စားစရိတ်ရလိုမှုနှင့် ဖခင်တာဝန်

မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်ဖခင်မယ်တို့တာ။

ဤကဗျာလေးကို ကျွန်တော်တို့ကလေးဘ၀က ဗလာစာအုပ်နောက်ကျောဖုံးတွင် ပုံနှိပ်ပါရှိသည်။ မိဘကျင့်ဝတ်ငါးပါးဟုလည်း ခေါင်းစီးပေးထားသည်။ အခြားသော သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်တို့ကိုလည်း တွေ့ရ၏။ ကျွန်တော်တင်ပြလိုသည်မှာ မိဘကျင့်ဝတ်များအနက် အနည်းငယ်မျှသာဖြစ်ပေသည်။

ကျွန်တော်တို့ မူလတန်းကျောင်းသားဘ၀က မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သည့် ၃၈ ဖြာမင်္ဂလာတရားတော်များကို လင်္ကာဖွဲ့သီထားသည့် ကဗျာလေးများကိုလည်း သင်ကြားရသည်။ ကလေးဘ၀ပေမို့လား၊ ကဗျာလေးများ ဆိုကောင်းအောင် သီဖွဲ့ထား၍လားမသိ။ ရလွယ်၊ မှတ်မိလွယ်ခဲ့ကြသည်။ ယနေ့တိုင် မမေ့နိုင်သေး။ အသံထွက်ဆိုကြည့်ပါ။

သုံးတန်စေတနာ၊ ဖြူစင်လန်းလို့၊ ပေးကမ်းဝေငှလှူနိုင်စေ။ ကိုယ်နှုတ်စိတ်ကြံ၊ မမိုက်မှားနဲ့ သုစရိုက်တရားကိုကျင့်ပါလေ။ ဆွေမျိုးတွေကို ပစ်မထားနဲ့ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။ သန့်စင်ပြစ်မျိုး၊ လူထုကျိုး၊ သယ်ပိုးရွက်ဆောင်စေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

အထက်ပါ ကဗျာနှစ်ပုဒ် ရေးထုတ်ပြသဖြင့် ဘာသာရေးဆောင်းပါးဟု မယူဆစေလိုပါ။ လူမှုရေးအကြောင်းသက်သက်နှင့်ဥပဒေအမြင်ကို တင်ပြလိုခြင်းဖြစ်ပါသည်။

အချိန်ရတိုင်း ဥပဒေစီရင်ထုံးစာအုပ်များကို ဖတ်ရှုခြင်းသည် ကျွန်တော်၏ အလေ့အကျင့်တစ်မျိုးဖြစ်ပါသည်။ ယနေ့ ကျွန်တော်ဖတ်မိသော ရာဇဝတ်မှုဆိုင်ရာ စီရင်ထုံးတစ်ပုဒ်ကိုဖတ်ရှုမိရာမှ ဤဆောင်းပါးကို ရေးမိခြင်းဖြစ်ပေသည်။

ကျွန်တော်၏ အသက်မွေးဝမ်းကျောင်းရာအရပ်သည် တရားရုံးဝန်းကျင်ဖြစ်၏။ မှုခင်းဖြစ်ပွားနေကြသူများသည် လူသားများဖြစ်၏။ အချို့မှုခင်းများသည် ဆွေမျိုးရင်းချာအချင်းချင်းဖြစ်ပွားနေကြခြင်းဖြစ်သည်။ လင်ယောက်ျားနှင့် ဇနီးမယား၊ မောင်နှမအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု၊ အမွေမှု၊ ကလေးစရိတ်ရလိုမှု စုံလှပေသည်။ ထိုအမှုများအနက်မှ ဤစာစုတွင် ကလေးစရိတ်ရလိုမှုမှ တစ်စိတ်တစ်ပိုင်းကို မျှဝေလိုခြင်းဖြစ်ပေသည်။

ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ-၄၈၈ တွင် မယားစရိတ်၊ ကလေးစရိတ်ရလိုမှု စွဲဆိုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ဇနီးသည်က လင်ယောက်ျားထံမှ စားစရိတ်ရလိုမှု စွဲဆိုနိုင်သည်။ ထိုခင်ပွန်းထံမှ သားသမီးများအတွက် စားစရိတ်ရလိုမှု စွဲဆိုနိုင်သည်။ ပုဒ်မ-၄၈၈အရ စွဲဆိုခြင်းသည် ဇနီးသည်နှင့် သားသမီးများအတွက် အလျင်စလို အထောက်အပံ့ရရှိနိုင်စေရန် ဖြစ်ပေသည်။ ထိုအမှုမျိုးကို ရာဇ၀တ်အသေးမှုဖွင့်လှစ်၍ တရားရုံးက ဆောင်ရွက်ပေးသည်။

လင်ဖြစ်သူသည် မယားနှင့်ကွာရှင်းပြီးဖြစ်စေကာမူ မိမိ၏သားသမီးများကို ထောက်ပံ့ရန်တာဝန်ရှိပေသည်။ သားသမီးတို့၏ အသက်အရွယ် အကန့်အသတ်မရှိပေ။ သားသမီးတို့သည် မိမိတို့ကိုယ်ကိုမိမိ အထောက်အပံ့မပေးနိုင်သမျှ ဖခင်၌တာဝန်ရှိပေသည်။ သားသမီးသည် တက္ကသိုလ်ပညာသင်ကြားလိုလျှင် ဖခင်ဖြစ်သူကလည်း ထောက်ပံ့နိုင်စွမ်းရှိသူဖြစ်ပါက အားပေးကူညီထောက်ပံ့ရမည်သာဖြစ်သည်ဟု ၁၉၇၀ ပြည့်နှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၂၁၈ တွင် ဦးဟန်တင်နှင့် ဒေါ်ခင်မိမိအမှု၌ ပြဆိုထားပေသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ – ၄၈၉ တွင် “ပုဒ်မ-၄၈၈ အရ လစာစရိတ်ခံယူသူတစ်ဦးတစ်ယောက်၏ အခြေအနေသော်လည်းကောင်း၊ ၎င်းပုဒ်မအရ မယားကိုဖြစ်စေ၊ သားသမီးကိုဖြစ်စေ လစာစရိတ်ငွေပေးကမ်းရမည့်အကြောင်းနှင့် ဆင့်ဆိုခြင်းခံရသူ၏ အခြေအနေသော်လည်းကောင်း ပြောင်းလဲကြောင်းထင်ရှားဖြစ်သည့်အခါ ရာဇဝတ်တရားသူကြီးက သင့်သည်ထင်မြင်သည့်အတိုင်း ပေးကမ်းရန်လစာစရိတ်ငွေကို ပြောင်းလဲခွင့်ရသည်”ဟု ပြဋ္ဌာန်းထားပေသည်။

ကျွန်တော်တို့ရပ်ထဲ၊ ရွာထဲတွင် သားသမီးတွေက ၁၈ နှစ်ပြည့်လို့ မဲတောင်ထည့်နေရပြီ၊ အရွယ်ရောက်နေပြီဟု ပြောဆိုတတ်ကြပေသည်။ မဲထည့်ရန်အရွယ်ရောက်ခြင်းနှင့် စားစရိတ်ခံစားရန် အရွယ်အပိုင်းအခြားသည် သီးခြားစီဖြစ်ပေသည်။ မိမိတို့၏ဘ၀ မိမိတို့ရပ်တည်နိုင်ခြင်းရှိ၊ မရှိသည်သာ ပဓာနကျပေသည်။

၁၉၈၅ ခုနှစ်က ဗဟိုတရားရုံးတော်က ဆုံးဖြတ်ခဲ့သည့်မှုခင်းတစ်ရပ်ဖြင့် သာဓကဆောင်တင်ပြလိုပေသည်။

ဤနေရာ၌ တရားစီရင်ရေးနှင့်ပတ်သက်၍ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ပေါက်မီက အခေါ်အဝေါ်၊ ရုံးဌာနဖွဲ့စည်းမှုတို့သည် ယင်းဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ပြီးနောက်ပိုင်းနှင့် မတူခြားနားသည်ကိုလည်း သတိချပ်သင့်ပေသည်။ ကျွန်တော်တင်ပြလိုသောမှုခင်းသည် ဟိုမှာဘက်ခေတ်မှ ဆိုရှယ်လစ်ခေတ်ထဲသို့ ရောက်ရှိလာသောအမှုဖြစ်သောကြောင့် ဖြစ်ပါသည်။

ဦးမောင်မြနှင့်ဒေါ်ခင်မြတို့ အိမ်ထောင်ပြုကြသည်။ သားသမီးခြောက်ဦးထွန်းကား၏။ အိမ်ထောင်တည်ဦးစက ရာသက်ပန်ရိုးမြေကျဟု ရည်ရွယ်ထားသော်လည်း ကံကြမ္မာအလှည့်အပြောင်းသည် ကံဇာတ်ဆရာလက်ထဲ၌သာရှိ၏။

ရန်ကုန်မြို့ ပထမရာဘက် ရာဇဝတ်တရားသူကြီးရုံးတွင် ဒေါ်ခင်မြသည် ကလေးခြောက်ဦးအတွက် ကလေးစရိတ်ရလိုမှု လျှောက်ထားသည်။ တရားရုံးက ကလေးစရိတ် ၁၅၀ ကို လစဉ်ထောက်ပံ့စေရန် ဦးမောင်မြအပေါ် အမိန့်ချမှတ်သည်။ ထိုအမိန့်ကို ၁၉၆၁ ခုနှစ်က ချမှတ်ခဲ့ခြင်းဖြစ်ပေသည်။

၁၉၇၄ ခုနှစ်သို့ရောက်ရှိလာသောအခါ ဒေါ်ခင်မြက ပန်းဘဲတန်းမြို့နယ်တရားရုံးတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၄၈၉ အရ ကလေးစရိတ်တိုးမြှင့်ပေးရန် လျှောက်သည်။ ကလေးစရိတ်ခြောက်ယောက်အတွက် ကျပ် ၃၀၀ တိုးမြှင့်ထောက်ပံ့စေရန် အမိန့်ချ၏။ ဦးမောင်မြက မကျေနပ်၍ ရန်ကုန်တိုင်းတရားရုံးသို့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုတင်သွင်းရာ မြို့နယ်တရားရုံးအမိန့်ကို ပယ်ဖျက်လိုက်လေသည်။

တိုင်းတရားရုံး၏အမိန့်ကို ဒေါ်ခင်မြက မကျေနပ်။ ဦးမောင်မြကလည်း မကျေနပ်။ ဗဟိုတရားရုံးသို့ ပြစ်မှုဆိုင်ရာပြင်ဆင်မှုများ တင်သွင်းကြသည်။ ဦးမောင်မြက သားကြီးမောင်သန်းရွှေသည် အိမ်ထောင်ကျနေပြီဖြစ်ကြောင်းနှင့် သားလတ်မောင်ထွန်းသန်းသည် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း တင်ပြသည်။ ဗဟိုတရားရုံးက ကျန်ကလေးလေးယောက်အတွက် တစ်လလျှင် စားစရိတ် ကျပ် ၅၀ စီ စုစုပေါင်း ကျပ် ၂၀၀ ထောက်ပံ့စေရန် ပြင်ဆင်သတ်မှတ်ပေးသည်။

၁၉၈၂ ခုနှစ်သို့ရောက်သောအခါ ဒေါ်ခင်မြက ပန်းဘဲတန်းမြို့နယ်တရားရုံး၌ ကလေးလေးယောက်အတွက် ကျပ်၂၀၀ လစဉ်စားစရိတ်ကို ကျပ်၄၀၀ သို့တိုးမြှင့်ပေးရန် လျှောက်ထားသည်။ ဦးမောင်မြကလည်း အပြန်အလှန် လက်ရှိကလေးစရိတ်ထောက်ပံ့နေရခြင်းကို ရပ်စဲပေးရန်လျှောက်ထားသည်။ ဦးမောင်မြလျှောက်ထားချက်အတိုင်း ကလေးစရိတ်ထောက်ပံ့နေရခြင်းမှရပ်စဲ၍ ဒေါ်ခင်မြ၏လျှောက်လွှာကို ပလပ်သည့်အမိန့်ချသည်။

ဒေါ်ခင်မြ မကျေနပ်နိုင်။ ရန်ကုန်တိုင်းတရားရုံးသို့ အယူခံမှုတင်သွင်း၏။ အယူခံရုံးက မြို့နယ်တရားရုံး၏အမိန့်ကို ပယ်ဖျက်၍ ဦးမောင်မြအပေါ် ကလေးလေးယောက်အတွက် တစ်လလျှင် စားစရိတ် ကျပ် ၇၀ စီကို ၁၀-၈-၁၉၈၃ မှစ၍ တိုးမြှင့်ထောက်ပံ့ရန် အမိန့်ချမှတ်သည်။

ဦးမောင်မြက တိုင်းတရားရုံး၏အမိန့်အပေါ်မကျေနပ်သဖြင့် ဗဟိုတရားရုံးသို့ ပြင်ဆင်မှုတင်သွင်းသည်။ ဤပြင်ဆင်မှုစီရင်ချက်သည် စီရင်ထုံးဖြစ်လာသည်။

ဗဟိုတရားရုံးတွင် ဦးမောင်မြဘက်မှ သားသမီးများအနက် အငယ်ဆုံးအသက်သည် ၂၃ နှစ်ရှိကြောင်း၊ မိမိတို့ဘ၀ကို မိမိတို့ရပ်တည်နိုင်ကြသော အခြေအနေရှိကြောင်း၊ သမီးကြီးမလှအေးနှင့် သားထွေး မောင်မျိုးသန့်တို့မှာ အိမ်ထောင်သည်များဖြစ်ကြောင်း ထိမ်းမြားမင်္ဂလာဖိတ်ကြားစာများကို ပူးတွဲတင်ပြသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ -၄၈၈ ပြဋ္ဌာန်းချက်တွင် ဖခင်ထံမှ ထောက်ပံ့ခြင်းကိုခံယူထိုက်သောကလေးမှာ အရွယ်မရောက်သေးသူဖြစ်ရမည်ဟု ပြဋ္ဌာန်းထားခြင်းမရှိပေ။ အရွယ်ရောက်ပြီးကလေးပင်ဖြစ်သော်လည်း မိမိဘ၀ကိုမိမိဘာသာမရပ်တည်နိုင်သေးသောကလေးများအတွက် ဖခင်ဖြစ်သူအပေါ်တွင် ထောက်ပံ့ကျွေးမွေးရန် တာဝန်ရှိနေကြောင်း ပြဋ္ဌာန်းထားပေသည်။

သက်သေတို့၏ ထွက်ဆိုချက်များအရလည်း ဦးမောင်မြသည် တစ်လလျှင် ဝင်ငွေ ကျပ် ၈၀၀၀ ခန့်ရှိသူဖြစ်ကြောင်း ဗဟိုတရားရုံးက တွေ့မြင်သည်။ အိမ်ထောင်သည်ဖြစ်နေကြသူများသည် မိမိတို့ဘ၀ကို မိမိတို့ဘာသာ ရပ်တည်နိုင်ကြသူများဖြစ်သည်ဟုလည်း ရှုမြင်သည်။

ဤမျှဆိုလျှင် ကျန်သားသမီးနှစ်ဦးသာ ဖခင်၏အထောက်အပံ့ရနိုင်တော့မည်ဖြစ်ကြောင်း တွေးဆနိုင်ပေသည်။ ၁၉၆၁ ခုနှစ်မှစ၍ သားသမီးတို့အပေါ် အထောက်အပံ့ပေးခဲ့သော ဦးမောင်မြသည် ဖခင်တစ်ဦး၏ဝတ္တရားကို တရားရုံးအမိန့်အတိုင်း ကျေပွန်ခဲ့သူဟု ဆိုရပေမည်။

မင်္ဂလာတရားတော်အရ “ပုတ္တ ဒါရဿ သင်္ဂဟော”ကို သိရှိနေပါလျှင် ဤမှုခင်းမျိုးဖြစ်လာဖွယ်မရှိဟု။ ။