ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းMMAချန်ပီယံ အောင်လအင်န်ဆန်းနှင့်တွေ့ဆုံခြင်း

ဓာတ်ပုံ - ဖိုးသား

“ကျွန်တော့်မှာ ကြောက်စိတ်ဆိုတာ မရှိပါဘူး”

ကျွန်တော် MMA ကစားတာ အပျော်ကစားတာ မဟုတ်ဘူး။ ကမ္ဘာ့ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကစားတာ ပါ။ အခုဆိုရင် နှစ်ထပ်ကွမ်းချန်ပီယံဖြစ်မယ့်အခွင့်အရေးဆိုတော့ အရမ်းပဲပျော်တယ်။ မြန်မာပြည်မှာပဲ အောင်ပွဲရတာ ဆိုတော့ ပိုပျော်တယ်။ ကျွန်တော့်ကိုအားပေးတဲ့ မြန်မာပြည်က ပရိသတ်ကိုလည်း ကျေးဇူးတင်တယ်။

မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် လာမည့်ဖေဖော်ဝါရီ ၂၃ ရက်မှာ ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ (MMA) ပြိုင်ပွဲရဲ့ ကမ္ဘာ့လိုက်ဟဲဗီးဝိတ်ချန်ပီယံဆုကို ဘရာဇီးနိုင်ငံသား မာချာဒိုနဲ့လုမယ့် ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံ အောင်လအင်န် ဆန်းကတော့ လက်ရှိမှာ ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ မိသားစုနဲ့ဝေးကွာပြီး ဒီပြိုင်ပွဲအတွက် နယ်မြေရပ်ခြားမှာ သွားရောက်လေ့ကျင့်ထားတဲ့ အောင်လအင်န်ဆန်းကတော့ မြန်မာနိုင်ငံသားတွေ ဂုဏ်ယူနိုင်အောင် ထိုးသတ်မယ်လို့ ပြောကြားလာပါတယ်။ ပြီးတော့ One Championship သမိုင်းမှာ ပထမဆုံးမစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်းနှစ်ခုကို
တစ်ဦးတည်းချန်ပီယံဖြစ်ဖို့ရှိနေကြောင်း အောင်လအင်န်ဆန်းရဲ့ ရင်တွင်းစကားတွေနဲ့ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု တွေကို ပရိသတ်အတွက် ဖော်ပြလိုက်ပါတယ်-

မေး။ ပထမဆုံးအနေနဲ့ ဒီပြိုင်ပွဲက ပုံမှန်ဝိတ်တန်းထက် တစ်ဆင့်မြင့်တဲ့အတန်းမှာ ချန်ပီယံလုရမှာဆိုတော့ အစ်ကို့ ခံစားချက်လေးကို ပြောပေးပါ။

ဖြေ။ One Championship မှာ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်နှစ်မျိုးကို လူတစ်ယောက်တည်း မရဖူးဘူးဆိုတော့ ဒီဟာကသမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်တယ်။ ဒါကြောင့်ဒီပွဲအတွက် ကျွန်တော်အရမ်းကို စိတ်လှုပ်ရှားပါတယ်။

မေး။ ပြိုင်ဘက်က ဘရာဇီးနိုင်ငံသားဆိုတော့ အချုပ်ပိုင်းပညာဖြစ်တဲ့ ဂျူဂျစ်စုကို ပိုင်နိုင်တဲ့သူတစ်ဦးဖြစ်တဲ့အတွက် ဒီအတွက် ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ။ ဟုတ်ပါတယ်။ ကျွန်တော့်ထက် သူက ဂျူဂျစ်စုကို အားသာပေမယ့် ကျွန်တော်မကြောက်ပါဘူး။ သူက ဂျူဂျစ်စု ပညာကို ငယ်ငယ်လေး ကတည်းက သင်ကြားတတ်မြောက်ထားတာပါ။ ကျွန်တော်က ဒီလောကထဲကိုဝင်မှ သင်ကြား ရတာဆိုတော့ ပညာပိုင်းတော့ ကွာပါတယ်။ သူဘယ်လောက်ပဲ အောက်ပိုင်းမှာချုပ်နိုင်ချုပ်နိုင်ကျွန်တော်မကြောက်ပါဘူး။ ဒါပေမဲ့ သူ့အားသာချက်က ဂျူဂျစ်စု၊ သူ့အားနည်းချက်ကရပ်ပြီး တိုက်ခိုက်တဲ့အပိုင်းမှာဆိုတော့ သူအားနည်းချက်ကို ကျွန်တော်ထိုးသတ်မှာပါ။ အကယ်၍သူ့အားသာ ချက်ကိုရောက်ရင်လည်း ကျွန်တော်မကြောက်ပါဘူး။ သူ့လိုပြိုင်ဘက် တွနဲ့ ကျွန်တော် ကစားဖူးတဲ့အတွက် ကျွန်တော့်မှာ ကြောက်စိတ်ဆိုတာ မရှိပါဘူး။

မေး။ ဒီပြိုင်ပွဲမှာ အနိုင်ရဖို့အတွက်ရော ဘယ်လိုနည်းစနစ်ပိုင်းတွေကို အသုံးပြုသွားမလဲ။

ဖြေ။ ကျွန်တော့်အနေနဲ့ကတော့ ရပ်ပြီးတိုက်ခိုက်တဲ့အပိုင်းကို အများဆုံးအသုံးပြုမှာ ဖြစ်ပါတယ်။ ပြီးတော့ သူချုပ်တဲ့အချိန်မှာ မချုပ်နိုင် အောင် နည်းစနစ်ပိုင်းတွေကို လေ့ကျင့်ထားပါတယ်။

မေး။ ပြိုင်ဘက်ကစားသမားရဲ့ပွဲတွေကိုရော ကြည့်ထားလား။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ သူ့ပွဲကို နှစ်ပွဲ၊ သုံးပွဲလောက်ကြည့်ထားပါတယ်။ အများကြီးကြည့်စရာမလိုပါဘူး။ သူ့ရဲ့ ပွဲအားလုံးကို ကြည့်စရာမလိုဘူး။ အကုန်ကြည့်ရင် နည်းစနစ်ပိုင်း မှားသွားနိုင်တယ်။ အဲဒီတော့ နောက်ဆုံးနှစ်ပွဲသုံးပွဲလောက်ကြည့်ရင် လုံလောက်ပါပြီ။ ဘယ်လိုအခြေအနေရှိလဲဆိုတာက ခုနက ပြောသလိုပဲ။ သူက ဂျူဂျစ်စုပိုင်းမှာ အားသာပါတယ်။

မေး။ အရင်ပွဲတွေက ဘယ်နှချီမှာ အနိုင်ယူမယ်ပြောပြီး လုပ်ပြနိုင်ခဲ့တော့ ဒီပွဲမှာရော ဘယ်နှချီမှာ အနိုင်ယူမယ်လို့ ထင်လဲ။

ဖြေ။ ဒီပွဲကသိပ်မသေချာဘူး။ သူဘယ်လောက် လေ့ကျင့်ထားလဲ ကျွန်တော်မသိဘူး။ အကယ်၍သူ့မှာ သက်လုံကောင်းရင် သုံးချီလောက်အထိ ထိုးနိုင်မယ်။ မရှိရင်တော့ နှစ်ချီလောက်ပေါ့။ ဒါကြောင့် သူ့အမှားကိုပဲ ကျွန်တော်က စောင့်ရမှာဖြစ်တဲ့အတွက် ဘယ်အချီအနိုင်ယူမလဲဆိုတာတော့ မပြောနိုင်ပါဘူး။

မေး။ ဒီပွဲနိုင်ရင် ကမ္ဘာ့ချန်ပီယံနှစ်ခုယူပြီး မြန်မာပြည်မှာ နှစ်ကြိမ်အောင်ပွဲခံကာ သမိုင်းရေးထိုးနိုင်မယ့်အခွင့်အရေး အတွက် ဘယ်လိုခံစားရလဲ။

ဖြေ။ ကျွန်တော့်ပန်းတိုင်က ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ဖို့ပါ။ အခု ပန်းတိုင်ရောက်နေပြီ။ နောက်ထပ်ပန်းတိုင်က ကမ္ဘာ့လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်ကို အရယူမှာပါ။ ပြိုင်ဘက်ကိုလည်း လေးစားပါတယ်။ မြန်မာပြည်ဂုဏ်ယူနိုင်အောင် ကြိုးစားသွားမှာပါ။ ဒီခါးပတ်အတွက် မိသားစုနဲ့ဝေးပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ထားတဲ့အတွက် ကျွန်တော့်ပန်းတိုင်ကို အရောက်သွားမှာပါ။ ကျွန်တော် MMA ကစားတာ အပျော်ကစားတာ မဟုတ်ဘူး။ ကမ္ဘာ့ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကစားတာပါ။ အခုဆိုရင် နှစ်ထပ်ကွမ်းချန်ပီယံဖြစ်မယ့်အခွင့်အရေးဆိုတော့ အရမ်းပဲပျော်တယ်။ မြန်မာပြည်မှာပဲ အောင်ပွဲရတာဆိုတော့ ပိုပျော်တယ်။ ကျွန်တော့်ကို အားပေးတဲ့ မြန်မာပြည်က ပရိသတ်ကိုလည်း ကျေးဇူးတင်တယ်။

မေး။ အစ်ကို့အနေနဲ့ အခုပြိုင်ပွဲက ကိုယ့်ဝိတ်တန်းတစ်ဆင့်မြှင့်ပြီး ထိုးတာဆိုတော့ နောက်ထပ်ရော တိုးပြီးထိုးဦး မလား။

ဖြေ။ ဒီထက်တော့ မတိုးတော့ဘူး။ ဟဲဗီးဝိတ်ကတော့ မကစားတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်ဟဲဗီးဝိတ်နဲ့ လေ့ကျင့်တယ်။ ခုနစ်ပေ လောက်ရှိတဲ့ သူတွေဆိုတော့ ကျွန်တော့်အရပ်ခြောက်ပေလောက်နဲ့ဆို ကျွန်တော့်ကွာလတီနဲ့ဆိုရင် မဖြစ်နိုင်ဘူး။

မေး။ အခုဆိုရင် အစ်ကို့အသက်က(၃၀)ကျော်ပြီဆိုတော့ ဘယ်တော့လောက် အနားယူမလဲ။ အနားယူတဲ့အချိန်ရော ဘာလုပ်မလဲ။

ဖြေ။ ကစားပြီးတော့ အနားယူတဲ့အချိန်မှာ ဘာလုပ်မလဲဆိုတော့ မြန်မာပြည်မှာ MMA ကစားချင်တဲ့သူရှိရင် သူတို့ကို သင်ပေးဖို့ရည်ရွယ်ထားတယ်။ အဲဒါအဆင်မပြေရင်တော့ တခြားစီးပွား ရေးလုပ်ရမှာပေါ့။

မေး။ ဒီတစ်ခေါက်တော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ရှိသေးလား။

ဖြေ။ ဒီတစ်ခေါက်တော့မရှိပါဘူး။ သူ့ဘက်က မခေါ်ထားဘူးဆိုတော့ မရှိဘူးပေါ့။

မေး။ One Championship ပေ့ခ်ျမှာ ခါးပတ်နှစ်ခုရထားတာ အခြားတစ်ဦးရှိတယ်ဆိုတော့ အစ်ကိုအခုရရင် အတူတူဖြစ်သွားမလား။

ဖြေ။ အဲဒါက မတူပါဘူး။ သူတို့ဝိတ်က လိုက်ဝိတ်နဲ့ ဖယ်သာဝိတ်။ သူတို့က ၁၀ ပေါင်ပဲကွာတယ်။ ကျွန်တော့်ဟာက မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်က ပေါင် ၂၀ ကွာတယ်။ အဲဒါကွာခြားပါတယ်။

မေး။ ၂၀၁၈ ခုနှစ်မှာ ဘယ်နှပွဲလောက်ထိုးဖို့ရှိလဲ။

ဖြေ။ သုံးပွဲလောက်ထိုးချင်တယ်။ ဒီပွဲနိုင်ပြီး မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်ချင်တယ်။ နောက်ပြီး ဒီနှစ်မကုန်ခင် ဒီလိုက်ဟဲဗီးဝိတ်ခါးပတ်ကို ကာကွယ်ချင်တယ်။

မေး။ ဒီပွဲပြီးရင်ရော မြန်မာပြည်လာဖို့ရှိသေးလား။

ဖြေ။ မတ်လမှာ ကျွန်တော့်အမျိုးသမီး၊ သားခေါ်ပြီး ပြန်လာမယ်။ ကချင်ပြည်သွားပြီး လေ့လာမယ်။ ကူညီပေးစရာရှိတာ တွေကို ကူညီပေးမယ်။ တစ်ပတ်လောက်နေမယ်နော်။ အဓိကကတော့ ကျွန်တော့်မိသားစုကို မြန်မာပြည်အလှအပနဲ့ အစားအစာတွေကို ပြချင်တယ်။

မေး။ မြန်မာနိုင်ငံမှာ ထိုးတဲ့ပွဲတိုင်းမှာ နိုင်ပွဲရထားတော့ ဒီပွဲအတွက်ရော မြန်မာပရိသတ်တွေအတွက် ဘာပြောချင်လဲ။

ဖြေ။ မြန်မာပရိသတ်တွေအားလုံး ဂုဏ်ယူနိုင်အောင် ကျွန်တော်အစွမ်းကုန် ကြိုးစားထားပါတယ်။ ဒီပွဲမှာ အကောင်းဆုံး ဖြစ်အောင်၊ ထိုးနိုင်အောင် ပြင်ဆင်ထားတယ်။ အောင်မြင်မှုက ကြိုးစားမှုနဲ့ဆိုင်တယ်။ ကြိုးစားသလောက်လူက အောင်မြင်လာပါတယ်။ အဲဒီအတွက် ကျွန်တော် ကြိုးစားထားတော့ အောင်မြင်မှုရမယ်လို့ ယုံကြည်တယ်။ ဒီပွဲက အကောင်းဆုံးပွဲဖြစ်အောင် ကြိုးစားထားတယ်။ အကောင်းဆုံးဖြစ်မယ်လို့လည်း ယုံကြည်မှု ၁၀၀ ရာခိုင်နှုန်းရှိတယ်။