၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်အတွက် ကြိုတင်သိထားသင့်သောအချက်များ

ဆရာဦးကျော်ဝင်း (RC-1)

သမိုင်းဘာသာရပ်မေးခွန်းမှာ အဓိကအပိုင်းလေးပိုင်းခွဲပြီး မေးထားတယ်။ အပိုင်း(က)၊ (ခ)၊ (ဂ)နဲ့ (ဃ)။ အပိုင်း (က)မှာ ကွက်လပ်ဖြည့်တာ၊ မှား/မှန်ရွေးတာ၊ ဒါ့ပြင်မေးခွန်းတစ်ခုစီအတွက် ပေးထားတဲ့အဖြေ(က)၊ (ခ)၊ (ဂ)တို့ အနက်အဖြေမှန်ကို ရွေးခိုင်းတာ။ ဒီတော့ အပိုင်း(က)အတွက် စုစုပေါင်းရမှတ်က အမှတ် (၂၀)ဖြစ်တယ်။ အတိအကျရတဲ့အမှတ်တွေဖြစ်လို့ ဂရုစိုက်ဖြေဖို့လိုပါတယ်။

အပိုင်း(ခ)။ အပိုင်း(ခ)မှာ မှတ်စုတိုကဏ္ဍဖြစ်တယ်။ မြန်မာ့သမိုင်းနဲ့ ကမ္ဘာ့သမိုင်းစုစုပေါင်း ရှစ်ပုဒ်ပေးထားတယ်။ အဲဒီ ရှစ်ပုဒ်ထဲက မြန်မာ့သမိုင်းဖြစ်ဖြစ်၊ ကမ္ဘာ့သမိုင်းပဲဖြစ်ဖြစ် ကိုယ်အများဆုံး ဖြေဆိုနိုင်မယ်ထင်ရတဲ့ လေးပုဒ်ကိုရွေးပြီးဖြေပေးဖို့ပဲ။ မှတ်စုတိုတစ်ပုဒ်ကို ငါးမှတ်ဆိုတော့ လေးပုဒ်အတွက် အမှတ် (၂၀)ပေးထားတယ်။ စာစစ်အတွေ့အကြုံအရ ဖြေဆိုသူတချို့ဟာ မှတ်စုတိုဖြေရမှာကို အရှည်ကြီးရေးဖြေကြတာတွေ့ရတယ်။ ဒီတော့အချိန်လည်းကုန် အမှတ်လည်း ရသင့်သလောက်မရကြဘူးပေါ့။ မှတ်စုတိုဆိုကတည်းက မေးထားတဲ့မေးခွန်းအပေါ်အကြောင်းအရာလိုက် အချက်အလက်ကျစ်ကျစ်လျစ်လျစ်နဲ့လိုရင်း တိုတိုတုတ်တုတ်ဖြေတတ်ဖို့ လိုပါတယ်။ (နောက်ပိုင်းမှာမှတ်စုတိုနဲ့ မေးခွန်းရှည်တို့ကို နမူနာအဖြစ် ဖော်ပြပေးထားပါတယ်။)

အပိုင်း(ဂ)။ အပိုင်း(ဂ)မှာ မြန်မာ့သမိုင်းချည်းသက်သက်မေးထားပါတယ်။ မေးထားတဲ့ မေးခွန်း ငါးပုဒ်ထဲက ကိုယ်ပိုင်ပိုင်နိုင်နိုင်ဖြေနိုင်မယ့် နှစ်ပုဒ်ကို ဖြေပေးရမှာ ဖြစ်ပါတယ်။ တစ်ပုဒ်ကို ၁၅ မှတ်နဲ့ နှစ်ပုဒ်အတွက် အမှတ် (၃၀)ပေးထားပါတယ်။ ထိုနည်းတူ အပိုင်း (ဃ)မှာလည်း ကမ္ဘာ့သမိုင်းချည်းမေးခွန်း ငါးပုဒ်မေးထားပါတယ်။ အဲဒီထဲက ကြိုက်ရာ နှစ်ပုဒ်ဖြေပေးရမှာဖြစ်တယ်။ နှစ်ပုဒ်အတွက် အမှတ် (၃၀)ပေးထားပါတယ်။

ဒီနေရာမှာအဓိကထားပြောချင်တာက မေးတဲ့မေးခွန်းတွေကို လေ့လာပါ။ မေးထားတဲ့ မေးခွန်းက ခုနှစ်သက္ကရာဇ်နဲ့ဘောင်ခတ်ပြီး မေးထားသလား ဥပမာ-(၁၉၂၀-၁၉၃၀)၊ (၁၉၃၆-၁၉၃၈)နဲ့ (၁၉၃၈-၁၉၃၉) ခုနှစ်များအတွင်း အမျိုးသား လှုပ်ရှားမှုတွေ၊ တစ်ခါကိုလိုနီခေတ်မြန်မာ့သမိုင်းတွင် အထင်ရှားဆုံး အမျိုးသားလှုပ်ရှားမှုကြီး (၁၉၃၈-၁၉၃၉) သို့မဟုတ် ၁၃၀၀ ပြည့်အရေးတော်ပုံကြီး ပေါ်ပေါက်ရသည့်အကြောင်းရင်းစသဖြင့် ခုနှစ်သက္ကရာဇ်နဲ့ဖြစ်ဖြစ်၊ အကြောင်းအရာလိုက်ဖြစ်ဖြစ် မေးတတ်ပါတယ်။ ပြောလိုတာက ဖြစ်ရပ်တစ်ခုပေါ် ခုနှစ်သက္ကရာဇ်အလိုက်ဖြစ်စဉ်နှင့်တကွ ကြောင်းကျိုးဆက်စပ်ပြီး ဖော်ပြပေးဖို့ပါပဲ။

ပြောရရင် သမိုင်းဘာသာရပ်ဟာ များများရေးရင် အမှတ်များများရတယ်လို့ ထင်တတ်ကြပါတယ်။ လုံးဝမှားပါတယ်။ အမှတ်ပေးစည်းမျဉ်းဟာ အဲဒီအပေါ်အခြေခံပြီး ရေးဆွဲထားတာမဟုတ်ပါဘူး။ စာစစ်အဖွဲ့စနစ်တကျသတ်မှတ်ပေးထားတဲ့ အမှတ်ပေးစည်းမျဉ်းပါ၊ အချက်အလက်တွေအပေါ် အခြေခံတိုက်ဆိုင်စစ်ဆေးပြီးမှ အမှတ်ပေးရပါတယ်။ အမှတ်ပေးစည်းမျဉ်းဟာ တစ်နှစ်တစ်ခါမေးခွန်းပါအကြောင်းအရာလိုက်ပြောင်းလဲမှုရှိနိုင်ပေမယ့် စနစ်ကျနမှု၊ တိကျမှုရှိတယ်။ စာဖြေကျောင်းသား၊ ကျောင်းသူတွေလုံးဝမနစ်နာရအောင် ရေးဆွဲပြဋ္ဌာန်းသတ်မှတ်ပေးထားတာမို့ အဘက်ဘက်က အပြည့်အဝခိုင်လုံမှုရှိတယ်။ ဒါကြောင့် ရေးအားကောင်းတိုင်း၊ ရေးချင်တာလျှောက်ရေးနေရင်အမှတ်မရဘူးဆိုတာပါပဲ။ စာစစ်တဲ့ဆရာကြီး၊ ဆရာမကြီးတွေဆိုတာကလည်း လုပ်သက်အရရော အတွေ့အကြုံအရပါ ပညာနယ်ပယ်မှာဝါရင့်၊ သမ္ဘာရင့်ကြီးတွေဖြစ်ကြတယ်။

ဒီတော့ ပြီးခဲ့တဲ့နှစ်တွေက မေးပြီးသွားတဲ့မေးခွန်းအပိုင်း(၄)ပိုင်းထဲက တချို့ကို နမူနာအနေနဲ့ ဖြေပေးလိုက်ပါတယ်။

အပိုင်း(က) ၁။(က)မှ (ကွက်လပ်ဖြည့်)

၁။ ဂျပန်ခေတ်တွင် တန်ခိုးအာဏာအရှိဆုံးသူတို့မှာ ကင်ပေတိုင်ဂျပန်စစ်ပုလိပ်များသာဖြစ်သည်။
၂။ အမေရိကန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အပြီးတွင် အင်အားပိုမိုတိုးတက်ကောင်းမွန်လာသည်။

အပိုင်း(က)၁။ (ခ)မှ (မှား/မှန်)

၁။ မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ သစ်လုပ်ငန်းဖြစ်သည်။ (မှား)
၂။ မူဆိုလီနီသည် စစ်မှုထမ်းဟောင်းများ၊ အရင်းရှင်များ၊ လူငယ်လူရွယ်များ ပညာတတ်များကို စည်းရုံး၍ ဖက်ဆစ်ဝါဒလမ်းစဉ်ကို ချမှတ်ပေးခဲ့သည်။ (မှန်)

အပိုင်း(က)၁။(ဂ)(အဖြေမှန်ရွေးခြင်း)

၁။ ၁၉၄၇ ခုနှစ်ဇန်နဝါရီ ၂၇ ရက်တွင်….ကို လက်မှတ်ရေးထိုးကြသည်။
(က) အောင်ဆန်း-အက်တလီစာချုပ် ၊ (ခ)နု-အက်တလီစာချုပ်၊ (ဂ)လင်္ကျာ-ဖရီးမင်းစာချုပ် အဖြေမှန်(က)အောင်ဆန်း -အက်တလီစာချုပ်
၂။ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ နယ်သာလန်နိုင်ငံ….တွင် ရှိသည်။
(က)ဟိတ်ဂ်၊ (ခ)ယော်လတာ၊ (ဂ)နယူးယောက်
အဖြေမှန်(က)ဟိတ်ဂ်

မှတ်စုတို့ အပိုင်း(ခ)

၁။ အောင်ဆန်း-အက်တလီစာချုပ်

အောင်ဆန်း-အက်တလီစာချုပ်အချက်များမှာ တိုင်းပြု၊ ပြည်ပြုလွှတ်တော်ကို ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်ပွဲကိုလည်း ၁၉၄၇ ဧပြီတွင် ကျင်းပရန်၊ လက်ရှိ အစိုးရအဖွဲ့ကို ကြားဖြတ်အစိုးရအဖွဲ့၏ အခွင့်အာဏာများတိုးမြှင့်ပေးရန်၊ ကာကွယ်ရေးနှင့် ပတ်သက်၍ဗမာ့တပ်မတော်ကို မြန်မာအစိုးရက တိုက်ရိုက်အုပ်ချုပ်ခွင့်ရရန်၊ မြန်မာနိုင်ငံသည်ကိုယ်ပိုင်ဘဏ္ဍာရေးကို စီမံခွင့်ရရန်နှင့် တိုင်းရင်းသားများ၏ အထူးညီလာခံတစ်ရပ်ကျင်းပ၍မြန်မာပြည်နှင့် ပူးပေါင်းလိုသည်၊ မပူးပေါင်းလိုသည်ဟူသော ဆန္ဒရယူရန် စသောအချက်များအင်္ဂလိပ်တို့ထံမှ သဘောတူညီမှုရယူခဲ့သည်။

မေးခွန်းရှည်၊ အပိုင်း(ဃ)

၁။ မဟာမိတ်စစ်အုပ်စုများ အပြိုင်အဆိုင်ဖွဲ့စည်းခြင်းကြောင့် ဒုတိယကမ္ဘာစစ်ဖြစ်ပွားရပုံကို ရေးပါ။(၂၀၁၇)

၁၉၁၇ မှစ၍ရုရှားနိုင်ငံ၌ ကျင့်သုံးခဲ့သော ဆိုရှယ်လစ်လမ်းစဉ်ကြောင့် အနောက်အရင်းရှင်အုပ်စုသည် ရုရှားနိုင်ငံအား ဝိုင်းပယ်ထားခဲ့သည်။ ထို့အတူ စစ်ရှုံးဂျာမနီနိုင်ငံကိုလည်း ဝိုင်းပယ်ထားပြီး စစ်အင်အားပြန်လည်မထူထောင်နိုင်စေရန် ကန့်သတ်ခဲ့သည်။ ၁၉၂၂ တွင် ဂျာမနီနှင့် ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စုသမ္မတနိုင်ငံတို့ ရာပါလိုစာချုပ်ချုပ်ဆိုခဲ့ကြသည်။ ယင်းစာချုပ်အပေါ်အနောက်အရင်းရှင်အုပ်စုသည် စိုးရိမ်ခဲ့သည်။ ၁၉၂၅ တွင် ပြင်သစ်နှင့် ဂျာမနီတို့၏ လိုကာနိုစာချုပ်ချုပ်ဆိုခဲ့သည်။ ၁၉၂၆ တွင် ဆိုဗီယက်နှင့် ဂျာမနီတို့ထပ်မံချုပ်ဆိုသော ဘာလင်စာချုပ်တို့ကြောင့် နှစ်နိုင်ငံမဟာမိတ်ပိုမိုခိုင်မာစေခဲ့သည်။

၁၉၂၀ မှ ၁၉၂၉ ခုနှစ်များအတွင်း ပြင်သစ်နိုင်ငံသည် ဘယ်ဂျီယံ၊ ပိုလန်၊ ချက်ကိုစလိုဗားကီးယား၊ ရူမေးနီယား၊ ယူဂိုဆလားဗီးယားနိုင်ငံတို့နှင့် ကာကွယ်ရေးစာချုပ်များချုပ်ဆိုခဲ့ကြသည်။ ဥရောပနိုင်ငံများအချင်းချင်းလည်း အပြန်အလှန်စာချုပ်များချုပ်ဆိုကြသည်။ ဆိုဗီယက်နိုင်ငံသည် ၁၉၂၅ မှ ၁၉၃၃ ကာလများအတွင်း ဂျာမနီ၊ လစ်သူယေးနီးယား၊ ပါရှား၊ ဖင်လန်၊ အာဖဂန်နစ္စတန်၊ လစ်ဗီးယား၊ ပိုလန်၊ တူရကီနိုင်ငံတို့ နှင့် မကျူးကျော်ရေးစာချုပ်များ ချုပ်ဆိုခဲ့ကြသည်။ ထိုစာချုပ်များအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအား တခြားနိုင်ငံက ကျူးကျော်လာပါက ပူးပေါင်းကာကွယ်ရန်ဖြစ်သည်။

၁၉၃၄ ဂျာမနီ၌ ဟစ်တလာအာဏာရလာသောအခါ ဂျာမနီသည် ပိုလန်နှင့် မကျူးကျော်ရေးစာချုပ်များချုပ်ဆိုခဲ့သည်။ ၁၉၃၅ တွင် ပြင်သစ်နှင့်ဆိုဗီယက်တို့သည်လည်း မိမိတို့ လုံခြုံရေးအရ စာချုပ်များချုပ်ဆိုခဲ့ကြသည်။ ချက်ကိုစလိုဗားကီးယားနိုင်ငံသည် အဆိုပါစာချုပ်တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၁၉၃၆ တွင် အီတလီနှင့် ဂျာမနီတို့ မဟာမိတ်ဖွဲ့လျက် ရောမ-ဘာလင် ဝင်ရိုးတန်းအဖွဲ့ဖွဲ့ခဲ့သည်။ နောင်တွင် ဂျပန်သည် ယင်းမဟာမိတ်အဖွဲ့တွင် ပါဝင်လာသဖြင့် ရောမဘာလင်-တိုကျိုဝင်ရိုးတန်းအဖွဲ့ဖြစ်လာခဲ့သည်။ ၁၉၃၉ တွင် ဆိုဗီယက်-ဂျာမနီ မကျူးကျော်ရေးစာချုပ်ချုပ်ဆိုမှုကြောင့် အင်္ဂလန်နှင့် ပြင်သစ်တို့ အထူးစိုးရိမ်လာသည်နှင့် စစ်ရေးအရပူးပေါင်းရန် ကတိပြုခဲ့ကြသည်။ ထိုနှစ်ထဲမှာပင် ပိုလန်၊ ဂရိ၊ ရူမေးနီးယား၊ တူရကီနှင့် စာချုပ်များချုပ်ဆိုကြပြီး ဖက်ဆစ်ကျူးကျော်မှုကို ကာကွယ်ရန် အင်္ဂလိပ်နှင့် ပြင်သစ်တို့က အာမခံချက်များပေးခဲ့သည်။ ဤကဲ့သို့ စာချုပ်များ ချုပ်ဆိုကာ စစ်အုပ်စုကြီးများ အပြိုင်အဆိုင်ဖွဲ့စည်းမှုတို့ကြောင့် ဒုတိယကမ္ဘာစစ်ကြီးဆီသို့ ဦးတည်ခဲ့သည်။

သမိုင်းဘာသာရပ်သာမက ကျောင်းသား၊ ကျောင်းသူအားလုံး ဘာသာရပ်တိုင်းထူးချွန်စွာ ဖြေဆိုအောင်မြင်နိုင်ကြပါစေ။