လာရောက်စိန်ခေါ်သည့် မည်သူ့ကိုမဆို လက်ခံထိုးသတ်မည်ဟု တူးတူးပြောကြား

ရန်ကုန်၊ ဖေဖော်ဝါရီ-၂၆

WLC -4 ပြိုင်ပွဲတွင် ချန်ပီယံဘွဲ့ကိုကာကွယ်ပြီးနောက် ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း လက်ဝှေ့ချန်ပီယံတူးတူးက မိမိ ၀ိတ်တန်းတွင် လာရောက်စိန်ခေါ်သည့် မည်သူ့ကိုမဆို လက်ခံထိုးသတ်သွားမည်ဟု ပြောကြားသွားခဲ့သည်။

‘ကျွန်တော်က ကျွန်တော့်ကိုလာထိုးတဲ့သူ အကုန်လုံးကို ထိုးမှာပါ။ အဓိက အနေနဲ့ ဒေ့ဗ်က ကျွန်တော့်ကိုထိုးချင်ရင် ကျွန်တော့်ဝိတ်တန်းမှာ အချိန်မရွေးထိုးဖို့ အသင့်ပါ။ သူနဲ့ကျွန်တော် ပြီးခဲ့တဲ့ထိုးသတ်ခဲ့တဲ့ပွဲမှာ သူကကျွန်တော့်ထက် ၅ ကီလိုအသာနဲ့ ထိုးခဲ့တာပါ။ ကျွန်တော်နဲ့ထိုးချင်ရင် ကျွန်တော့်ဝိတ်တန်းတူအောင်ချပြီး လာထိုးဖို့လိုမယ်။ WLC အောက်မှာ ထိုးမယ်ဆိုရင် ကျွန်တော်ကချန်ပီယံတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကိုထိုးချင်ပါတယ်။ ပြောနေစရာမလိုဘူး။ ထိုးရအောင် ခေါ်စရာအကြောင်းမရှိဘူး။ သူ့အနေနဲ့ ထိုးချင်တယ်ဆိုရင် ကျွန်တော့်ဝိတ်တန်းမှာ အချိန်မရွေးစိန်ခေါ်နိုင် ပါတယ်။ ကျွန်တော့်ဘက်ကလည်း ဘယ်သူမဆိုထိုးသတ်မှာပါ။ သူ့ကို မြန်မာပြည် ချန်ပီယံလို့ တချို့ပရိသတ်တွေက သတ်မှတ်ထားတယ်။ ကျွန်တော်ကလည်း လက်ခံပါတယ်။ အခုကျွန်တော်က ကမ္ဘာ့လက်ဝှေ့ချန်ပီယံပါ။ ကျွန်တော်က တစ်ပွဲတည်းထိုးပြီး ချန်ပီယံ ဖြစ်တာမဟုတ်ဘူး’ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာ့လက်ဝှေ့ကျော် တူးတူးသည် ဒေ့ဗ်နှင့် ထိုးသတ်ထားပြီး ပူးတွဲသရေကျထားကာ လက်ရှိတွင် WLC ၌ ထိုးသတ် လိုပါက လက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ တူးတူးသည် WLC-3 တွင် ချန်ပီယံဘွဲ့ကို သြစတြေးလျ နိုင်ငံသား ဘာဒါတိုကို အမှတ်ဖြင့်အနိုင်ယူပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် WLC-4 ကာကွယ်ပွဲ တွင်လည်း ယူကရိန်း နိုင်ငံသားကို အမှတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့သူဖြစ်သည်။