၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထဝီဝင်ဘာသာရပ်အတွက် အထောက်အကူပြုလမ်းညွှန်

မလိခဦးလှချစ်

ပထဝီဝင်ဘာသာရပ်ကို အောင်ပွဲဆင်ဖို့ မေးခွန်းပုံစံကို ပထမဆုံးလေ့လာထားရပါမယ်။ ပထဝီဝင်မေးခွန်းအပိုင်း(က)မှာ ဓမ္မဓိဋ္ဌာန်ကို မေးပါတယ်။ ၁(က)မှာ အမှား၊ အမှန်ရွေးပြီး မှန်ရင် (မှန်)၊ မှားရင် (မှား) ငါးခုရွေးရပါမယ်။ ၁(ခ)မှာ ကွက်လပ် ငါးခုဖြေရပါတယ်။ ၁(ဂ)မှာ အဖြေသုံးခုပေးထားပြီးအမှန်တစ်ခုကို ရွေး၊ ကွက်လပ်ထဲမှာ ဖြည့်ပေးရပါတယ်။ ငါးခုဖြေရပါတယ်။ ဓမ္မဓိဋ္ဌာန်မေးခွန်း စုစုပေါင်း ၁၅ ခုမေးပြီးတစ်ခုကို တစ်မှတ်နှုန်းနဲ့ ၁၅ မှတ်ဖြစ်ပါတယ်။

(ဓမ္မဓိဋ္ဌာန်ကိုဖြေဆိုနိုင်ဖို့ကတော့ ပုံနှိပ်စာအုပ်ထဲက သာမေးတာဖြစ်လို့ များများဖတ်လို့ရပါတယ်။ ဓမ္မဓိဋ္ဌာန်ဆိုတာက မှန်ရင်အမှတ်ပြည့်ရနိုင်လို့ ကြိုးစားဖြေကြပါ။)

ပထဝီဝင်မေးခွန်းအပိုင်း(ခ)မှာ သဘာဝပထဝီဝင်၊ အပိုင်း(ဂ)မှာ စီးပွားရေးပထ၀ီဝင်၊ အပိုင်း(ဃ)မှာ မြန်မာနိုင်ငံပထဝီဝင်၊ အပိုင်း(င)မှာ ကမ္ဘာ့ပထဝီဝင်မေးပါတယ်။ မေးခွန်းရှည်နှစ်ပုဒ်နဲ့ မှတ်စုတိုတစ်ပုဒ်၊ စုစုပေါင်း သုံးပုဒ်စီမေးပြီး မိမိကြိုက်နှစ်သက်ရာတစ်ပုဒ်စီသာ ဖြေရမှာဖြစ်ပါတယ်။ အပိုင်း(ခ) အတွက် ၁၅ မှတ်၊ အပိုင်း(ဂ)အတွက် ၁၅ မှတ်၊ အပိုင်း (ဃ) အတွက် ၁၅ မှတ်၊ အပိုင်း (င)အတွက် ၁၅ မှတ်ဖြစ်ပါတယ်။

-Ads-
-Ads-

(သဘာဝပထဝီဝင်ဖြေဆိုတဲ့နေရာမှာ စာအပြင် သရုပ်ပြပုံကြမ်းရေးဆွဲပေးရမှာဖြစ်ပါတယ်။ စီးပွားရေးပထဝီဝင်၊ မြန်မာနိုင်ငံပထဝီဝင်၊ ကမ္ဘာ့ပထဝီဝင်ဖြေဆိုတဲ့နေရာမှာ စာအပြင် အချိုးအစားကျတဲ့မြေပုံကြမ်းပါ ရေးဆွဲပေးရမှာဖြစ်ပါတယ်)

မေးခွန်းအပိုင်း(စ)မှာ လက်တွေ့ပထဝီဝင်ကိုမေးပါတယ်။ (က)မှာ စကေးစိပ်၊ စကေးကျဲ သို့မဟုတ် ကောင်းကင်ဓာတ်ပုံကိုမေးပါတယ်။ ၁၀ မှတ်ဖိုးပါ။ (ခ)မှာ ကွန်တိုမြေပုံကိုပေးထားပြီး ဖြတ်ပိုင်းပုံဆွဲခိုင်းပါတယ်။ ဒါ့အပြင် သဘာဝပထဝီဝင်၊ လူမှုရေးနှင့် စီးပွားရေးပထဝီဝင်ထဲက မေးခွန်းတွေကိုမေးပါတယ်။ ခေါင်းစဉ်ခွဲပြီးလည်း မေးတတ်ပါတယ်။ ၁၅ မှတ်ပေးပါတယ်။

– (စာကိုဖြေတဲ့အခါ အပိုင်ဆုံးကိုအရင်ဖြေပြီးမှ ကျန်တာကို ရသလောက်ကြိုးစားဖြေပါ။ တစ်ပုဒ်မှချန်မထားဖို့ သတိပေးချင်ပါတယ်။)

– လက်တွေ့ပထဝီဝင်လမ်းညွှန်

(လက်တွေ့ပါပိုင်ရင် အမှတ်ကောင်းရုံသာမက ဂုဏ်ထူးပါထွက်မယ်)

စကေးစိပ်နှင့် စကေးကျဲ ညွှန်ကြားချက်

၁။ မေးခွန်းမှာပေးထားတာကို အရင်ကူးပါ။
၂။ မေးခွန်းမှာလိုချင်တာအတိုင်း မျိုးတူအောင်ဖွဲ့ပါ။
၃။ ခြောက်လက်မအတွက်ရှာပါ။
၎။ အနီးဆုံးကိန်းပြည့်ယူပါ။
၅။ အနီးဆုံးကိန်းပြည့်အတွက် လက်မရှာပါ။(ဆွဲရမည့်မျဉ်းအရှည်ရမည်။)
၆။ အနီးဆုံးကိန်းပြည့်ကို မေးခွန်းမှာလိုချင်တာနဲ့စားပါ။(အပိုင်းရသည်။)
၇။ ရသောအပိုင်းကို ဆခွဲကိန်းရှာပါ။ (ပထမကိန်းသည် အပိုင်းကြီး၊ ဒုတိယကိန်းသည် အပိုင်းငယ်)

သတိပြုရန်အချက်

၁။ စကေးစိပ်မေးလျှင် လမ်းညွှန်အတိုင်း(၁)မှ (၆) အထိ၊ စကေးကျဲမေးလျှင် (၁)မှ (၇)အထိ တွက်ရပါမယ်။
၂။ ဆခွဲကိန်းခွဲရာမှ ပထမကိန်းနဲ့ ဒုတိယကိန်းဟာ ကွာခြားချက်အနည်းဆုံးဖြစ်ရပါမယ်။ ပထမကိန်းဟာငယ်ပြီး ဒုတိယကိန်းဟာ ကြီးရပါမယ်။ (ပထမကိန်းနှင့် ဒုတိယကိန်းတူလျှင်လည်းရပါတယ်။) ဥပမာ-၁၆=၂×၈ (သို့) ၄×၄ (၄×၄ ကိုယူပါ။) ၅၀=၂×၂၅ (သို့)၅×၁၀(၅×၁၀)ကိုယူပါ။

– ကောင်းကင်ဓာတ်ပုံနှင့်ပတ်သက်၍ ညွှန်ကြားချက်

၁။ ကောင်းကင်ဓာတ်ပုံစကေးတွက်သည့်အခါ မေးခွန်းမှ လိုအပ်ချက်ကိုအရင်ရေးပြီး ပုံသေနည်းကို ဆက်ရေးပါ။ ထို့နောက် ပုံသေနည်းကို ဂဏန်းဖြင့်အစားထိုးပြီ မျိုးတူအောင်လုပ်၍ အဖြေရှာပါ။
၂။ ပိုင်းဝေနှင့်ပိုင်းခြေကို မျိုးတူအောင်ဖွဲ့ပါ။ ပိုင်းဝေသည်လက်မဖြစ်၍ ပိုင်းခြေသည် ကိုက်၊ပေဖြစ်လျှင် ပိုင်းခြေကို လက်မပြောင်းရမယ်။(ပေကို လက်မဖွဲ့လျှင် ၁၂ဖြင့်မြှောက်၊ ကိုက်ကိုပေဖွဲ့လျှင် ၃ ဖြင့်မြှောက်၊ ကိုက်ကိုလက်မဖွဲ့လျှင် ၃၆ဖြင့်မြှောက်ရမည်။)
၃။ အချိုးစကေးမှ အပိုင်းစကေး၊ အပိုင်းစကေးမှ အချိုးစကေးပြောင်းတတ်ရမည်။

RF = အချိုးစကေး
PD = ဓာတ်ပုံပေါ်အကွာအဝေး
GD = မြေပြင်ပေါ်အကွာအဝေး
f = ကင်မရာဆုံတာ
MD = မြေပုံပေါ်အကွာအဝေး
Map Scale = မြေပုံစကေး
A = ပင်လယ်ပြင်အထက်အမြင့်
h = ကုန်းမြေအမြင့်

(ပုံသေနည်းလေးခုကို အလွတ်ကျက်ပြီး ပုံနှိပ်စာအုပ်မှပုံစံနှင့် လေ့ကျင့်ခန်းကို နားလည်အောင်လုပ်၍ မေးခွန်းဟောင်းများကို လေ့ကျင့်ထားလျှင် မည်သည့်မေးခွန်းမဆို ဖြေဆိုနိုင်ပါမည်။)

ကွန်တိုမြေပုံ ဖြတ်ပိုင်းပုံဆွဲနည်း

၁။ ဖြတ်ပိုင်းပုံအတွက် ကွန်တိုမြေပုံပေါ်ရှိ “က”နှင့် “ခ”အမှတ်တို့ကို ခဲတံဖြင့် မျဉ်းဖြောင့်ဆက်ပါ။
၂။ “က”နှင့် “ခ”မျဉ်းဖြောင့်ပေါ်တွင် ဖြတ်ပိုင်းမျဉ်းတစ်လျှောက်ရှိ ကွန်တိုမျဉ်းကို အမြင့်ပေနှင့်တကွ မှတ်သားထားရမည်။ ပင်လယ်၊ မြစ်၊ ချောင်း၊ မြို့၊ ရထားလမ်း၊ ကားလမ်းတို့ရှိပါက ၎င်းတို့ကိုလည်း မှတ်ရမည်။
၃။ လိုအပ်သည်များကို မှတ်သားပြီးပါက ကွန်တိုမြေပုံစာရွက်ကို “က”မှ “ခ”သို့ မျဉ်းသားထားသည့်အတိုင်းခေါက်ပါ။
၎။ မှတ်သားထားသော စာရွက်ခေါက်ကို ဂရပ်စာရွက်ပေါ်ထပ်၍ “က”မှ “ခ”အမှတ်ကို မှတ်ပါ။ ဂရပ်စာရွက်ပေါ်တွင် “က”မှ “ခ”သို့ အမှတ်မှတ်ပြီးသောအခါ အလျားလိုက်မျဉ်းဖြောင့်ဆွဲပါ။ “က”အမှတ်ပေါ်တွင် ဒေါင်လိုက်မျဉ်းကို ထောင်ပါ။ “က”နေရာတွင် “သုည”ဟုမှတ်ပြီး တစ်လက်မတွင် ပေ ၁၀၀၀ ဟုမှတ်ပါ။ “ခ”အမှတ်ပေါ်မှလည်း ဒေါင်လိုက်မျဉ်းထောင်ပါ။ ဆက်လက်၍ မိမိမှတ်သားထားသော အမြင့်ပေများကို စကေးအတိုင်း အမှတ်များမှတ်သားပေးရမည်။

ဥပမာ – တစ်စိတ် = ၁၀၀’ (၁” တွင် ၁၀ စိတ်)
၅။ အမှတ်အသီးသီးကို ခဲတံဖြင့် ပြေပြစ်စွာဆက်ပါ။ မြစ်၊ ချောင်းနေရာများတွင် အနည်းငယ်ချိုင့်ပေးရမည်။ (မြစ် U ၊ ချောင်း V ) ၊ ဖြတ်ပိုင်းမျဉ်းတစ်လျှောက်တွင်ရှိသော တောင်ထိပ်၊ မြို့၊ ရွာ၊ ရထားလမ်း၊ ကားလမ်း၊ ပင်လယ်၊ မြစ်၊ ချောင်းတို့ကို မြားပြ၍ရေးသားရမည်။ အမည်ရှိပါက အမည်နှင့်တကွ ဖော်ပြရမည်။

၆။ ကွန်တိုဖြတ်ပိုင်းပုံဆွဲ ဖြတ်ပိုင်းပုံကို ဘောင်ခတ်ပေးရမည်။ ပုံ၏အပေါ်ပိုင်းတွင် “က”မှ “ခ”သို့ ဖြတ်ပိုင်းပုံဟု ခေါင်းစဉ်တပ်ပြီး ပုံ၏အောက်တွင် စကေးကိုရေးရမည်။

ကွန်တိုစာဖြေရန် ညွှန်ကြားချက်

၁။ ကွန်တိုမြေပုံ သဘာဝအခြေခံပထဝီဝင်၊ စီးပွားရေးပထဝီ၊ လူမှုရေးပထဝီဝင်စသည်ဖြင့် မေးနိုင်ပါသည်။ ခေါင်းစဉ်ခွဲ၍လည်း မေးနိုင်ပါသည်။
၂။(က)သဘာဝပထဝီဝင်လို့မေးရင် မြေမျက်နှာသွင်ပြင်နှင့်ရေဆင်း၊ ကျောက်အမျိုးအစားနှင့် တွင်းထွက်ပစ္စည်း၊ ရာသီဥတု၊ မြေဆီလွှာ၊ သဘာဝပေါက်ပင်ပါ။
(ခ) လူမှုရေးနှင့် စီးပွားရေးပထဝီဝင်လို့မေးရင် မြို့ပြကျေးရွာများ၊ မှီတင်းနေထိုင်သူများ၊ စီးပွားရေးကုန်ထုတ်လုပ်ငန်းများ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး။
(ဂ) စီးပွားရေးကုန်ထုတ်လုပ်ငန်းများလို့မေးရင် စိုက်ပျိုးရေးလုပ်ငန်း၊ သစ်တောလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ဆားချက်လုပ်ငန်း၊ လမ်းခင်းကျောက်တူးဖော်ရေးလုပ်ငန်း၊ တွင်းထွက်ပစ္စည်း တူးဖော်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊
(ဃ) လူမှုရေးပထဝီဝင်လို့မေးရင်မြို့ပြကျးရွာများ၊ (အမည်၊ တည်နေရာ၊ ပုံသဏ္ဌာန်၊ အရေးပါသော မြို့ရွာ)၊ လူဦးရေ အနည်း၊ အများ(လူနေထူ၊ အသင့်အတင့်၊ လူနေကျဲပါး)၊ လူနေပျံ့နှံ့ပုံ၊ လူမျိုးများ၊ ကိုးကွယ်သည့်ဘာသာ။
(င) ဒေသန္တရပထဝီဝင်လို့မေးရင်တည်နေရာ၊ အကျယ်အဝန်း၊ သဘာဝပထဝီဝင် အချက်အလက်နှင့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များကို ဖြေပါ။

၃။ မိမိသင်ကြားခဲ့သောကျောင်းမှ ဆရာကြီး၊ ဆရာမကြီးများ၏ မှတ်စုများ၊ သင်ရိုးကုန်စာအုပ်များ၊ မေးခွန်းဟောင်းများကို လေ့ကျင့်ကျက်မှတ်သည့်အပြင် အပြည့်စုံဆုံးဖြစ်ချင်ရင် ပထဝီဝင်ဌာန၊ ရန်ကုန်တက္ကသိုလ်မှ ရေးသားသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ အထောက်အကူပြု သိမှတ်ဖွယ်ရာများကိုလည်း ထပ်မံလေ့လာသင့်ပါသည်။

ချွန်ချွန်မွန်မွန်အောင်မြင်စေဖို့ မေတ္တာပို့ပါတယ်။

-Ads-
-Ads-