စေတီတော်တစ်ဆူ၏ အဓိကအစိတ်အပိုင်းများ

စေတီတော်များတည်ထားကိုးကွယ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြတ်ဗုဒ္ဓအား အစဉ်သတိရနေစေရန် ဖြစ်၏။ စေတီ၊ ပုထိုး၊ ထူပါဟူသော ဝေါဟာရမှာ “အရိုသေပြုအပ်၊ ချီးမွမ်းအပ်သောအရာ”အဓိပ္ပာယ်ဖွင့်ဆိုရ၏။

စေတီတော်တစ်ဆူ၏ အဓိက အစိတ်အပိုင်းကိုးခု

မြန်မာပြည် တစ်နံတစ်လျား၌တည်ထားကြသော စေတီတော်များကို လေ့လာကြည့်ပါက ၁။ ဖိနပ်တော်၊ ၂။ ပန်းတင်ခုံ၊ ၃။ ပစ္စယာ၊ ၄။ ရှစ်မြှောင့်ပုံနှင့် ကျည်းဝန်း၊ ၅။ ခေါင်းလောင်းပုံ၊ ၆။ ဖောင်းရစ်၊ ၇။ ကြာလန်ကြာမှောက်၊ ၈။ ငှက်ပျောဖူးနှင့် ၉။ ထီးတော်တို့ ဖြစ်ကြသည်။

၁။ ဖိနပ်တော် ဟူသည် စေတီတော်၏ ပန္နက်အတိုင်း မြေဝင်အုတ်မြစ်ကိုခေါ်ခြင်းဖြစ်၏။

၂။ ပန်းတင်ခုံ ဟူသည် အုတ်မြစ်အကျယ်အဝန်းအတိုင်း မြေပေါ်သို့မြင့်တက်လာသည့်အုတ်ခုံကို ခေါ်၏။ ပလ္လင်ခုံဟုလည်း ခေါ်ဝေါ်ကြ၏။ ပန်းတင်ခုံ၏ထောင့်များ၌ စေတီရံများ တည်ထားလေ့ရှိ၏။ ပန်းတင်ခုံကို “အဘိသင်္ခါရပတ္တနာ” ဟု ဗုဒ္ဓစာပေ၌ ဖော်ပြ၏။အလွန်မြင့်မြတ်သော ကံ-စေတနာဟု အဓိပ္ပာယ်ရပါ၏။

၃။ ပစ္စယာ ဟူသော ပါဠိဝေါဟာရသည် “အထောက်အပံ့” ဟု အဓိပ္ပာယ်ဖွင့်ဆိုရ၏။ စေတီတော်ကြီး ခိုင်ခံ့စေရန် ထောက်ပံ့ထားသည့်အုတ်ခုံဟု ဆိုလို၏။ များသောအားဖြင့် ပစ္စယာသုံးဆင့် တည်ထားလေ့ရှိ၏။ ပထမပစ္စယာကို “ဝိဘ၀တဏှာ”ဟူ၍တရားသဘောဆို၏။ ဝိဘ၀ တဏှာမှာ ဘ၀ကင်းပြတ်မှုကို စွဲယူနှစ်သက်ခြင်းဖြစ်သောကြောင့် ဒိဋ္ဌိအားဖြင့် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်၏။ ဒုတိယပစ္စယာကို “ဘ၀တဏှာ” ဟု သတ်မှတ်၏။ ဘ၀တဏှာမှာ အဖန်တလဲလဲ ဖြစ်ပျက်နေသောဘ၀ကိုနှစ်သက်သာယာခြင်းဖြစ်၍ သဿတဒိဋ္ဌိဖြစ်၏။ တတိယပစ္စယာမှာ “ကာမတဏှာ” ဟု သတ်မှတ်တည်ထားခြင်းဖြစ်၏။ ကာမတဏှာမှာ ကာမဂုဏ်တရားများကို လွန်စွာခံစားခြင်းကို နှစ်သက်၍ ထိုသို့နှစ်သက်နေမှုအပေါ် မြဲသည်ဟု ထင်မှတ်သဖြင့် သက္ကာယဒိဋ္ဌိ ဖြစ်၏။

တတိယပစ္စယာ၌ ဌာပနာတိုက်ပြုလုပ်လေ့ရှိကြ၏။ ဌာပနာတိုက်၌ သစ္စာလေးပါးသာလျှင် အရင်းခံဖြစ်၍ အကန့်လေးကန့် ပြုလုပ်ရ၏။ တနင်္ဂနွေထောင့်၌ သတ္တဌာနဆင်းတုတော်များကို ဌာပနာပြု၍ ကျန်အကန့်များတွင် အခြားသောဆင်းတုတော်၊ ဓာတ်တော်များကို ဌာပနာရ၏။

၎။ ရှစ်မြှောင့်ပုံနှင့် ကျည်းဝန်းမှာ ပစ္စယာသုံးဆင့်၏ အထက်တွင်ပြုလုပ်လေ့ရှိသည်။ ခေါင်းလောင်းပုံ၏ နှုတ်ခမ်းကို ပေါ်လွင်စေရန် အောက်ခံခုံသဘောပြုလုပ်ထားခြင်းဖြစ်၏။

၅။ ခေါင်းလောင်းပုံ…. ယင်းခေါင်းလောင်းပုံ၏ အလယ်ခါးစည်းကို ရင်ဖွဲ့တော်(ရင်စည်း)ဟုလည်း ခေါ်ဝေါ်ကြ၏။ ရင်ဖွဲ့တော်၏အထက်ပိုင်းမှာ သပိတ်ကို မှောက်ထားသည်နှင့်တူသောကြောင့် သပိတ်မှောက်ဟုခေါ်၏။ သပိတ်အတွင်းရှိ ပစ္စည်းများကို အကြွင်းအကျန်မရှိမှောက်သွန်ဘိသကဲ့သို့ ဆိုင်ရာဆိုင်ရာမဂ်ဖြင့် ပယ်သတ်ရမည့်အကြောင်းများကို “ပဟာတဗ္ဗဓမ္မ” အဖြစ် သပိတ်မှောက်ထားသည့်ပုံဖြင့် ဖော်ကျူးထားခြင်း ဖြစ်၏။

ရင်ဖွဲ့တော် (ရင်စည်း) နေရာသည် သိက္ခာသုံးပါးတည်ရှိရပုံကို ပြဆို၏။ အဝတ်ပုဆိုးများ မကျွတ်လွတ်စေရန် ခါးစည်းထားဘိသကဲ့သို့ ကိလေသာကာမတွေ မရှင်သန်နိုင်အောင် သိက္ခာသုံးပါးဖြင့် ထိန်းချုပ်ခြင်းသဘောကိုဆောင်၏။

ခေါင်းလောင်း၏ အနားသည်အမျှဝေခြင်းသဘောကို ဆောင်၏။ ဘီလူးပန်းဆွဲများမှာခပ်သိမ်းသော ဘေးဥပဒ္ဒဝေါတို့မှ ကင်းရှင်းစေနိုင်သည့် ဘယဉာဏ်ကို ဆိုလို၏။

၆။ ဖောင်းရစ် ဟူသည် ခေါင်းလောင်းပုံအထက်၌ ထီးအဆင့်ဆင့်ဖြန့်မိုးထားသည့်အနေဖြင့် ဖောင်းရစ်များပြုလုပ်ထားကြခြင်းဖြစ်ပါ၏။ ဖောင်းရစ်ကို ငါးရစ်၊ ခုနစ်ရစ်၊ ကိုးရစ်၊ တစ်ဆယ့်တစ်ရစ် စသည်ဖြင့် အမျိုးမျိုးတည်ထားကြပါ၏။

၇။ ကြာလန်ကြာမှောက် ဟူရာ၌ ကြာမှောက်သည် သစ္စာလေးပါး မြတ်တရားအား သိအောင်၊ မြင်အောင်၊ ဆိုက်ရောက်အောင် ကျင့်ကြံဆဲ သေက္ခပုဂ္ဂိုလ်များ၏ နယ်မြေအဆုံးဖြစ်ကြောင်းကိုပြဆိုသည်။ ပုထုဇဉ်နယ်မြေအဆုံးကို ကိုယ်စားပြုပြဆိုထားသည်။ ရွဲသည် ပုထုဇဉ်မှ အရိယာအဖြစ်သို့ ကူးပြောင်းသောနယ်မြေခွဲခြားထားသောနေရာ ဖြစ်သည်။

ကြာလန်သည် အာသဝေါလေးပါးကုန်ခန်း၍ အရိယာဉာဏ်အမြင် စင်ကြယ်ပြီဖြစ်ကြောင်း ပြဆိုခြင်းဖြစ်သည်။

၈။ ငှက်ပျောဖူးသည် ကြာလန်၏အထက်၌ရှိသည်။ ငှက်ပျောဖူးပုံနှင့်တူ၍ ငှက်ပျောဖူးဟုခေါ်ဆိုကြခြင်းဖြစ်ပါ၏။ တရားသဘောအရ အရဟတ္တမဂ်ကို ဖော်ညွှန်း၏။

၉။ ထီးတော်သည် အရဟတ္တဖိုလ်ကို ဖော်ညွှန်း၏။ ထီးတော်၏ အစိတ်အပိုင်းများတွင်-

(က) ပန်းလည်တိုင် (ပိန္နဲတိုင်)
( ခ ) စလောင်း
( ဂ ) ဆပ်သွားဖူး
(ဃ) ငှက်မြတ်နား
( င ) စိန်ဖူးတော် ဟူ၍ရှိပါ၏။

(က) ပန်းလည်တိုင်ခေါ် ပိန္နဲတိုင်မှာ ထီးတော်အထွတ်တင်လှူရန် စေတီအလယ်ဗဟိုတွင် ဖောင်းရစ်မှ ငှက်ပျောဖူးအထိ စိုက်ထူထားခြင်းဖြစ်၏။

(ခ) စလောင်းမှာ ထီးတော်၏ထောက်များ ညွတ်မကျစေရန်နှင့် ငှက်ပျောဖူးပေါ်၌ ထီးတော် ဟန်ချက်ညီညီတည်နေစေရန် ကျားကန်ထားသည့် ထောက်ဖြစ်၏။ စေတီတော်၏ငှက်ပျောဖူးထိပ်ကို မိုးရေမဝင်စေရန် ဖုံးအုပ်ထားသည့် သံအုပ်ဆောင်း၊ ကြေးအုပ်ဆောင်းကိုလည်း စလောင်းဟုခေါ်ကြ၏။

(ဂ) ဆပ်သွားဖူးများကို ငှက်မြတ်နားတော်၏ အောက်ခံအဖြစ် ထားရှိ၏။

(ဃ) ငှက်မြတ်နားတွင် ဘုရားလောင်း ဟင်္သာမင်း၊ ဇာမဏီငှက်မင်း၊ ကျေးမင်း၊ ကြက်မင်းဟူသော ငှက်မြတ်လေးကောင်၏ရုပ်တုများကို တပ်ဆင်ထားသဖြင့် ငှက်မြတ်နားဟု ခေါ်ဆိုခြင်းဖြစ်၏။

(င) စိန်ဖူးတော်…. ငှက်မြတ်နားအပေါ်ရှိ စိန်ဖူးတော်မှာ စေတီတစ်ဆူလုံးနှင့် ထီးတော်၏ အထွတ်အထိပ်ဖြစ်၍ ကြာဖူးပုံရှိ၏။

ငှက်ပျောဖူးနှင့် ထီးတော်အောက်နယ်နမိတ်ကို လောကီမှလောကုတ္တရာသို့ တက်သော နယ်နိမိတ် (ဂေါတြဘူ)။ ထီးတော်၏အောက်ခြေမှ စိန်ဖူးတော်အထိကို လောကုတ္တရာဘုံဟု သတ်မှတ်၏။

စကြ၀ဠာ၏ သုံးဆယ့်တစ်ဘုံတည်ရှိနေဟန်ကို သင်္ကေတရည်ညွှန်းကာ လောကီဘုံစဉ်များကို ငှက်ပျောဖူးပုံတော်အထိ တည်ထားဆောက်လုပ်ကြ၏။

ထို့ကြောင့် စေတီဘုရား တည်ထားကိုးကွယ်လှူဒါန်းသူ ဘုရားဒါယိကာ၊ ဒါယိကာမတို့နှင့် ပူဇော်ဦးခိုက်ကြသူအပေါင်းတို့သည် စေတီတော်ကြီးကို တရားသဘောဖြင့် ကြည်ညိုရင်း မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်နိုင်ကြပါစေကြောင်းနှင့် ထိုသို့တည်ထားခဲ့သော အရိုအသေပြုအပ်၊ ချီးမွမ်းအပ်သော စေတီတော်၊ ပုထိုးတော်တို့ကိုငုံ၍ အမိုးအကာများအုပ်မိုးခြင်း၊ ဖုံးကွယ်ခြင်းမပြုလုပ်သင့်ပါကြောင်း မြန်မာ့ရိုးရာ ဗိသုကာကျမ်းဂန်များနှင့် အညီ ရေးသားအပ်ပါ၏။

မှီငြမ်း-
မြန်မာ့ရိုးရာဗိသုကာကျမ်း