ဇာတ်ညွှန်းရေးဆရာ ဆုဩချယ်နှင့် တွေ့ဆုံမေးမြန်းခြင်း

ဓာတ်ပုံ - ယဉ်မျိုးသူ

၂၀၁၇ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် ရွေးချယ်ထားသည့် အကယ်ဒမီစာရင်းဝင်ဇာတ်ကား ၅၃ ကားတွင် နေခြည်မှာရွှေရည်လောင်းဇာတ်ကားလည်းအပါအဝင်ဖြစ်သည်။ အဆိုပါရုပ်ရှင်ဇာတ်ကားသည် ဒီမိုကရေစီရုပ်ရှင်ပွဲတော်တွင် ပါဝင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားတစ်ကားလည်းဖြစ်ရာ ယင်းရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်းရေးဖွဲ့ထားသူ ဇာတ်ညွှန်းဆုဩချယ်နှင့်တွေ့ဆုံ၍ အကယ်ဒမီရင်ခုန်သံများ၊ အကယ်ဒမီနှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် နေခြည်မှာရွှေရည်လောင်းရုပ်ရှင်ဇာတ်ကား အမှတ်တရများကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်-

မေး – ၂၀၁၇ ခုနှစ်အကယ်ဒမီက အလုပ်အမှုဆောင်သစ်ရဲ့ ပထမဆုံးတာဝန်ယူရတဲ့ပွဲဆိုတော့ အရင်နှစ်တွေနဲ့မတူ ထူးထူးခြားခြားဖြစ်မယ်လို့ ထင်မိလား။

ဖြေ – အလုပ်အမှုဆောင်သစ်ဆိုပေမယ့် နဂိုရှိရင်းစွဲ အကယ်ဒမီဆုရဲ့ စည်းစနစ်မူဝါဒအတိုင်းလုပ်တဲ့အတွက် အမှုဆောင်အသစ်ရယ်၊ အမှုဆောင်အဟောင်းရယ်လို့ သိပ်တော့မထူးခြားပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် အကယ်ဒမီပေးတဲ့အခါ အားသာချက်၊ အားနည်းချက်တွေ၊ ဝေဖန်မှုတွေရှိ တယ်။ ဆုတွေအပြည့်မပေးတာတို့ပေါ့။ အဲဒီအပေါ်မှာထပ်ပြီးတော့ စည်းကမ်းတွေ၊ ဥပဒေတွေကို ပြင်ဆင်ချက်တွေထုတ်တယ်။ ညှိနှိုင်းလို့ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဆွေးနွေးတိုင်ပင်ပြီးတော့လုပ်ကြတယ်။ အဲဒီလိုလုပ်တဲ့အပေါ်မှာပဲ အရင်နှစ်ကလို ဝေဖန်မခံရအောင်လုပ်တာပေါ့။ အဲဒီတော့ ပြီးခဲ့တဲ့နှစ်နဲ့တော့ ကွာခြားမယ်။ အမှုဆောင်သစ်ကြောင့်တော့ မဟုတ်ဘူး။ မူဝါဒအသစ်ကြောင့်ပေါ့။

-Ads-
-Ads-

မေး – ၂၀၁၇ ခုနှစ်အကယ်ဒမီပေးပွဲမှာ ဆု ၁၁ ဆုလုံးကို အပြည့်ပေးမယ်။ ရုပ်ရှင်တစ်သက်တာအကောင်းဆုံးဆုပေးမယ်ဆိုတဲ့အတွက် ရုပ်ရှင်လောကသားတစ်ယောက်အနေနဲ့ ဝမ်းသာပီတိစကားကိုလည်း ကြားချင်ပါတယ်။

ဖြေ – အဲဒါ တကယ့်ကိုပီတိဖြစ်စရာကောင်းတယ်။ အထူးသဖြင့် တစ်သက်တာဆုပေးတာကို ကျေနပ်တယ်။ အသက်ကြီးတဲ့သူတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဒီကိစ္စက သာဓုခေါ်ရမယ့်ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ အကယ်ဒမီ တကယ်ရသင့်ရထိုက်တဲ့ဆရာကြီးတွေ၊ ဆရာမကြီးတွေ၊ သရုပ်ဆောင်ကြီးတွေက တကယ်ကိုခံစားသင့်တယ်။ ရှိစေချင်တာပေါ့နော်။ အခု ရှိလာတော့မှာဆိုတော့ ၀မ်းသာစရာကောင်းတယ်။ နောက်အကယ်ဒမီ၁၁ ဆုပေးမယ်ဆိုတာက ပြည့်စုံတဲ့သဘောဆိုရင်တော့ ဝမ်းသာတယ်။ ထိုက်တန်တဲ့ဆုဆိုရင်တော့ ၀မ်းသာတယ်။ အားလုံးလည်း ပြည့်ပြည့်စုံစုံရစေချင်တာပဲ။

ဒါပေမဲ့ ၁၁ ဆုလုံးပေးရမယ်ဆိုတာကတော့ Best of the Year ပုံစံမျိုး၊ ဒီနှစ်ထဲမှာ အကောင်းဆုံးဆိုတာမျိုးက တစ်မျိုးတော့ အဓိပ္ပာယ်ကွဲလွဲမှုရှိတာပေါ့။ အကယ်ဒမီစစ်စစ်မှန်မှန်ထိုက်တန်တဲ့ဆုနဲ့ ဒီနှစ်ထဲမှာ အကောင်းဆုံးပေးတဲ့ဆုက မတူဘူး။ အဲဒါလေးတော့ရှိတယ်။ ၁၁ ဆုလုံးပေးတယ်ဆိုတာကတော့ ကြိုဆိုရမယ့်အစီအစဉ်မျိုးပါပဲ။

မေး – ၂၀၁၇ ခုနှစ် အကယ်ဒမီဆုပေးပွဲမှာ အရင်နှစ်တွေက ရွှေနှစ်ကျပ်သား ချီးမြှင့်ရာကနေ ရွှေငါးကျပ်သားတိုးပြီးချီးမြှင့်မယ်ဆိုတော့ ဝမ်းသာစကားကရော။

ဖြေ – အဲဒါကတော့ ဝမ်းသာရပါတယ်။ အကယ်ဒမီဆုရတဲ့သူတွေ ပျော်စရာကြီးပေါ့။ ကျေနပ်စရာကောင်းတာပေါ့။ နောက်ထပ်တိုးပေးရင် ပိုတောင်ကြိုက်သေးတယ်။

မေး – အခုဆိုရင် အကယ်ဒမီစာရင်းဝင်ဇာတ်ကား ၅၃ ကားထဲမှာ ဘဘဇာတ်ညွှန်းရေးထားတဲ့ နေခြည်မှာရွှေရည်လောင်းရုပ်ရှင်ဇာတ်ကားလည်းပါတယ်ဆိုတော့ အကယ်ဒမီရင်ခုန်သံကရော။

ဖြေ – ရင်ခုန်တာပေါ့။ ဒီလောက်ပါပဲ။ ဝမ်းသာပီတိကတော့ တကယ်ရလာတဲ့အခါ တကယ်ပျော်မှာ၊ ဝမ်းသာစရာကြီးပဲ။ အခုအကယ်ဒမီစာရင်းဝင်ဇာတ်ကားထဲမှာပါနေတယ်ဆိုတော့ တဖြည်းဖြည်းနဲ့ရင်ခုန်လာတာပေါ့။

မေး – နေခြည်မှာရွှေရည်လောင်းရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်ညွှန်းဆုရမယ်လို့ထင်မိလား။ အဲဒီရုပ်ရှင်ဇာတ်ကားမှာပဲ တခြားဘယ်သူတွေရမယ်ထင်သေးလဲ။

ဖြေ – ဇာတ်ညွှန်းရေးတုန်းကတော့ အကယ်ဒမီမမျှော်လင့်ဘူး။ အခုစာရင်းဝင်သွားပြီဆိုတော့ မျှော်လင့်တာပေါ့။ ဇာတ်ညွှန်းရေးတုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ရေးလဲဆိုရင် ဒီစာအုပ်က အစဉ်အလာကြီးတယ်၊ သမိုင်းကြောင်းလည်းကြီးတယ်။ တစ်တိုင်းပြည်လုံးလည်းသိတယ်။ အကုန်လုံး ရင်ထဲလည်းရောက်တယ်။ နောက်တစ်ခါ စာပေဗိမာန်စာမူဆုလည်းရတယ်။ အမျိုးသားစာပေဆုလည်းရတယ်။ နောက်တစ်ခါ နိုင်ငံခြားက စာပေဆုတစ်ဆုလည်းရသေးတယ်။ သုံးဆုပေါ့။ ဒါ့အပြင် ဆရာကြီးပြောတာက အင်္ဂလန် (UK)က တက္ကသိုလ်တစ်ခုမှာ ပြဋ္ဌာန်းစာအုပ်တစ်ခုအနေနဲ့ ပြဋ္ဌာန်းထားတယ်။ ဘယ်လိုအနေအထားလဲတော့ တိတိကျကျမသိဘူး။ အဲဒီလိုအစဉ်အလာသမိုင်းကြောင်းကြီးတဲ့ဝတ္ထုတစ်ပုဒ်ကို ဇာတ်ညွှန်းရေးရတဲ့အခါ တာဝန်ကြီးတယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီးရေးခဲ့တယ်။ ဒါပေမဲ့ အကယ်ဒမီရကြေးဆိုပြီးတော့ မမျှော်မှန်းထားဘူး။ အဲဒါက နည်းနည်းနောနော ဖိအားမဟုတ်ဘူး။ နောက်တစ်ခါ ဒီဇာတ်ကားကိုရိုက်မယ့် ဒါရိုက်တာက အကယ်ဒမီနှစ်ဆုရ။ သူက ဒါရိုက်တာနဲ့အကယ်ဒမီရတာ မဟုတ်ဘူး၊ ဇာတ်ညွှန်းနဲ့အကယ်ဒမီရထားတာ။ အဲဒီလိုမျိုးဇာတ်ညွှန်းနဲ့ အကယ်ဒမီဆုရထားတဲ့ ဒါရိုက်တာတစ်ယောက်ဆီမှာ ဇာတ်ညွှန်းရေးရတာဆိုတော့ နည်းနည်းကျွတ်တာပေါ့။ အဲဒါကလည်း ဖိအားတွေရှိတာပေါ့။ နောက်တစ်ခါ ၀တ္ထုကိုတာဝန်ယူပြီးရေးရတာဆိုတော့ ၀တ္ထုထက်လျော့ကျသွားရင်၊ ဖန်တီးမှုလျော့ကျသွားရင်ကိုယ့်အပြစ်ဖြစ်မှာ။ အချိန်တိုအတွင်းမှာဖန်တီးရတာဆိုတော့ အရမ်းတာဝန်ကြီးတယ်။ နောက် Press Show ပြတယ်။ ရုံတင်တော့ ပရိသတ်တွေကပြောလာတဲ့အခါ နည်းနည်းမျှော်လင့်တာပေါ့။

မေး – ၂၀၁၇ အကယ်ဒမီမှာ ဘယ်သူတွေကို အကယ်ဒမီရစေချင်လဲသိပါရစေ။

ဖြေ – ကျွန်တော်တို့က ဇာတ်ကားပေါင်းစုံကိုလည်း မကြည့်ခဲ့ရဘူး။ ကြည့်ခဲ့တဲ့ဇာတ်ကားတစ်ကားမှာဆိုရင် ခေါက်ထီးလေးမလုံ့တလုံ ဇာတ်ကားမှာ အေးမြတ်သူက တကယ့်ကိုမင်းသမီးပဲ။ သူ့ကိုတော့ တော်တော်ကြိုက်တယ်။ ဇာတ်သိမ်းပိုင်းလေးကိုလည်း ကြိုက်တယ်။ ကျော်ကျော်နဲ့ပြောတာတွေလည်း အရမ်းကောင်းတယ်။

မေး – ၂၀၁၇ အကယ်ဒမီရခဲ့မယ်ဆိုရင် ကြိုပြီးရင်ခုန်သံကိုလည်း သိချင်ပါတယ်။ အကယ်ဒမီပွဲတက်ဖို့ရောအစီအစဉ်ရှိလား။

ဖြေ – အခုအကယ်ဒမီစာရင်းထဲပါနေပြီဆိုတော့ ရင်ခုန်တာထက် ကိုယ့်ကိုယ်ကိုယ်ပြန်ဆုံးမနေရတယ်။ ရင်ခုန်နေလို့လည်းမရဘူး။ တကယ်လို့ မျှော်လင့်ပြီး အကြောင်းကြောင်းကြောင့် မရခဲ့ဘူးဆိုရင် ကိုယ်ပဲစိတ်ထိခိုက်ရမှာလေ။ အဲဒီတော့ဖြစ်လာလို့ မျှော်လင့်တာလောက်ပဲရှိတယ်။ သိပ်ပြီးဟဲဗီးတော့ မရှိဘူး။ မမျှော်လင့်ဘူးလားမမေးနဲ့ မျှော်လင့်လို့ရလို့မျှော်လင့်တာပေါ့လေ။ နို့မို့ဆိုရင်တော့ မမျှော်လင့်ပါဘူး။ အကယ်ဒမီပွဲကတော့ နှစ်တိုင်းတက်ဖြစ်ပါတယ်။

မေး – ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာအပြင် တခြားရုပ်ရှင်ကားတွေနဲ့ ဗီဒီယိုကားတွေမှာ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တဲ့အပိုင်းတွေရှိရင်လည်း သိချင်ပါတယ်။

ဖြေ – ဗီဒီယိုတစ်ကားပဲရှိတယ်။ အကျယ်ချုပ်ဆိုတဲ့ကားပါ။ ထိုက်စံမော့စ်၊ ခင်ဝင့်ဝါ၊ မေသဉ္ဇာဦး၊ သန်းသန်းစိုးတို့ပါဝင်ထားတဲ့ကားပေါ့။ ဒါပဲရှိတာ။

မေး – အရင်တုန်းက ရုပ်ပြကာတွန်းတွေရေးခဲ့တယ်လို့လည်းသိရတယ်။ အဲဒီရုပ်ပြတွေကိုရော ရုပ်ရှင်ပြန်ရိုက်ခဲ့တာတွေရှိလား။

အရင်တုန်းက လွင်မိုးတို့သရုပ်ဆောင်ထားတဲ့ နှင်းဆီဝိုင်ဇာတ်ကား။ ရုပ်ပြကာတွန်းနာမည်က သံမဏိရဲတိုက်ပေါ်မှာ စိမ်း။ အဲဒါကို ကိုမျိုးမင်းက ဝယ်ပြီးတော့ နှင်းဆီဝိုင်ဆိုပြီး ဇာတ်လမ်းပြန်ရိုက်ထားတာပါ။

-Ads-
-Ads-