ဥပဒေရေးရာအတိုင်ပင်ခံ တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်(စစ်တွေ)နှင့် တွေ့ဆုံမေးမြန်းခြင်း

ဓာတ်ပုံ-အေးမြတ်မွန်(ယုဇန)

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအစိတ်အပိုင်းတွင် များစွာအရေးပါသည့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေသည် ယခုအချိန်တွင် အမျိုးသားလွှတ်တော်၌ ဆွေးနွေး၍ အတည်ပြုလိုက်ပြီဖြစ်ကာ ပြည်သူ့လွှတ်တော်၌ ဆက်လက်ဆွေးနွေးရမည်ဖြစ်သည်။ အာဆီယံနိုင်ငံများတွင် ပြဋ္ဌာန်းပြီးဖြစ်သော ယင်းဥပဒေသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် များစွာအရေးပါနေသည်။ ထို့ကြောင့် အဆိုပါဥပဒေက မည်သို့အကျိုးရှိသည်၊ မရှိသည်ကိုသိနိုင်ရန် ဥပဒေရေးရာအတိုင်ပင်ခံ တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်(စစ်တွေ)နှင့် စံတော်ချိန်က တွေ့ဆုံမေးမြန်းထားသည်များမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည် –

မေး – အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေ Intellectual Property(IP) Lawတ အကြောင်းကို ရှင်းပြပေးပါဦး။

ဖြေ – ဒီဥပဒေက ၁၉၉၅ ပတ်ဝန်းကျင်လောက်ကစပြီး ပြင်ဆင်ရေးဆွဲလာတယ်။ အဓိကကတော့ GATT ( General Agreement of Trade Tariffs) ပေါ့။ ဒီ GATT ထဲမှာ နိုင်ငံအများကြီး ဝင်ထားတယ်။ GATT ကနေ WTO (World Trade Organization) ကို ပြုပြင်ပြောင်းလဲ ဖွဲ့တော့မယ်ဆိုတဲ့အခါ ဘာတစ်ခုပါလဲဆိုတော့ Trade Related Aspects of Intellectual Properties Rights သဘောတူစာချုပ်က WTO ရဲ့ သဘောတူ စာချုပ်ဖြစ်တယ်။ နောက်တစ်ခုအနေနဲ့ WIPO လို့ခေါ်တဲ့ World Intellectual Property Organization ကို ပေါင်းပြီးတော့ WTO ဖြစ်လာတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေလုပ်ကြတယ်။ မြန်မာနိုင်ငံကလည်း အဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့ ပြောင်းလဲဖွဲ့စည်းတဲ့အခါ WTO ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်လာတယ်။ ဒီလိုဖြစ်လာတဲ့အခါ သတ်မှတ်ထားတဲ့စံတွေရဲ့ မူပိုင်ခွင့်စံတွေနဲ့ညီအောင်ရေးဆွဲဖို့ ကတိကဝတ်နဲ့ ရေးဆွဲလာခဲ့တာ နှစ်ပေါင်း (၂၃) နှစ် ကြာသွားတယ်။ ၂၃ နှစ်စလုံးမှာ ရှေ့နေချုပ်ရုံးက စရေးခဲ့တာ။ နောက်တစ်ခါ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနပေါ်လာတဲ့ အခါကျတော့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက ရေးဆွဲတယ်။ တပ်မတော်အုပ်ချုပ်တဲ့ခေတ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွေပေါ်လာတဲ့ခေတ်အရ နိုင်ငံရေးစနစ် ကွဲပြားသွားတာတွေရှိတယ်။ နောက်ပိုင်းမှာတော့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနတောင်မရှိတော့ဘဲ ပညာရေးဝန်ကြီးဌာနအောက်ကို ရောက်သွားပြန်ရော။ အဆင့်ဆင့်နဲ့ လှိုင်းအများကြီး ဖြတ်ခဲ့ရတယ်။ အခုပြောရမယ်ဆိုရင် စတုတ္ထလှိုင်းလို့တောင် ပြောလို့ရတယ်။

မေး – လက်ရှိ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဥပဒေကိုလွှတ်တော်တင်သွင်းမှုအခြေအနေ သိပါရစေ။

ဖြေ – လွှတ်တော်ကိုစပြီး တင်သွင်းပြီ။ ပညာရေးဝန်ကြီးဌာနက လွှတ်တော်တင်သွင်းတာ။ အမျိုးသားလွှတ်တော်က စတင်ဆွေးနွေးပြီး အတိုင်းအတာတစ်ခုအထိတော့ အတည်ပြုလိုက်ပြီလို့ ပြောလို့ရတယ်။ ဒါကြောင့် ဒီဥပဒေဟာ သမိုင်းဝင်သွားပြီ။ ပြည်သူ့လွှတ်တော်ကိုပို့ရဦးမယ်။ တင်ပြီးမူကိုတော့ မသိရသေးဘူး။ ၂၀၁၈ မှာ ထွက်မယ်လို့တော့ ယူဆပါတယ်။

မေး – မြန်မာနိုင်ငံမှာ ဒေသထွက်ထုတ်ကုန်တွေရှိတယ်။ ဒီ IP Law ထွက်လာပြီဆိုရင် မြန်မာနိုင်ငံရဲ့ဒေသထွက် အမှတ်တံဆိပ်တွေအနေနဲ့ နိုင်ငံတကာကသိရှိဖို့။ ပြီးတော့သူတို့ယူလို့မရအောင် ဒီဥပဒေက အားကောင်းလား။ International မှာ ဘယ်လိုမျိုးဆက်လက်လုပ်ဆောင်ဖို့ လိုပါသလဲ။

ဖြေ – အဲဒါက GI(Geographical Indications) လို့ခေါ်တယ်။ မြန်မာလို ပထဝီဒေသအညွှန်းလို့ခေါ်တယ်။ အဲဒါကျတော့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအောက်မှာ ပါလာမယ်။ ကုန်သွယ်မှုအမှတ်တံဆိပ် ဥပဒေများအောက်မှာလည်း ထည့်ထားတယ်။ ယှဉ်ပြိုင်မှုဥပဒေထဲမှာလည်း ထည့်ထားတယ်။ စားသုံးသူကာကွယ်ရေးဥပဒေထဲမှာ လည်းပါတယ်။ မြန်မာနိုင်ငံက ကုန်ပစ္စည်းကို ဂျပန်ကယူသုံးတယ်။ ယိုးဒယားကယူသုံးတာမျိုးလုပ်လို့မရဘူး။ အဲဒီလိုကာကွယ်ဖို့အတွက် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ကာကွယ်လို့မရဘူး။ ဒေသခံအဖွဲ့အစည်းက ကာကွယ်မှရမယ်။ ဒေသ(သို့)လူမျိုးကကာကွယ်ရမယ်။ မြန်မာ့ကျွန်းသစ်ကို ကျွန်တော်က မြန်မာနိုင်ငံသားမို့လို့ သွားပြီးကာကွယ်လို့မရဘူး။ အဲဒါမျိုးဆိုမြန်မာနိုင်ငံ သစ်ထုတ်လုပ်သူများအသင်းလည်းဖြစ်ချင်ဖြစ်မယ်။ သစ်တောဝန်ကြီးဌာနလည်း ဖြစ်ချင်ဖြစ်မယ်။ မြန်မာ့ကျွန်းသစ်ကိုယူသွားပြီး မြန်မာနိုင်ငံကိုမထည့်ဘဲ သူများနိုင်ငံကိုထည့်ရင် ကျွန်တော်တို့နိုင်ငံက တရားစွဲလို့ရတယ်။ အဲဒီလိုပဲ ရခိုင်သဇင်၊မန္တလေးထိုးမုန့်၊ပုသိမ်ဟာလဝါနှင့် ထီးအစရှိသဖြင့် ဒါတွေကလည်း နိုင်ငံတကာနဲ့နည်းနည်းအငြင်းပွားရတာရှိတယ်။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ ကြိုးစားနေတယ်။ အရာတော်သနပ်ခါး၊ ရွာငံကော်ဖီ။ နည်းနည်းထင်ပေါ်တာကို
နိုင်ငံတကာမှာ အကာအကွယ်ပေးနေတယ်။ ကမ္ဘာ့မူပိုင်ခွင့်အသင်းကြီးမှာမှတ်ပုံတင်ရတယ်။ ဥပဒေထွက်လာရင် ပိုပြီးပီပြင်တယ်။ ဥပဒေမထွက်သေးဘဲ ပြောနေရတာမကောင်းဘူး။

မေး – ဒီဥပဒေမရှိတဲ့အတွက် မြန်မာ့ထုတ်ကုန်တွေက နိုင်ငံတကာမှာ ဘယ်လိုနစ်နာမှုတွေဖြစ်နေလဲ။

ဖြေ – ဒီဥပဒေတွေမရှိတာ အရမ်းနစ်နာတယ်။ ဥပမာ ထိုင်းက ဒီကပဒေါင်လူမျိုးတွေကိုခေါ်ပြီး Tourist တွေကို ပြစားတယ်။ သင်္ကြန်ကို ကျွန်တော်တို့ဆီမှာ ငါးရက်၊ ခြောက်ရက်လောက်လုပ်ရင် သူတို့က တစ်လလောက်လုပ်တယ်။ အဲဒီလိုပုံစံတွေခိုးတယ်။ မြန်မာစောင်းကောက်တွေကိုတောင် သူတို့က အသုံးပြုနေကြတာရှိတယ်။ ဒါကြောင့် ဒီဥပဒေမရှိတာ အရမ်းနစ်နာတယ်။

မေး – အကောက်ခွန်အနေနဲ့ရော ဒီဥပဒေအောက်မှာ ဘယ်လောက်လုပ်ပိုင်ခွင့် အခွင့်အာဏာပါရှိပါသလဲ။

ဖြေ – အရင်တုန်းကတော့ Custom ဥပဒေမှာ အဲဒါတွေပါတယ်။ မူပိုင်ခွင့်ချိုးဖောက်ထားတဲ့ကုန်ပစ္စည်းတွေ တင်သွင်းတာကို ပိတ်ပင်ဖို့အတွက် ကာယကံရှင်က အကောက်အခွန်ဌာနမှာ တားလို့ရတယ်။ ဒါပေမဲ့ မပီပြင်ဘူး။ မူရင်းဖြစ်တဲ့ ကုန်အမှတ်တံဆိပ်ဥပဒေတို့က မရှိတော့အတော်လေးလုပ်ရတာခက်တယ်။ အခုမူပိုင်ခွင့်ဥပဒေအားလုံးမှာ Custom ရဲ့ ကဏ္ဍထဲထည့်ထားတော့ ပိုပြီးလုပ်ပိုင်ခွင့် ပီပြင်လာမယ်။ Custom ဆိုတဲ့အတိုင်း ပြည်ပကနေလာမယ်။ ပြည်ပထွက်တာကို ကိုယ်ကတားမယ်။ Custom က ပြည်တွင်းနဲ့ ပြည်ပကြားထဲမှာ တံခါးပဲ။ ကုန်ပစ္စည်းအတုတွေ၊ ကုန်အမှတ်တံဆိပ်အတုတွေ၊ မူပိုင်ခွင့်အတုတွေ ခွင့်ပြုချက်မရတဲ့ပစ္စည်းတွေက Custom အားကောင်းရင် အဲဒီနေရာမှာတင်ပြီးပြတ်တယ်။ ဒီဥပဒေတွေရေးလာတဲ့အချိန်တိုင်းမှာ အကောက်ခွန်အရာရှိတွေ အမြဲတမ်းလာရောက်ဆွေးနွေးတယ်။

မေး – အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေ IP နဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ။

ဖြေ – ဒီ IP Law ကို ရေးဆွဲနေတာ အခုထိအနှစ် (၂)လောက်ရှိနေပြီ။ အခုတော့ပီပီပြင်ပြင်ပြင် ဖြစ်လာပြီ။ မူပိုင်ခွင့်ဥပဒေမရှိတဲ့နိုင်ငံဆိုပြီး နိုင်ငံတကာမှာ မျက်နှာငယ်နေတာ ဆုံးခန်းတိုင်တော့မယ်။ ဥပဒေအသစ်တစ်ခုရေးတာ နေ့ချင်းညချင်း ရေကြည်သောက်ချင်မှ သောက်ရမယ်။ အခက်အခဲတွေတွေ့ရမယ်။ အဆင်မပြေတာတွေ တွေ့ရမယ်။ တချို့ဟာတွေ ပြင်ကောင်းလည်းပြင်ရမယ်။