အရာအားလုံးကိုဝါးမျိုသောမီး ဘာ့ကြောင့်မညစ်

တစ်ခါတုန်းက အမည်အားဖြင့် “ဘရီဂူ” ဟူသော ပဏ္ဍိတ်ကြီးတစ်ဦး ရှိခဲ့လေသည်။ သူသည် ကြီးကျယ်သော လူကြီး လူကောင်းတစ်ဦးအဖြစ် လူနှင့်နတ်ဒေ၀တာတို့က လေးစား ကြည်ညိုကြသည်။ လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်လည်း ဖြစ်ခဲ့ သည်။ သူသည် ဒေ၀ကျမ်းများစွာကို သင်ကြားခဲ့သည်။ သူသည် ခရီးအနှံ့အပျံ့သွားခဲ့သည်။ ကမ္ဘာလောကကြီး ခုနစ်ခုစလုံးကို ကြည့်မြင်အောင် သွားခဲ့ခြင်းဖြစ်သည်။

တစ်ကြိမ်တွင် သူ၏ခရီးစဉ်အတွင်း “ပဌာလ”သို့ ရောက်ခဲ့၏။ “ပဌာလ”သည် မြေအောက်ကမ္ဘာလောကဖြစ်သည်။ ထိုအရပ်တွင် “ဓဣယ” မည်သော နိုင်ငံရှိသည်။ အလွန်လှပသော ထိုတိုင်းပြည်သည် ပြောမပြနိုင်လောက်အောင် ချမ်းသာကြွယ်ဝ ကြ၏။ ထိုပြည်ရှိ ကျောက်များ၊ သဲများသည် အလွန်ရှားပါးသော ကြောင့် အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်သည်။ ထိုကြွယ်ဝ ချမ်းသာသောနိုင်ငံတွင် “အသုရ”တို့ နေကြသည်။ အသုရတို့နေ သော ထိုရွှေမြို့တော်မှာ ပြိုင်ဘက်ကင်းသော နေချင့်စဖွယ်တို့ဖြင့် ပြည့်ပြည့်နေ၏။

ပဌာလမြေအောက် ကမ္ဘာကြီးမှ လူများက ပဏ္ဍိတ်ကြီးကို လှိုက်လှဲစွာကြိုဆိုကြသည်။ သူ့အဖို့ မြင်မြင်သမျှ ဝမ်းမြောက်ပီတိဖြစ်စေသည်။ သို့သော် တစ်နေ့တွင် ထိုပဏ္ဍိတ်ကြီးသည် အလွန်တရာလှပသော အသုရသမီးပျိုကလေးတစ်ယောက်ကို တွေ့မြင်ခဲ့ရ၏ ။ ထိုမိန်းမပျိုလေးကိုတွေ့ရခြင်းမှာ သူ့အား ရူးသွပ်မတတ် စိတ်ကိုထိခိုက်စေလှ၏။ သူကလေးအား ချစ်လွန်း၍ ဆန္ဒတွေ ပြင်းပြလာသောကြောင့် ဖြစ်၏။

-Ads-
-Ads-

မိန်းမပျိုကလေးကား ဆံပင်နက်နက်၊ မျက်သားမျက်ဆန်နက်နက်နှင့်ရှိသလို သွယ်လျသေးသိမ်သောခါးလည်းရှိပြီး အရပ်မြင့်မြင့်ကလေးနှင့် ဖြစ်၏။ မျက်ဝန်းတို့က ကျယ်သည်။ မျက်လုံးသည် တောထဲက သမင်၏မျက်လုံးကဲ့သို့ တောက်ပနေ၏။ တောထဲက ကြည်လင်သောရေကန်ကဲ့သို့ ကြည်လင်လှပလှ သည်။ သို့နှင့် ပဏ္ဍိတ်ကြီးသည် မိန်းမပျိုအား မည်သူဖြစ်သလဲဟုမေး၏။ မိန်းမပျိုသည် တစ်ယောက်သောအသုရာနှင့် လက်ထပ်ရန် စေ့စပ်ကြောင်းလမ်းထားပြီးကြောင်း သိလိုက်ရ၏။ သူကလေး အားကြည့်နေစဉ်အတွင်းမှာပင် ပဏ္ဍိတ်ကြီးဘရီဂူသည် ချစ်ခင်စွဲလမ်းမှုများ ကြီးမားလာသည်။ သူ့အဖို့ ထိန်းသိမ်းရန် မတတ်နိုင်တော့ဘဲ ဖြစ်လာ၏။ သို့သော် သူသိလိုက်၏။ မိန်းမပျိုကလေးသည် သူ့အဖို့ ဘယ်တော့မှ မဖြစ်နိုင်တော့ပေ။ သူကလေးကား စေ့စပ်ပြီးလေပြီ။ အလွန်ခမ်းနားသော၊ မြင့်မြတ်သော ပဏ္ဍိတ်ကြီးသည် ငုပ်လျှိုးသွားလေပြီ။ အလွန်နိမ့်ကျသော၊ တန်ဖိုးမဲ့သော အပြုအမူကိုပြုလေပြီ။ ချောမောလှပသော ထိုမိန်းမပျိုကလေးကို သူသည် ခိုးယူပြေးလေပြီ။ ထို့နောက် သူ၏အိမ်ထဲတွင် မိန်းမပျိုကလေးကို ဝှက်ထားလိုက်တော့၏။

ယခုအခါ ထိုမိန်းမပျိုကလေးနှင့် လက်ထပ်တော့မည့် အသုရာလုလင်သည် ဝမ်းနည်းဖွယ်ကြုံရတော့သည်။ မိန်းမပျို ကလေး ပျောက်သွားလေပြီ။ လုလင်သည် ကမ္ဘာခုနစ်ရပ်အနှံ့ လိုက်ရှာပါသော်လည်း မိန်းမပျိုကလေးကို မတွေ့ရပေ။ နောက်ဆုံးတွင် အသုရာလုလင်သည် မီးနတ်ဖြစ်သော “အဂ္ဂနိ” ကို သွားသတိရ၏။ အဂ္ဂနိမီးနတ်သည် နေရာအနှံ့ရောက်သည်။ အားလုံးကို မြင်နိုင်၏။ အားလုံးကို သိနိုင်၏။ နောက်ပြီး မှန်ကန်သောစကားကိုလည်း ဆိုတတ်သည်။ သို့နှင့် လုလင်သည် “ငါ မီးနတ်မင်းဆီသွားမယ်၊ သူကတော့ ငါ၏ဇနီးလောင်း ဘယ်မှာရှာတွေ့နိုင်မလဲဆိုတာ သေသေချာချာပြောနိုင်မှာပဲ”ဟု ရေရွတ် လိုက်၏။

အသုရာလုလင်သည် အဂ္ဂနိနတ်မင်းထံ ရောက်သွားပြီး ငိုယိုလျက်ပြောပြသည်။ “အို…. တောက်ပထိန်လင်းနေသော နတ်မင်း….၊ သင်သည် နေရာတိုင်းသို့ရောက်ပြီး အရာရာကို မြင်တွေ့နိုင်စွမ်း၏။ သင်၏လျှာသည်လည်း မုသားမဆိုကြောင်း အားလုံးသိကြ၏။ ကျွန်ုပ်အား ပြောပြပါလော့။ ကျွန်ုပ်၏ အချစ် ဆုံးသော မိန်းမပျို အဘယ်အရပ်တွင် ရှိနေပါသနည်း။ ကျွန်ုပ်၏ နေ့များသည် လေးလံပင်ပန်းလှ၏။ ကျွန်ုပ်၏ညများသည် နာကျင် သောမျက်ရည်တို့ဖြင့် ပြည့်နေ၏။ ကျွန်ုပ်၏ဘ၀သည် အနားမရ၊ မငြိမ်းမချမ်း၊ ပျော်ရွှင်မှုကင်းမဲ့လှစွာ ကုန်ဆုံးနေရ၏။ ကျွန်ုပ်၏ နှလုံးသားသည် သောကတို့ဖြင့် ဖိစီးလေးလံလှပေပြီ။ ကျွန်ုပ်၏ မျက်လုံးအိမ်တွင် အတောမသတ်စီးယိုနေသော မျက်ရည်စများ ဖြင့် ပြည့်နေလေပြီ။ ပြောပြပါလော့….၊ အရှင်….ကျွန်ုပ် ချစ်သူမိန်းကလေး အဘယ်အရပ်မှာပါနည်း”

အဂ္ဂနိ မီးနတ်မင်းသည် ပူဆွေးနေသော လုလင်ငယ်အား သနားကရုဏာဖြစ်ပေါ်၍ ဤသို့ ဆို၏။

“အသင်ရှာဖွေနေသော ထိုမိန်းမပျိုကား “ဘရီဂူ”က ခိုးယူ ထွက်ပြေးကာ သူ၏အိမ်တွင် ဝှက်ကွယ်ထားလေသည်။ ထိုနေရာတွင် သင်သွားရှာပေတော့၊ တွေ့လိမ့်မည်”

အသုရာလုလင်သည် ဝမ်းမြောက်ဝမ်းသာဖြစ်လျက် ထွက်ခွာခဲ့၏။ သူသည် ဘရီဂူ၏အိမ်သို့ ရုပ်ဖျက်ကာ ဝင်ရောက် သွားလေသည်။ ထို့နောက် သူ့ရှေ့မှောက်သို့ အရောက်သွားလျက် “စိန်” ခေါ်လေတော့၏။

“အို….ဘရီဂူ….အခြားသူတစ်ယောက်၏ စေ့စပ်ပြီးသော မိန်းမပျိုကလေးအား ငမ်းငမ်းတက်လိုချင်လှရကား သင်သည် နိမ့်ကျသော အပြုအမူကို ပြုခဲ့လေပြီ။ သင် သင်ကြားခဲ့ သမျှသော ပညာအရာအားလုံးကား ဘာမျှမရှိ တော့ပြီ။ သင်သည် သာမန်သူခိုးတစ်ယောက်အလား ငုံ့လျှိုးသွားခဲ့လေပြီ။ သင့်အား အစားအသောက်နှင့် နေထိုင်စရာတို့ကိုပေးခဲ့သောသူတို့၏ အကာအကွယ်မဲ့သော သမီးပျိုကို ခိုးယူခဲ့လေပြီ မဟုတ်ပါလား။ သင့်မျက်လုံးတို့သည် မကောင်းမှုဖြင့် ပြည့်နေ၏။ အခြားသူပိုင် သောအရာကို တပ်မက်စိတ်ဖြင့်ကျရောက်ခဲ့လေပြီ။ ဤသို့ဆိုလျှင် သင်သည် အဘယ်သို့လျှင် အခြားသူတို့အား ရှေ့ဖြစ်နိမိတ်ဟောခြင်း၊ သင်ကြားပေးခြင်းများပြုတော့မည်နည်း။

“သင်ခိုးယူထားသော ကျွန်ုပ်၏ မိန်းမပျိုကို ပြန်ပေးလော့။ သင်၏အမည်သည် လူသားတို့နှင့် နတ်များအကြား နိမ့်ကျသော၊ သူရဲဘောကြောင်သော သူခိုးတစ်ယောက်အဖြစ်သာ တည်ရှိနေ ပေတော့မည်။ သင်အရှက်တကွဲ အမြဲဖြစ်နေပေတော့မည်။ မိန်းမပျိုကို ပြန်ပေးပါလော့။ သို့မဟုတ် မြင့်မြတ်မှန်ကန်သောတိုက်ပွဲဖြင့် သူမအား သင်ရယူနိုင်ပါမည်လော့”

ဘရီဂူသည် သူမှားယွင်းကြောင်းသိလျက် အသုရာလုလင် ၏ဒေါသဖြင့် ကြိမ်းမောင်းသော စကားလုံးများသည် သူ့အားရှုံ့မဲ့ ကာ စိတ်မချမ်းသာဖြစ်စေ၏။ မိန်းမပျိုလေးအား သူရဲဘောနည်းစွာ ခိုးယူခဲ့၏။ ယခုတော့ သူ့အဖို့ အသရေကင်းမဲ့ပြီ။ ဘရီဂူသည် မိန်းမပျိုကလေးကို အသုရာလုလင်ထံသို့ ပြန်ပေးလိုက်သည်။ သူတို့လည်း ပြန်ပေါင်းထုပ်သော ချစ်သူများအဖြစ် မြေအောက်ကမ္ဘာသို့ ပြန်သွားလေသည်။ ဘရီဂူသည် သူ၏လက်မောင်းလက်ရုံးကို ဝှေ့ယမ်းလျက် ဒေါသထွက်၍ အရှက်မဲ့သော သုန်သုန်မှုန်မှုန်မျက်နှာ ဖြစ်နေ တော့၏။ သူ၏ လျှို့ဝှက်စွာ ခိုးယူခဲ့သောဖြစ်စဉ်ကို အဘယ်သူ သည် သတင်းပေးခဲ့သနည်းဟု တွေးတောမိ၏။ အားလုံးကို မြင်၊ သိနိုင်သောသူမှာ “အဂ္ဂနိ”သာဖြစ်ကြောင်း သူသိသွားပြီး သူ့အား သစ္စာဖောက်ရပါမည်လောဟု ဒေါသဖြစ်လျက် အဆုံးမရှိသော စိတ်ဆိုးခြင်းကြောင့် အဂ္ဂနိအား အပြစ်ပေးရန် ဆုံးဖြတ်လိုက်လေသည်။

အဂ္ဂနိ၏သလွန်ရှေ့သို့ ဘရီဂူရောက်လာခဲ့သည်။ “အို…. စဉ်းလဲသော မိတ်ဆွေတု….၊ သစ္စာဖောက် မိတ်ဆွေတု၊ ငါ့အား သင်အရှက်ရစေပြီ။ ငါ၏လျှို့ဝှက်ချက်ကို ဖော်ပြခဲ့လေပြီ။ ငါ သင့်အား ကျိန်ဆိုပါအံ့။ ဤမှရှေ့တွင် သင်အဂ္ဂနိသည် ညစ်ပေ နေသော အရာဝတ္ထုအားလုံးကို ဝါးမျိုစားသောက်ရပါစေသော….”

အဂ္ဂနိသည် ထိတ်လန့်ဖွယ်သောစကားတို့ကို နားထောင်နေပြီး သူ၏တောက်ပနေသောမျက်နှာသည် ငြိမ်သက်၊ တည်ကြည်လျက်ဖြင့် ပြုံးလိုက်၏။ ထို့နောက် ဖြည်းညင်းစွာ ပြန်ကြားလိုက်၏။ “ဘရီဂူ….ကျွန်ုပ်အား သင်ဘာကြောင့် ကျိန်ဆဲရသနည်း။ မည်သူသည် မကောင်းမှု ပြုသူဖြစ်သနည်း။ သင်ပြု ခဲ့သောအပြုအမူကို ကြည့်ပါလော့။ အခြားသူနှင့် စေ့စပ်ထားသော မိန်းမပျိုကို မကောင်းသောတပ်မက်စိတ်ဖြင့် ထားခဲ့၏။ ထို့နောက် ခိုးယူခဲ့၏။ သင်မှန်ကန်ပါ၏လော။ သင်ကိုယ်တိုင် သူရဲဘော ကြောင်သူအဖြစ်ပြခဲ့လေပြီ။ သူ၏ မကောင်းမှု ဒုစရိုက်ပေတည်း။ အို…. ဘရီဂူ၊ သင်သိပါ၏လော။ ကျွန်ုပ် အဂ္ဂနိကား အမှား မပြုခဲ့။ ကျွန်ုပ်က မှန်သောစကားကို ပြောဆို၍ တစ်ဦးတစ်ယောက် သောသူ၏ သောကနှင့်ဒုက္ခကို ကူညီခဲ့ခြင်းသာ ဖြစ်၏။ သူ့ပိုင်ဆိုင် သူထံ ပြန်ရောက်အောင် ကူညီခဲ့ခြင်းဖြစ်၏။ ဤအမှုကား အကု သိုလ်လော။ ဘရီဂူ….သင်ကား ပညာရှိ၍ ဝေဒကျမ်းများစွာ ကို သင်ကြားခဲ့သူဖြစ်၏။ သင်၏နှလုံးသား၌ အမှန်ကိုရှာဖွေ၍ ဖြေကြားပါလော၊ အဘယ်သူသည် မကောင်းမှုပြုသူပါနည်း။ အဘယ်သူနည်း” ဘရီဂူသည် သူ့ဦးခေါင်းကို ညွတ်လိုက်၏။ အဂ္ဂနိ၏ တည်ငြိမ်၍ မတွန့်မဆုတ်သော မျက်လုံးများကို ရင်ဆိုင်ခြင်းငှာ မစွမ်းသာတော့ပေ။ သူသည် သာ အမှားပြုခဲ့သူဖြစ်ကြောင်းသိခဲ့၍ အဂ္ဂနိနှင့် မျက် နှာချင်းမဆိုင်ရဲပေ။ သူသည် ရှက်ရွံ့စွာဖြင့်.. .. “သင်ကား အမှန်စကားကို ဆိုသူတည်း။ အဂ္ဂနိ ….ကျွန်ုပ်သာ ဒုစရိုက်ကောင်ဖြစ်၏။ သူခိုးဖြစ်၏။ သူရဲဘောကြောင်သူဖြစ် ၏….” စသဖြင့် အသံတိုးတိမ်စွာဖြင့် ပြောဆိုနေလေ၏။

အဂ္ဂနိသည် တောက်ပစွာပြုံးလိုက်၏ ။ “သင်၏ ကျိန်စာကို သင်ပြန်ယူလော့၊ ဘရီဂူ”။ ထိုအခါ ဘရီဂူသည် မီးနတ်အား ပြန်ဖြေလိုက်၏။

“အစွမ်းထက်လှသော ရှေ့ဖြစ်စကား (ကျိန်စာ)ကို ပြန်ယူခြင်းငှာ မစွမ်းသာပါ။ အဂ္ဂနိ.. ..ကျွန်ုပ်သည် ကျိန်စာကို ဆုတောင်းအဖြစ် ပြောင်းလဲစေပါမည်။ ….အသင်မီးနတ် အဂ္ဂနိ ….သင်သည် အားလုံးသောအရာသည် သန့်ရှင်း သည်ဖြစ်စေ၊ ညစ်ပေနေသည်ဖြစ်စေ အားလုံးကို လောင်မြိုက် ဝါးမျိုနိုင်စေသော….သို့သော် သင်ကိုယ်တိုင်ကမူ အမြဲတမ်း သန့်ရှင်းစွာဖြင့် မညစ်မနွမ်းဘဲ စင်ကြယ်လျက်ရှိနေပါစေ သောဝ်….”

ဘရီဂူသည် အဂ္ဂနိအတွက် ကောင်းမွန်သော ကောင်းချီး စကားဆို၍ ထွက်သွားလေသည်။ ထိုကြောင့် အရာအားလုံးသည် မီးကိုမညစ်နွမ်းနိုင်။ အားလုံးတို့ကို မီးသည် သန့်စင်စေသည်။ စင်ကြယ်သွားစေတော့သည်။

(Shanta Rameshwar Rao \ Why Fire Cansumes all Things and Yet Remains Pure ကိုပြန်ဆိုသည်။)

-Ads-
-Ads-