ခြံစည်းရိုးကာခြင်းအပေါ် ဒေသခံများအားမရ ခိုင်မာသည့်တံတိုင်း တည်ဆောက်ပေးစေလို

နေပြည်တော်၊ မတ်-၁၂

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ ခြံစည်းရိုးများကာနေခြင်းကို ဒေသခံများ အားရမှုမရှိဘဲ ခိုင်မာသည့် တံတိုင်းပုံစံမျိုးကို နိုင်ငံတော် အစိုးရက တည်ဆောက်ပေးစေလိုကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက မတ် ၁၂ ရက်၌ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံ – သြစတြေးလျ နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာအား မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

-Ads-
-Ads-

“မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အခုလက်ရှိ ခြံစည်းရိုးကာနေတာကို ပြည်သူတွေက အားမရပါဘူး။ သူတို့က ဘာဖြစ်ချင်လဲဆိုလို့ရှိရင် ခြံစည်းရိုးအစား တံတိုင်းကာဖို့ သူတို့က တောင်းဆိုနေကြတာပါ။ ဘာဖြစ်လို့ ဒီလိုတောင်းဆိုနေလဲဆိုလို့ရှိရင် ဒီလိုမျိုးကာကွယ် ထားတယ်။ လုပ်ဆောင်နေတဲ့ကြားထဲကမှ ပြည်သူတို့ အသက်အိုးအိမ် ဆုံးရှုံးနေလို့ပဲဖြစ်ပါတယ်″ဟု ၎င်းကပြောဆိုသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ကမ္ဘာ့အသိုင်းအ၀ိုင်းကလည်း အလေးထားအာရုံစိုက် နေမှုများကို လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့် ရောထွေးမသုံးသပ်ရန် နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် ဖိအားပေးနေကြသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများကို လွှတ်တော်အနေဖြင့် တိုက်တွန်းသင့်ကြောင်း ၎င်းကပြောဆိုသည်။ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံ ဩသြစတြေးလျနိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာအား မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေး ထိုးနိုင်ရေးကိစ္စကို ထောက်ခံဆွေးနွေးခဲ့သည်။

-Ads-
-Ads-