပေးတယ်လို့ ဆိုလိုချင်တာလား။၏

ဖြေ – ကျွန်တော်တို့ ဒီဥပဒေကိုပြင်ဆင်ပြီးတဲ့အခါမှာ ဒီဥပဒေနှစ်နှစ်ကြာပြီးတဲ့နောက် ပြန်ပြီး Review လုပ်တဲ့အခါမှာ ဘယ်နေရာမှာ အားနည်းချက်တွေရှိသလဲ၊ ထွက်ပေါက်တွေရှိသလဲ၊ မသမာသူတွေက ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီးတော့ ကျင့်သုံးသွားတာတွေရှိသလဲဆိုတာတွေကို ပြန်သုံးသပ်ပြီးမှ ဒီအချက်တွေကို တွေ့လို့ပြင်တာပဲဖြစ်တယ်။ နောက်ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပိုပြီးတော့ စနစ်ကျလာမယ်လို့ ယူဆပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီမှာလည်း ဥပဒေတွေကို ကြုံကြိုက်ရင် ပြန်ပြီးတော့ သုံးသပ်ကြတယ်။ သုံးသပ်တဲ့အခါ ဒီဥပဒေက ဘယ်လိုနေရာမှာ ဘယ်လိုတွေတွေ့လာပြီး ကျင့်သုံးတဲ့ဥပဒေမှာ အားနည်းချက်တွေရှိလာပြီဆိုရင် ပြင်သင့်ရင် ပြင်ရမယ်၊ ဖြည့်သင့်ရင် ဖြည့်ရမယ်၊ ပယ်ဖျက်သင့်တဲ့အပိုဒ်တွေ ပယ်ဖျက်ရမယ်ဆိုတဲ့မူအတိုင်း ကျွန်တော်တို့ပြင်တာပါ။

မေး – အဲဒီလို ပြင်ဆင်ဖြည့်စွက်လိုက်တဲ့အတွက်ကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်သွားနိုင်လား။ ဆရာ့အမြင်လေးသုံးသပ်ပေးပါဦး။

ဖြေ – ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၃၅၄ ကို ကိုးကားထားတာနဲ့တစ်ပြိုင်တည်းမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကျွန်တော်တို့က ဘာမှ အဟန့်အတားမဖြစ်စေဘူး။ ဘာကြောင့်လဲဆိုတော့ ပုဒ်မ-၃၅၄ ကဆိုတာက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသောဥပဒေများကို မဆန့်ကျင်လျှင်ဆိုတာ ပါတယ်။ လူတိုင်း ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ မဆန့်ကျင်ရင် လူတိုင်း မိမိဆန္ဒကို ထုတ်ဖော်လို့ရတယ်။ ဆန့်ကျင်တယ်ဆိုရင်တော့ မရဘူး။ အဲဒီတော့ နိုင်ငံတော်က ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတယ်။လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိတယ်၊ ဆန္ဒထုတ်ဖော်ပိုင်ခွင့်ရှိတယ်၊၊ ဒါပေမဲ့ အဲဒီမှာတစ်ခုကို နိုင်ငံတော်ရဲ့လုံခြုံရေးကို မထိခိုက်အောင် ပြောပိုင်ခွင့်ရှိတယ်။ လုံခြုံရေးကို ထိခိုက်ရင်တော့ ပြောပိုင်ခွင့်မရှိဘူး။ ဒါကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်ခြင်းမရှိဘူး။

မေး – ဒီဥပဒေကို ပြင်လိုက်လို့ရှိရင် ပြည်သူတွေအတွက် ဘာတွေအကျိုးသက်ရောက်မှု ရှိနိုင်လဲ။

ဖြေ – အကျိုးသက်ရောက်မှုကတော့ ပိုပြီးတော့ စနစ်ကျလာမယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေလည်း ထိန်းသိမ်းရတာလွယ်ကူမယ်။ ဒီဥပဒေကို ကိုယ်စားလှယ်တိုင်းက ဖြေလျှော့ချင်ကြတယ်။ ဒါပေမဲ့ ဖြေလျှော့တိုင်းလည်း ကောင်းတာမဟုတ်ဘူး။ ဥပဒေဆိုတာ ဘယ်အချိန်မဆို ပြင်လို့ရတယ်။ ဥပဒေဆိုတာ ဘယ်သောအခါမှ Perfect မဖြစ်ဘူး။ ခေတ်အဆက်ဆက်ပြင်လာရတာ။ ဒီဥပဒေကို တစ်ချိန်မှာ အင်မတန်စည်းကမ်းညီညွတ်တဲ့ ဆန္ဒထုတ်ဖော်ပွဲတွေရှိလာလို့ရှိရင် ဒီဥပဒေကို ပြန်ပြင်လို့ရတာပဲ ။ ဒါပေမဲ့ လောလောဆယ် လိုအပ်ချက်အရ ကျွန်တော်တို့ ပြင်ထားတာ။

မေး – အရင်အစိုးရလက်ထက်က ပုဒ်မ-၁၈ ကို ပယ်ဖျက်ဖို့အထိ တောင်းဆိုတာတွေ ရှိတယ်။ အဲဒီလိုတောင်းဆိုတဲ့သူတွေက လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်လာပြီးတော့ ပယ်ဖျက်ခြင်းမရှိဘဲနဲ့ Sponsor တွေပါ တင်ပြခိုင်းတယ်ဆိုတော့ ဝေဖန်ကန့်ကွက်မှုတွေ ထွက်ပေါ်လာနိုင်မလား။

ဖြေ – ဥပဒေက လွှတ်တော်ကို ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီအနေနဲ့ တင်ပြထားတာပဲရှိသေးတယ်။ တင်ပြပြီးရင် ကျွန်တော်တို့ အစီရင်ခံစာ ဖတ်မယ်။ အစီရင်ခံစာဖတ်ပြီးလို့ရှိရင် လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနိုင်ပါတယ်။ အဲဒီအခါကျရင်တော့ ကျွန်တော်တို့ ညှိရမှာပေါ့။ သူတို့အခွင့်အရေးပဲလေ။ ဒီဥပဒေကို သုံးသပ်ပြီဆိုရင် ပြည်ထဲရေးပါမယ်၊ ရှေ့နေရုံးပါမယ်၊ ဥပဒေနှင့် အထူးကိစ္စရပ်များကော်မရှင်ပါမယ်။ ဒီအဖွဲ့တွေနဲ့ ပထမသုံးသပ်မယ်။

မေး – အခု ဖြည့်စွက်ထားတဲ့အချက်က ဆန္ဒပြပွဲအတွက် သက်ဆိုင်ရာကို တင်ပြတဲ့အခါ Sponsor ပေးတဲ့သူတွေ၊ အဖွဲ့အစည်းတွေရဲ့စာရင်း ထည့်ခိုင်းတဲ့အချက်။ အဲဒီတော့ အမှန်တကယ်Sponsor ပေး၊ မပေးကို ဘယ်လိုသိရမှာလဲ။

ဖြေ – ဥပမာ-ရိုးရိုးသားသား ဆန္ဒပြတယ်ဆိုရင် Sponsor မရှိဘဲနဲ့ လူတွေက သူ့ဘာသာသူ အသည်းနှလုံးကြားထဲက ဆန္ဒလာပြတယ်ဆိုရင်တော့ Sponsor အချက်ကို ဖြည့်စရာမလိုတော့ဘူး။ ဒါပေမဲ့ လူတွေကိုယ်နှိုက်က အသည်းနှလုံးကြားထဲက ဆန္ဒပြချင်လို့ ကွင်းထဲကို လူတစ်သောင်း၊ ငါးထောင် စုရုံးလာတာလား၊ အဖွဲ့အစည်းတစ်ခုခုက၊ လူပုဂ္ဂိုလ်တစ်ဦးဦးက စည်းရုံးလှုံ့ဆော်လို့ ရောက်လာကြတာလားဆိုတာ သိရမှာပဲ။ Sponsor ပေးတယ်၊ မပေးဘူးဆိုတာ ပွဲကိုကြည့်ရင် သိရမှာပဲ။ လွယ်လွယ်ကူကူ ခန့်မှန်းလို့ရတာပဲ။

မေး – အဲဒီတော့ သက်ဆိုင်ရာကိုတင်ပြတဲ့အခါမှာ Sponsor ပေးတယ်၊ မပေးဘူးဆိုတဲ့အချက်ကို လိမ်ပြီးတင်ပြသွားတယ်ဆို ဘယ်လိုအရေးယူမှာလဲ။

ဖြေ – ဒါတော့ ဥပဒေမှာမပါဘူး။ လိမ်ပြီးလည်းတင်ချင် တင်မှာပဲ။ ဒါကရတယ်၊ Sponsor ပွဲမှန်း တရားဝင်တင်ခိုင်းတာ၊ Sponsor ပွဲ ဟုတ်လား၊ မဟုတ်လားက ခန့်မှန်းလို့ရပါတယ်။