ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ညီလာခံဖြစ်မြောက်ရေး တွေ့ဆုံဆွေးနွေးပွဲ မိတ္ထီလာတက္ကသိုလ်၌ပြုလုပ်

ရန်ကုန်၊ မတ်-၂

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ညီလာခံ ဖြစ်မြောက်ရေး တွေ့ဆုံဆွေးနွေးပွဲကို ညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီက ဦးဆောင်ကာ မတ် ၂ ရက်မှ ၃ ရက်အထိ မိတ္ထီလာတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံး၌ ကျင်းပလျက်ရှိသည်။

“ဒီနေ့ မိတ္ထီလာမှာလုပ်ရတာက ဗကသများအဖွဲ့ချုပ် ညီလာခံ ဖြစ်မြောက်ရေး တွေ့ဆုံပွဲဆွေးနွေးပွဲကို မိတ္ထီလာတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်းမှာ လုပ်ဖြစ်ခဲ့တာပေါ့။ ပြီးခဲ့တဲ့ ရတနာပုံ တက္ကသိုလ် ပြည်ထောင်စုခန်းမမှာလုပ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂများပညာရေးနှီးနှောဖလှယ်ပွဲမှာ ညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့တယ်။ အဲဒီအဆက်ပေါ့”ဟု မိတ္ထီလာနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုပြည့်စုံက စံတော်ချိန်သို့ ပြောဆိုသည်။

-Ads-
-Ads-

ညီလာခံသို့ နိုင်ငံတစ်ဝန်းရှိ ဗကသများအဖွဲ့ချုပ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ၂၀ မှ ကျောင်းသားကိုယ်စားလှယ်တစ်ဦးစီ တက်ရောက်ခဲ့ပြီး ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသား များသမဂ္ဂ၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ စစ်ကိုင်း ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ပုသိမ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဟင်္သာတတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ ဟင်္သာတကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂစသည်ဖြင့် အသီးသီးတက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ညီလာခံဖြစ်မြောက်ရေးကော်မတီက တင်သွင်းသည့် အစီရင်ခံစာကို ဖတ်ကြားခဲ့ပြီး ရှေ့ဆက်လုပ်ငန်း စဉ်များအား ချမှတ်ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း ၊ မတ် ၃ရက်ဆွေးနွေးပွဲပြီးပါက ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

-Ads-
-Ads-